Friday, September 1, 2017

ချစ်စရာစိတ်ထားနှင့် စုပေါင်းလုပ်ဆောင်တတ်သောစိတ်ဓါတ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်


မိမိတို့ပအိုဝ်းတိုင်းရင်းသားသည် တောင်ကုန်းတောင်တန်းကိုဖက်၍ အသက်မွေးသူများ ဖြစ်ကြသည်။ တောင်ကုန်း-တောင်တန်းကိုခင်တွယ်သည့်တောင်တန်းပျော်များပီပီ ၎င်းတို့၏စိတ်နေသဘောထားမှာ ရိုးသားမှုကို အရင်းခံပေသည်။ ကျောင်းသင်ခန်းစာ စာအုပ်အတွင်း ပအိုဝ်းစကားပုံ တစ်ခုတွင် “ ကုန်းမြေမြင့်-ရေမတင်၊ ဂုဏ်မြင့်လျှင်-လူမခင်” ဟု ဆိုထားသကဲ့သို့ပင် ပအိုဝ်းတိုင်းရင်းသားတို့သည် ဥစ္စာပစ္စည်းကြောင့် ဂုဏ်မောက်ခြင်း၊ ပညာမာနကြီးခြင်း မရှိပေ။ စိတ်နေရိုးသားပြီး အလုပ်ကြိုးစားကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ပင်ကိုယ်ဗီဇမှာလည်း ရိုးသားပွင့်လင်း၍ခင်မင်တတ်ကြသည်။ ပျော်တတ်၊ ရွှင်တတ်၊ ရယ်စရာပြောတတ်ကြသည်။ မိမိတို့အချင်းချင်း ဟာသစကားဖြင့် တစ်ဦးကိုတစ်ဦး ကျီစယ်လေ့ရှိကြသည်။ ယင်းကြောင့်ပြဿနာဖြစ်လေ့မရှိတတ်။ ရယ်စရာစကားအဖြစ်ပြီးပြီးပျောက်ပျောက် သဘောထားတတ်ကြသည်။ ထိုသို့ပြောဆိုသူအား မိမိအလှည့်တွင် ဟာသစကားဖြင့် မည်သို့ပြန်လည်ပြောဆိုရမည်ကိုသာ အာရုံစိုက်ကြသည်။ အချင်းချင်းတစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း ခရီးလမ်းတွင်တွေ့ပါက နှုတ်ဆက်ကြသည်။ အခက်အခဲတွေ့လျှင်လည်း ကူညီပေးကြသည်။ ရှက်ကြောက်ခြင်း တည်လွန်းခြင်း မရှိ၊ ဖော်ရွေ၍လွယ်ကူစွာ ပေါင်းသင်းဆက်ဆံတတ်ကြသည်။ မိမိတို့အချင်းချင်းဖြစ်စေ အခြားတိုင်းရင်းသားများနှင့်ဖြစ်စေ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည်ပင်ကိုယ်အားဖြင့် ရဲ့ရင့်သူ၊ ကြံ့ခိုင်သူ၊ သတ္တိရှိသူများဖြစ်လင့်ကစား သူစိမ်းသူရံစာများရှေ့တွင် ရှိုးတိုးရှန့်တန့်ဖြစ်နေတတ်ကြသည်။ ဘာသိဘာသာနေတတ်ကြသည်။ ထိုအပြုအမူကားပအိုဝ်းအမျိုးသမီးများတွင် ပို၍တွေ့ရသည်။ လယ်ယာလုပ်သားများပီပီ စကားပြောရာ၌ လိုရင်းကို ဒဲ့ဒိုး ပြောဆိုတတ်ကြသည်။ စကားတန်ဆာဆင်လေ့မရှိချေ။

