Saturday, September 16, 2017

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ ဟိုပုံးမြို့နယ် ဆိုက်ခေါင်ဒေသမှ လူထုများနှင့်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်






ရှမ်းပြည်နယ်၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ က ဟိုပုံးမြို့နယ်၊ ဆိုက်ခေါင်ဒေသမှ  လူထုများနှင့်  ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့၌ ဆိုက်ခေါင် ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

 ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းဒေသသည် ငြိမ်းချမ်းရေးကာလတွင် လည်းကောင်း၊ လွတ်တော်သက်တမ်း (၂) ကြိမ်အတွင်း သော်လည်းကောင်း လူထုအတွက်လိုအပ်သောကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးစားခဲ့ပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ဆက်စပ်သည့် အခြားမြို့နယ်များ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တတ်နိုင်သလောက်လုပ်ဆောင်နေကြောင်း၊  အစိုးရဌာနဆိုင်ရာများတွင် ပအိုဝ်းလူမျိုးများအနေဖြင့် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ပအိုဝ်းတစ်မျိုးသားလုံးအတွက် လိုအပ်သော ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို လူတိုင်းကြိုးစားအားထုတ်မှ ရရှိလာမည်ဖြစ်ကြောင်း၊    ကျေးရွာရှိပြည်သူလူထုများ အချင်းချင်း စည်းလုံးညီညွှတ်မှုရှိရန်လိုအပ်သလို  ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာပုဂ္ဂိုလ်များထံ တင်ပြတောင်းခံရန်လိုအပ်ကြောင်း၊   ပအိုဝ်းလူမျိုးများသည် ဦးဆောင်သူ၏စကားကိုအလေးနက်ထားပြီး ဦးဆောင်သူ၏လမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက် သောကြောင့် ကျေးရွာတိုင်းတွင် မူလတန်းကျောင်းများ၊ ကျေးရွာအုပ်စုတစ်အုပ်စုတွင် မူလွန်ကျောင်းများ၊ မြို့နယ်တစ်မြို့နယ်အတွင်း အထက်တန်းကျောင်းများ  ရှိလာအောင်  ဦးဆောင်သူများ၏လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နိုင်သဖြင့် ပအိုဝ်းဒေသသည် မျိုးဆက်သစ်ပညာတတ်လူငယ်များ များပြားလာပြီဖြစ်ကြောင်း အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ က ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို  ဒေသခံပြည်သူလူထု (၂၀၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းနေင်းဟွမ်အွီး

Powered by Blogger.