Monday, September 25, 2017

ရပ်စောက်မြို့နယ်၊ ဆတ်သေဘုန်းတော်ကြီးကျောင်းတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်



 


၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်တွင် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆတ်သေဘုန်းတော်ကြီးကျောင်းတွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)(ခမ်း၊နယ်၊အွိုင်း)အဖွဲ့မှ ဒေသခံပြည်သူလူထုများအား ကွင်းဆင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားကို အထူးဒေသ(၆)မျင်းမိုရ်းခမ်း၊ ခမ်းဗွေးဖြားဆရာခေါင်မှ အဖွင့်အမှာစကားပြောကြားပြီး (PNA)အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဖြားတန်ခွန်ပီတာထွန်းနိုင်မှ" မိမိတို့ရပ်ရွာဒေသလုံခြုံရေး၊ စည်းလုံးညီညွတ်ရေးတို့အတွက် ရွာစောင့်များလိုအပ်ကြောင်း၊ တာဝန်ကျသော ရွာစောင့်ပုဂ္ဂိုလ်အသီးသီးကလည်း မိမိကျရာတာဝန်အခန်းကဏ္ဍများကို တာဝန်ကျေကျေပွန်ပွန် ဆောင်ရွက်ကျရန်၊ အထက်အောက်လူကြီးများနှင့် အပြန်အလှန်သတင်းပေးရယူမှု အချိတ်အဆက်မပြတ်စေရန်၊ မိမိတို့ပအိုဝ်းအမျိုးသားအဖွဲ့သည် ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ရပ်ရွာဒေသအတွက် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံစသည့် လူမှုစီးပွားဖွံဖြိုးရေးကဏ္ဍများလုပ်ဆောင်လာနိုင်ခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်ကိုလည်း အကျိုးခံစားခွင့်ရပြီး ၎င်းရရှိပြီးသားကိုလည်း ပိုမိုတည်မြဲအောင် ဆက်လက်ထိန်းသိမ်းဖို့လိုအပ်သည်"ဟု ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဖြားခွန်ရာမမှ အချင်းချင်းစည်းလုံးညီညွတ်မှုလိုအပ်သည့် အကြောင်းအရာများ၊ အထူးဒေသ(၆)မျင်းမိုရ်းခမ်း၊ (ရန်းကင်ဝေင်နယ်း)ဥက္ကဋ္ဌ ဖြားခွန်ဝင်းစိန်မှ မိမိတို့လူမျိုးများခေတ်နောက်ကျကျန်မည်စိုးရိမ်သော အကြောင်းကိစ္စရပ် မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ အသိပညာအတတ်ပညာဗဟုသုတများလိုအပ်ကြောင်းစသည့် အသိပညာပေးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ စည်းရုံးရေးဌာနမှူး နန်းခမ်းဗွာမှ လူငယ်နှင့် နိုင်ငံရေးအကြောင်း၊ ဘွဲ့ရလူငယ်များကို အစိုးရဌာနဆိုင်ရာအသီးသီးတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ကြရန်နှင့် လေ့ကျင်းပညာပေးရေးဌာန ခွန်ကျော်မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုတာဝန်များကို ရှင်းလင်းတင်ပြခြင်း၊ အထူးဒေသ(၆)(ရန်းကင်ဝေင်နယ်း)အမှုဆောင် ဖြားခွန်စန္တားမှလည်းကောင်း မျင်းမိုရ်းခမ်း၏ လိုက်နာရမည့် စည်းကမ်းချက်တာဝန်များကို ဖတ်ကြပေးသည်နှင့် ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဋ္ဌ ခွန်စံသိန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုလူထုတွေ့ဆုံပွဲသို့ အထူးဒေသ(၆)မျင်းမိုရ်းခမ်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ (PNA)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ယမ်းတွင်းကျေးရွာအုပ်စုမှ ဒေသခံရပ်မိရပ်ဖ စုစုပေါင်း လူဦးရေ(၅၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခမ်းရား
Powered by Blogger.