Tuesday, August 29, 2017

ဆတ်သေကျေးရွာတွင် ရွှေပအိုဝ်းစာကြည့်တိုက် တစ်နှစ်ပြည့်အခမ်းအနား စာပေဟောပြောပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်








ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာ၊ ဆတ်သေဘုန်းတော်ကြီးကျောင်းတွင် ဆတ်သေကျေးရွာလူငယ်များ ဦးဆောင်ပြီး ရွှေပအိုဝ်းစာကြည့်တိုက် တစ်နှစ်ပြည့်အခမ်းအနား စာပေဟောပြောပွဲကို သြဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ပအိုဝ်းသမိုင်းသုတေသီ အရှင်စန္ဒာဝရ (MA. Buddhism)၊ တောင်ကြီးမြို့နယ်၊ စာရေဆရာအသင်း/ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ ခွန်စိန်ဝင်း (မောင်းခွန်နွယ်)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ခွန်ကြည် တို့က ဟောပြောပေးခဲ့ပါသည်။

ထိုဟောပြောပွဲကျင်းပရခြင်းသည် "လူငယ်နှင့် မိဘပြည်သူများ စာဖတ်မှုအားကောင်းလာစေရန်၊ ရိုးရာဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးအင်္ဂါလက္ခဏာများ ထိန်းသိမ်းနိုင်စေရန်၊ ရွှေပအိုဝ်းစာကြည့်တိုက် ရေရှည်ရပ်တည်နိုင်စေရေးနှင့် တစ်နှစ်တကြိမ်ဟောပြောပွဲများ ကျင်းပနိုင်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများသည် စိုက်ပျိုးရေးကိုမှီခိုအားထားပြီး စာဖတ်မှုအားနည်းနေသည်သာမက စာကြည့်တိုက်သည်လည်း စာအုပ်/စာပေများ နည်းပါးပြီးပြည့်စုံမှုမရှိသောကြောင့် စာဖတ်မှုကို ပြန်လည်မြှင့်တင်ခြင်းအနေဖြင့် စာပေဟောပြောပွဲကိုကျင်းပရခြင်းဖြစ်ပြီး ယခုလိုကျင်းပပေးမှသာလျှင် မိဘပြည်သူများသည်လည်း အသိပညာတိုးပွားလာမည်ဖြစ်ကြောင်း" လူငယ်ဦးဆောင်သူ ခွန်ကျော်သူက ပြောကြားခဲ့ပါသည်။ ထိုဟောပြောပွဲကို ဆတ်သေကျေးရွာ လူငယ်များနှင့် မိဘပြည်သူများ (၁၀၀၀) ကျော်တက်ရောက်ကြောင်းသိရသည်။

မျင်းမိုရ်ခွန်

Powered by Blogger.