Tuesday, September 12, 2017

ပတ်ဝန်းကျင်၏ဆွဲဆောင်မှုနှင့် ပြောင်းလဲတတ်သောလူငယ်တို့၏စရိုက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်


ယနေ့ခေတ်လူငယ်များသည် ပတ်ဝန်းကျင်တို့၏ ဆွဲဆောင်မှုကြောင့် အကျင့်စရိုက်များပြောင်းလဲခံရမှုသည် ပြဿနာတစ်ခုဖြစ်ပါသည်။ လူငယ်သည် အပေါင်းအသင်း ခင်မင်မက်မောတတ်ပြီး သူတို့၏ပတ်ဝန်းကျင်တွင် မျက်စိကန်း၊ နားကန်းပျော်မွေ့တတ်ကြသည်။ လူငယ်တို့သည် ပတ်ဝန်းကျင်ပေါင်းစုံ အခြေအနေပေါင်းစုံမှ စုဝေးပေါင်းစည်းလာသူများ ဖြစ်၍ စဉ်းစားဆင်ခြင်မှု အားနည်းသည်နှင့်အမျှ အပေါင်းအသင်းနှင့် ပတ်ဝန်းကျင်မှ စရိုက်များ ပြန့်ပွားကူးစက်ပြောင်းလဲတတ်ပေသည်။

ထိုသို့ “စရိုက်”ဟုဆိုရာတွင် ကောင်းသောစရိုက်ရှိသကဲ့သို့ ဆိုးသောစရိုက်လည်းရှိပါသည်။ ကောင်းသောစရိုက်သည် ပြန့်နှံ့ရန်မလွယ်ကူသော်လည်း ဆိုးသောစရိုက်သည် ပြန့်နှံ့ရန်လွယ်ကူပါသည်။ လူငယ်တို့၏ သဘာဝသည် အသစ်အဆန်းကိုမြင်လျှင် လက်ခံတတ်ခြင်း၊ လွင့်မျောတတ်ခြင်း၊ စူးစမ်းတတ်ခြင်းစသည်ဖြင့် တစ်ဦးကပြုကျင့်သည်ကို အခြားတစ်ဦးက တုပတတ်ခြင်းစသော အလေ့အကျင့်များ ရှိတတ်ပေသည်။ ထို့ကြောင့် ဆင်ခြင်ဉာဏ်နည်းသော လူငယ်တို့မှာ စရိုက်ဆိုးများ ရှင်သန်ပေါက်ဖွားခြင်းများ ဖြစ်တတ်ပါသည်။

လူငယ်တို့သည် မိမိတို့ စိတ်လွတ်ကိုယ်လွတ်လုပ်သမျှကို ကောင်းသည်၊ တရားသည်ဟု ထင်မြင်ယူဆတတ်ကြပေသည်။ တစ်ဖက်သားကို မည်သို့ခံရခက်သည်ကို မစဉ်းစားပေ။ သူတစ်ပါးဒုက္ခရောက်နေသည်ကို အပျော်သဘောဟု မှတ်ယူတတ်ကြသည်။ ထိုသို့ပြုလုပ်သည်ကိုပင် သူရဲကောင်းကြီးတစ်ဦး စစ်အောင်ပွဲခံရသကဲ့သို့ ပီတိဖြစ်တတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ လူငယ်များ ထိုသို့ပြုကျင့်သော စရိုက်မျိုးကို အကောင်းထင်၍ အခြားတစ်ယောက်ကပြုမူလျှင် ပတ်ဝန်းကျင်ကဝိုင်းပြီး လက်ခုပ်သြဘာပေးကြသည်။ တခါတရံလူ့လောကထဲတွင် သူတစ်ပါးမည်သို့နစ်နာပါစေ၊ မိမိသာယာနေလျှင် ကောင်းသည်ဟူသော အယူအဆပင် ဝင်လာတတ်လေသည်။

လူငယ်တို့သည် အပေါင်းအသင်းများအပေါ်တွင် ညီအစ်ကိုမောင်နှမများထက်ပင် ခင်တွယ်တတ်ပေသည်။ အကျင့်စာရိတ္တကောင်းသူ ဟုတ်မဟုတ် မစီစစ်သေးဘဲ ရင်းနှီးခြင်း၊ သံယောဇဉ်တွယ်မိနေခြင်း အလုံးစုံပုံ၍ ခင်တွယ်လိုက်ခြင်းကြောင့် ခွဲခွာရခက်တတ်ပေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ဝေဖန်သုံးသပ်၍ ဆွဲဆောင်ခြင်း မခံရအောင် လူငယ်တို့အတွက် မရှိမဖြစ်လိုအပ်သည်မှာ အရည်အချင်းပင်ဖြစ်ပါသည်။ လူငယ်တို့သဘာဝသည် ယောင်္ကျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အပေါင်းအသင်းများနှင့် အပြင်အလွန်ထွက်ခြင်း၊ သွားခြင်းသည် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ လူဆိုသည်မှာ တစ်ယောက်မလုပ်ရဲသောအလုပ်ကို အပေါင်းအသင်းနှင့် လုပ်ရဲတတ်လေသည်။ တစ်ယောက်နှင့် တစ်ယောက်ပြိုင်ရာမှဖြစ်စေ၊ မခံချင်၍ အရွဲ့တိုက်ရာမှ ဖြစ်စေ၊ တုံ့ပြန်မှုရှိရမည်ဟူ၍ အချင်းချင်းဆွဲဆောင် ချောက်တွန်း၍ဖြစ်စေ၊ မလိုလားအပ်သောအရာတို့ကို ကျူးလွန်မိတတ်လေသည်။