ဧည့်သည်ရောက်လာလျှင် နေရဲထိုင်ရဲအောင် ပွင့်ပွင့်လင်းလင်းပြောဆိုကြသည်။ ခရီးဦးကြို ပြုသည်မှအစ ဧည့်ဝတ်ကျေပွန်ကြသည်။ ဧည့်သည်များကိုလည်းရိုးရာအစားအစာများ ရေနွေးကြမ်းများဖြင့် ဧည့်ခံပြုစုကြသည်။ ဤသို့သောစိတ်ထားများကြောင့် ပအိုဝ်းတိုင်းရင်းသားများသည် အဝတ်အစားများကို နက်ပြာရောင်ဝတ်ထားသော်လည်း ဖြူစင်သောစိတ်ရှိကြသည်ဟု ဆိုကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် လုံ့လဝိရိယရှိကြသည်။ မနက်မိုးသောက်မှနေဝင်သည်အထိ ယောကျာ်းရော၊ မိန်းမပါလယ်ထဲ၊ ယာထဲ၊ ခြံထဲသို့သွားပြီး အားသွန်ခွန်စိုက်အလုပ်လုပ်ကြသည်။ အလုပ်ကိုလည်း အထူးတန်ဖိုးထားကြသည်။ အလုပ်ကိုပို၍ခင်တွယ်တတ်ကြပြီး အလုပ်လုပ်ခြင်းဖြင့် ဂုဏ်ယူတတ်ကြသည်။ မီးဖွားပြီးစအမျိုးသမီးများပင်လျှင် ရက်သားအရွယ်ရင်သွေးလေးကို ယာခင်းထဲသို့ ခေါ်ဆောင်ကာ အလုပ်လုပ်ကြသည်။

ပအိုဝ်းတိုင်းရင်းသားများသည် ဘာသာတရားကိုင်းရှိုင်းသူများပီပီ ခမ်းနားထည်ဝါသော ဘုန်းကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းကြသည်။ ကျောင်းသို့ ဆွမ်းစသည့်လှူဖွယ်ပစ္စည်းများ နေ့စဉ်ပို့ခြင်းစသည့် သံဃာတော်များ၏ ဝတ်ကြီးဝတ်ငယ်များကို ပြုလေ့ရှိကြသည်။ ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူများဖြစ်ရာ မိမိတို့စိတ်နေသဘောထားမှာလည်း ဘာသာတရားနှင့်နွယ်သော အကြင်နာတရား၊ မေတ္တာတရားများနှင့် ပြည့်ဝကြသည်။ မိမိတို့ကြိုးစားရှာဖွေလာသမျှဖြင့် တင့်တိမ် ရောင့်ရဲတတ်ကြသည်။ မိမိတို့ပအိုဝ်းလူမျိုးသည် ဘဝ၏စက္ကန့်အစိတ်အပိုင်း၊ မိနစ်အစိတ်အပိုင်းအားလုံးကို စိတ်လက်ပေါ့ပါးစွာ ကုန်လွန်စေလေ့ရှိသည်။ ဤသို့ ချစ်စရာ၊ မြတ်နိုးစရာကောင်းလှသည့် မိမိတို့ ပအိုဝ်းလူမျိုးတို့၏စိတ်နေသဘောထားကို ပအိုဝ်းလူမျိုး တိုင်းက လေးစားတန်ဖိုးထားပြီး ဆက်လက် ထိန်းသိမ်းဖော်ဆောင်သင့်ပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် အများနှင့်သက်ဆိုင်သော လုပ်ငန်းများ၊ တစ်ဦးချင်း (သို့မဟုတ်) အိမ်ထောင်စုတစ်စုချင်းနှင့် သက်ဆိုင်သောလုပ်ငန်းများတွင် ရွာသား/သူအားလုံးမခိုမကပ် တစ်ယောက်တစ်လက် ဝိုင်းဝန်းကူညီလုပ်ဆောင်ကြသည်။ ဤသို့စုပေါင်း၍ကူညီလုပ်သော ဓလေ့ကို ပအိုဝ်းလူမျိုးနေထိုင်သောကျေးရွာတိုင်းတွင် တွေ့မြင်နိုင်သည်။ ရပ်ရွာအတွင်း၌ပုဂ္ဂိုလ်တစ်ဦးဦး၏ မပြီးစီးနိုင်သော လယ်ယာလုပ်ငန်းများကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသည်။ လုပ်ငန်းရှင်/ခြံရှင်များကလည်း လာရောက်ကူညီသောလူများကို ထမင်းကျွေးခြင်း၊ ခေါင်ရည်တိုက်ခြင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။

