Saturday, August 19, 2017

တောင်ကြီးတွင် စီးပွားရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်



မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ရှမ်းပြည်နယ်) မှ ကြီးမှူးကျင်းပသော စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဒီကနေ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့၊ တောင်ကြီးမြို့၏ မြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအနေဖြင့် ပထမဆုံးကျင်းပသော အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်ချုပ်မှ အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းလက်လီရောင်းချသူများအသင်းမှ အလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ်ရှိ စီးပွားရေးဝါသနာရှင်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ရှမ်းပြည်နယ်) မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စီးပွားရေှး လက်လီလက်ကားရောင်းချခြင်းနှင့် ပတ်သက်၍ ဆရာဦးတင်ဇံကျော်က “ The Shaping The Future of Retail” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ ဦးသူရိန်ငြိမ်းက “ The Retail Environment” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)က “ မြန်မာနိုင်ငံ စီးပွားရေးအလားအလာနှင့်စိန်ခေါ်မှုများ” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း အသီးသီးဟောပြောသွားခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော စီးပွားရေးဝါသနာရှင်များက မိမိတို့သိလိုသော စီးပွားရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲတွင် ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ လက်လီလက်ကား ရောင်းဝယ်မှုပုံစံများ၊ လက်လီဆိုင်များဖွင့်ပါက သိထားသင့်သော ဗဟုသုတများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ပတ်သက်၍ ဟောပြောသွားခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်
Powered by Blogger.