Thursday, August 10, 2017

မင်္ဂလာအင်ကျူဗေးရှင်းစကူး(MIS)သင်တန်းဆင်းပွဲအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ် တက်ရောက်အားပေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်






နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်ရှိ မင်္ဂလာအင်ကျူဗေးရှင်း စကူး(MIS)ကျောင်းတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၊ (၁၀)ရက်နေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲနှင့်သင်တန်းပြီး မြောက်ကြောင်းလက်မှတ် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မင်္ဂလာအင်ကျူဗေးရှင်းစကူး(MIS)စကူး နယက ပြည်ထဲရေးဝန်ကြီးအငြိမ်းစား ဦးတင်လှိုင် ၊ မင်္ဂလာအင်ကျူဗေးရှင်းစကူး(MIS)စကူး Country Director Mr.Watanabe Jsuyashi ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်၊ မင်္ဂလာအင်ကျူဗေးရှင်း စကူး(MIS) ကျောင်း မှ သင်တန်းဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ရှေ့ဦးစွာ မင်္ဂလာအင်ကျူဗေးရှင်းစကူး(MIS)စကူး Country Director Mr.Watanabe Jsuyashi မှ အဖွင့်အမှာစကားပြောကြားပြီး ၊ မင်္ဂလာအင်ကျူဗေးရှင်းစကူး(MIS)စကူး နယက ပြည်ထဲရေးဝန်ကြီးအငြိမ်းစား ဦးတင်လှိုင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ် တို့မှ ကျောင်းသား/သူများအတွက် အားပေးတိုက်တွန်း စကားများပြောကြားကာ  မင်္ဂလာအင်ကျူဗေးရှင်းစကူး (MIS) စကူးကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/သူများက ဂျပန်၏ရိုးရာယဉ်ကျေးမှု ၊ ပုံပြင်၊ တေးသီချင်း စသည်များကို ဂျပန်ဘာသာစကားဖြင့် ပြောဆိုသရုပ်ဖော်ပြသခဲ့သည်။

၎င်းသင်တန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ စတင်ပြီး ပအိုဝ်း၊ ကရင်၊ မွန်၊ ဗမာ အခြားသော တိုင်းရင်းသားများလည်းပါဝင်ပြီး အထူးသဖြင့် တကယ့်လူနေမှုအဆင့်အတန်း နိမ့်ကျမှု၊ ဖွံ့ဖြိုးမှုလိုအပ်နေသည့်ဒေသမှ ကျောင်းသား/ သူများကို အဓိကဦးစားပေး ရွေးချယ်ခဲ့ကြောင်း လက်ရှိ သင်တန်းသားဦးရေ (၃၀)ဦး တက်ရောက် သင်ယူနေပြီး ကျောင်းသား/သူအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ၎င်းသင်တန်းကို ဆက်မတက်နိုင်ဘဲ ဒီနေ့သင်တန်းဆင်းပွဲမှာ သင်တန်းသား(၂၁)ဦးသာ တက်ရောက် နိုင်ခဲ့ကြောင်း သိရှိရသည်။

"ယခုပူးပေါင်းဆောင်ရွက်မှုဖြင့် MISမှ ခေါ်ယူသော လူငယ်များကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပအိုဝ်းလူငယ်များကို အသုတ်လိုက်ဖြင့် စုစည်းပြီး စေလွတ်ခဲ့တာဖြစ်ကြောင်း ၊ ပထမဦးဆုံးမှာ လုံခြုံရေး သင်တန်းသားများ ၊၂၀၁၆-၂၀၁၇ပညာသင်နှစ် သင်တန်းသားများကို စေလွှတ်ခဲ့ပြီး ယခုသင်တန်း တက်ရောက်ပြီး သင်တန်းဆင်းကြတော့မည့် ပအိုဝ်းလူငယ်များကိုရာခိုင်နှုန်းပြည့် ပညာသင်ထောက်ပံ့ကြေးများကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ယနေ့အချိန်တွင် အခွင့်အလမ်းဟူသမျှသည် လွယ်လင့်တကူ ရရှိသွားတတ်သည့် အရာများမဟုတ်သည်ကို လူငယ်များအနေနှင့် နားလည်သဘောပေါက်ပြီး မိမိတို့ရရှိသည့် အခွင့်အရေးနှင့် ထိုက်တန်မှုရရှိစေရန် ကြိုးစားအားထုတ်သင့်ကြောင်း ၊ သင်တန်းပြီးဆုံးတော့မည် ဖြစ်သော်လည်း မိမိဘ၀ရှင်သန်ရပ်တည်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရအုံးမှာဖြစ်ကြောင်း ၊ ဤနေရာမှာကောင်းမွန်သော အလုပ်အကိုင်ရရှိရေးဟာ မိမိ၏တစ်ကိုယ်ရေ အရည်အချင်းအပေါ် များစွာမူတည်နေသည်ကိုလည်း နားလည်ထားရမှာ ဖြစ်ကြောင်း ၊ ပအိုဝ်းလူငယ်များအနေနှင့် မိမိတို့ကိုယ်တိုင် စံပြဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားရမှာဖြစ်ကြောင်း ၊ ကျန်ရှိနေသော ပအိုဝ်းလူငယ်များအတွက် ရှေ့ဆောင်လမ်းပြပေးပြီး နောင်လူငယ်များအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် တည်ဆောက်ပေးနိုင်ရန် အရေးလှပါကြောင်း ၊ အခြားသော တိုင်းရင်းသားလူငယ်များကြားမျက်နှာပန်းလှအောင်လည်း အစဉ်ကြိုးစား သွားရမှာဖြစ်ကြောင်း " ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အတွင်းရေးမှူး (၃) ဦးခွန်တင်ထွဋ် အဖွင့်အမှာ စကားမှာ တိုက်တွန်းပြောကြားခဲ့သည်။

၎င်းသင်တန်းသည် ပညာအရည်အချင်း သတ်မှတ်ခြင်းမရှိဆိုပေမယ့် များသောအားဖြင့် တက္ကသိုလ်ဝင် တန်းအောင်သည့် ကျောင်းသား/သူများကို ရွေးချယ်စေလွှတ်ဖြစ်ခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ၎င်းသင်တန်းသည် ကျောင်းသား/သူများ (၉)ဦး ရွေးချယ်စေလွှတ်ခဲ့ကာ၊ ၎င်းသင်တန်းမစခင်အကြိုသင်တန်းမှာ (၃၀)ဦးကို စေလွှတ်ခဲ့ပြီဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူး ခွန်စောလွင်ထံမှ သိရှိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် လာမည့် စက်တင်ဘာလ (၁)ရက်နေ့ သင်တန်း ဒုတိယသုတ်အတွက် သင်တန်းသား(၁၀)ဦး ထပ်မံစေလွှတ်သွားမှာဖြစ်ပြီး ၎င်းသင်တန်းသားများသည် ရွေးချယ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ခွန်ခမ်းမိုးဦး
Powered by Blogger.