အိုးသစ်အိမ်သစ်တည်ထောင်ဆောက်လုပ်လျှင်လည်း သစ်၊ ဝါးရှိသူက မရှိသူအား တတ်နိုင်သမျှ ပေးကမ်းကူညီကြသည်။ လိုအပ်သော သစ်၊ ဝါးများကို ဆောက်လုပ်မည့်နေရာအရောက် ဝိုင်းဝန်းသယ်ဆောင်ပေးကြသည်။ ဤသို့အပြန်အလှန်ကူညီခြင်းကို ပအိုဝ်းဝေါဟာရအရ “ မာ.ပဒေါ့” ဟုခေါ်ကြသည်။ “ မာ.ပဒေါ့” ဟူသည် “ အပြန်အလှန်ကူညီခြင်း” ဟု အဓိပ္ပာယ်ရသည်။ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ခြင်းငှါ မတတ်နိုင်၍အများ၏ကူညီမှုကို ရယူကာ ပြီးစီးအောင်ဆောင်ရွက်ကြသော ဓလေ့တစ်ခုလည်းဖြစ်ပေသည်။ မြန်မြန်ဆန်ဆန်ပြီးစီးရန် လိုအပ်သော ခြံပေါက်ခြင်း၊ ခြံရှင်းခြင်းစသော လုပ်ငန်းများတွင် “ မာ.ပဒေါ့” ဓလေ့ကို အသုံးပြုကြသည်။ ရပ်ရေး၊ ရွာရေး၊ သာရေး၊ နာရေးကိစ္စများတွင်လည်း စုပေါင်းလုပ်ဆောင်ကြသည်။ ဤသို့စုပေါင်းလုပ်ဆောင်ခြင်း၏အကျိုးကျေးဇူးများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းချစ်ခင်ရင်းနှီးမှု ရရှိလာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ကိစ္စတစ်ခု လျင်မြန်လွယ်ကူစွာ ပြီးစီးနိုင်ခြင်းစသည့် တန်ဖိုးမဖြတ်နိုင်သော ကောင်းကျိုးများစွာကို ရရှိနိုင်သည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် စုပေါင်းလုပ်ဆောင်မှုများ၌ ရေသာခိုခြင်းမရှိ၊ လူမှုရေးအသိစိတ်ဓါတ်ဖြင့် လုပ်ဆောင်ပေးကြသည်။ ကူညီကြသည်။ စုပေါင်းလုပ်ဆောင်မှု၌ ရေသာခိုသူသည် အများ၏ ဝိုင်းကြဉ်မှုခံရတတ်သည်။ ထိုသို့ဝိုင်းကြဉ်ခြင်း မခံရစေရန် ကြိုးစားနေထိုင် လုပ်ကိုင်ကြသည်။ သို့ဖြစ်၍ ပအိုဝ်းတိုင်းရင်းသားတို့၏ စုပေါင်းလုပ်ဆောင်ခြင်းဓလေ့သည် ပအိုဝ်းတို့၏ကောင်းမွန်သည့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာရောက်ပေသည်။

ထို့ကြောင့် ပအိုဝ်းလူမျိုးများအတွက် ချစ်စရာဓလေ့ထုံးတမ်းများနှင့် မွန်မြတ်လှပြီး တန်ဖိုးမဖြတ်နိုင်သော စိတ်နေစိတ်ထားများ ဆက်လက်တည်တံ့စေရန်ထိန်းသိမ်းကာ ခေတ်ကာလနှင့် လိုက်လျောညီထွေသော အတွေးသစ်အမြင်သစ်များနှင့် ကောင်းမွန်သော အသွင်လက္ခာဏာများကို ရွေးချယ်ကျင့်သုံးပြီး မိမိလူမျိုး၏ဂုဏ်အင်္ဂါလက္ခာဏာများကို မြတ်နိုးတန်ဖိုးထားကြပါရန် ဤဆောင်းပါးဖြင့် တိုက်တွန်းလိုပါသည်။

နန်းစိန်း (ပအိုဝ်းဒုံ အွံအား)
Powered by Blogger.