Monday, September 11, 2017

ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ တွဲလက်စီမံချက် အကြံပေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးပွဲတက်ရောက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် International Organization for Migration-IOM တို့ပူးပေါင်း၍ ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၈း၃၀)မှ ညနေ(၃း၃၀)နာရီအထိ နေပြည်တော် သင်္ဂဟဟိုတယ်၌ တွဲလက်စီမံချက်အကြံပေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဥက္ကဋ္ဌဦးအောင်ခင်၊ တွဲလက်စီမံကိန်း စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် International Organization of Migration-IOM မှ Chief of Mission, Mr.Akio Nakayama တို့က အမှာစကားပြောကြားခဲ့ပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီမှ ကိုယ်စားလှယ်များ၊ တွဲလက်စီမံချက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ မွန်အမျိုးသမီးအဖွဲ့၊ Dry Zone အဖွဲ့၊ PGMF အဖွဲ့နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၏ရည်ရွယ်ချက်မှာ ဒေသအသီးသီးမှ မိတ်ဖက်အဖွဲ့အစည်းများ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကောက်ယူခဲ့သည့် Baseline Study မှရရှိခဲ့သော ရလဒ်များကိုရှင်းလင်းတင်ပြရန်နှင့် တွဲလက်စီမံချက်မှ မိတ်ဖက်အဖွဲ့အစည်းအသီးသီး ကွင်းဆင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကိုဆွေးနွေးညှိနှိုင်းပြီး စီမံချက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်မှ ရွှေ့ပြောင်းသွားလာခြင်းဖြစ်စဉ်သည် ကမ္ဘာ့အနှံ့အပြားတွင်ဖြစ်ပေါ်လျက်ရှိပြီး ကောင်းမွန်သည့် ရွှေ့ပြောင်းသွားလာခြင်းဖြစ်စေရန် ရွှေ့ပြောင်းသွားလာမှုမှ ရရှိသည့် ဆိုးကျိုးများ လျော့နည်း စေရန်သက်ဆိုင်သူအားလုံး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ရွှေ့ပြောင်းသွားလာခြင်းမှ မိသားစုစားဝတ်နေရေးပြေလည်စေခြင်း၊ ကလေးများအား ပညာရေးထောက်ပံ့ပေးနိုင်ခြင်း၊ လူနေမှုဘ၀မြင့်မားစေခြင်း စသည့်ကောင်းကျိုးများရရှိနိုင်သကဲ့သို့ မမျှော်မှန်းနိုင်သည့် ဆိုးကျိုးများ ကြုံတွေ့နိုင်ကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေပြီး အခက်အခဲတွေ့ကြုံပါက ဆက်သွယ်တိုင်ကြားနိုင်သည့် Complaints Mechanism Center ကိုနေပြည်တော်နှင့်ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားပြီး တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေ့ပြောင်းသွားလာမှုများပြားသည့် မြို့များတွင် IOM နှင့် ILO တို့၏ အကူအညီဖြင့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများဖွင့်လှစ်ထားပြီး အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ မိမိနယ်မြေဒေသတွင် လုပ်ငန်းလုပ်ဆောင်ပြီးစီးမှုများ၊ ကြုံတွေ့ရသောအခက်အခဲများ၊ အခွင့်အလမ်းများ၊ အောင်မြင်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တွဲလက်စီမံချက် အကြံပေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးပွဲ ပြန်လည်ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

နေဇော်
ကိုးကား - မြန်မာ့အလင်း
Powered by Blogger.