Thursday, August 10, 2017

ဟိုပုံးမြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးသင်တန်းကျင်းပ

 တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ဦးဆောင်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးသင်တန်းကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၉) ရက်မှ (၁၀) ရက်နေ့အထိ (၂) ရက်သာသင်တန်းကျင်းပကြောင်းသိရသည်။

ဤသင်တန်းကျင်းပရခြင်းသည်  " ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းလျှော့ချရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၉) ယူနစ်၊ (၁၁) ရွာမှ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက လည်ပတ်ရံပုံငွေများကို ဖော်ဆောင်ရမှာဖြစ်ပြီး ရံပုံငွေသဘောတရားများကို နားလည်လာအောင် ငွေစာရင်းများ၊ ဆက်သွယ်ရမည့်ပုံစံများ၊ ကျေးရွာသူ/သားများ စည်းရုံးတတ်လာအောင် လုပ်ငန်းအပေါ် အခက်အခဲများမရှိအောင် သင်တန်းပေးခြင်း ဖြစ်ကြောင်း၊ ယခုရံပုံငွေသည် (၁) ယူနစ်တွင် သိန်း (၃၀၀)၊ (၉) ယူနစ်တွင် သိန်းပေါင်း (၂၇၀၀) သည် သက်ဆိုင်ရာကျေးရွာအကောင့်ထဲတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပြီး  ချက်လက်မှတ်ပေးအပ်ပွဲပြုလုပ်ပြီးမှ သာလျှင် မြစိမ်းရောင်ရန်ပုံငွေကို လည်ပတ်လို့ရမည်ဖြစ်ကြောင်း၊  ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်သည် စမ်းသပ်သည့်အနေဖြင့် (၁) ယူနစ်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်သည် (၁၁) ယူနစ်၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်သည် (၁၇) ယူနစ်၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်သည်  (၉) ယူနစ် စုစုပေါင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ  ဟိုပုံးမြို့နယ်အတွင်း (၃၈) ယူနစ် ချမှတ်ပေးခဲ့ကြောင်း " မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် ကပြောကြားကြောင်းသိရသည်။

" ကျေးလက်နေပြည်သူများ အရင်းအနှီးမရှိသူများ ၊ ဆင်းရဲနွမ်းပါးသူများဟာ  အလုပ်အကိုင်ကောင်းများ ၊ တိုးတက်မှုများကို လိုချင်နေကြတယ်။ ဒီမြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ချမှတ်ပေးမည်ဆိုတာ စိတ်ဝင်စားကြတယ်။  ကျွန်တော်တို့ရွာဟာ သိန်း(၃၀၀) ချပေးတယ်။ စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေး၊ သွင်းကုန်ထုတ်ကုန်များအတွက် အဓိကလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း" သင်တန်းတက်ရောက်သူ ခွန်ထွန်းရီ မှ ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းများသည်  ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအုပ်စု (၉) အုပ်စု၊ တက်ရောက်သူဦးရေ (၆၅) ဦး တက်ရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးဝန်ထမ်းများက သင်ကြားပို့ချပေးခဲ့ကြောင်းသတင်းရရှိပါသည်။

 ထွန်းလွင်၊ အိနြေ္ဒခမ်း
Powered by Blogger.