အပေါင်းအသင်းထဲတွင် အရက်သေစာသောက်တတ်သူ၊ လောင်းကစားများလုပ်တတ်သူ၊ အပျော်အပါးလိုက်စားတတ်သူ တစ်ဦးတစ်ယောက်ပါရှိနေမည်ဆိုလျှင် မကြာမီတွင် ကျန်သူများကို ကူးစက်သွားတတ်ပေသည်။ ကောင်းသောပတ်ဝန်းကျင်တွင် စရိုက်ဆိုးသူတစ်ဦးတစ်ယောက်သည် သူ၏စရိုက်အကောင်းဘက်သို့ပြောင်းလဲသွားခြင်းမှာ နည်းပါးပေသည်။ အများနှင့် တစ်ယောက်ဖြစ်၍ တစ်ယောက်က အင်အားနည်းသဖြင့် အလျော့ပေးကာ စရိုက်ကိုပြင်သွားလိမ့်မည်ဟု သဘောတရားအရ တွေးဆနိုင်သော်လည်း လက်တွေ့တွင် မကောင်းသူတစ်ယောက်ကို အများက မပြုပြင်နိုင်ဘဲ အများကသာ မကောင်းမှု နောက်ကို လိုက်လာတတ်ကြပေသည်။ ထိုစရိုက်မကောင်းသူသည် သူကအလျော့ပေးပြုပြင်မည့်အစား အများကို သူကဆွဲဆောင်၍ လမ်းမှားသို့ ပို့ဆောင်တတ်ကြပေသည်။

ထို့ကြောင့် လူငယ်တစ်ယောက်သည် မိမိပတ်ဝန်းကျင်အပေါ်တွင် ကောင်းသောစရိုက်များ လွှမ်းမိုးအောင်သာ ကြိုးစားပြုမူနေထိုင်ရမည်ဖြစ်သည်။ ဆိုးစရာရှိလျှင် မိမိတစ်ယောက်သာဆိုးစေ၍ အခြားသူများသို့ ကူးစပ်ပြန့်နှံ့စေရန် မပြုသင့်ပေ။

လူငယ်တို့၏ အကျင့်စရိုက်ပြောင်းလဲမှုဆိုရာဝယ် ပတ်ဝန်းကျင်ဆွဲဆောင်မှုသည် စရိုက်ကောင်းဖြစ်စေ၊ စရိုက်ဆိုးဖြစ်စေ အလိုအလျောက် ကိန်းအောင်းဝင်လာတတ်ပေသည်။ အမြင်၊ အကြား၊ အသိတို့နှင့် ဆက်စပ်၍ ဝင်ရောက်လာတတ်သည်သာ ဖြစ်သည်။ အရက်သောက်သည်ကို မြင်ဖူး၍ အရက်အရသာအကြောင်းကို သိရှိမှသာလျှင် အရက်ကို စွဲလန်းသောက်စားမိပေသည်။ ထို့သို့သော အခွင့်အလမ်းမျိုးမှာ တစ်ယောက်တည်းနေရာမှ မရတတ်ဘဲ အပေါင်းအသင်းများမှသာ ရနိုင်ပေသည်။ လူငယ်တို့အပေါင်းအသင်းမမှားစေရန် အုပ်ထိန်းသူများအနေဖြင့် အခါအားလျော်စွာ စောင့်ကြည့်သင့်ပေသည်။ လူငယ်တို့အတွက် အပေါင်းအသင်းနှင့်သာ အချိန်မကုန်စေဘဲ အခြားဝါသနာပါသည့်လုပ်ငန်း၊ အကျိုးပြုစေမည့် လုပ်ငန်းတို့ကို ရှာဖွေဖန်တီးပေးရန် လိုအပ်ပေသည်။ ထို့ကြောင့် လူငယ်တို့သည် အပေါင်းအသင်းကို မလိုအပ်ပါက ဆန့်ကျင်ဖယ်ခွာနိုင်စွမ်းသော သတိရှိရပေမည်ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

ဆာ;မူ;ပေ;(စန္တာ;ခမ်း)
Powered by Blogger.