Tuesday, September 26, 2017

"မိမိတို့ လူမှုဘဝဖွံဖြိုးတိုးတက်၊လုံခြုံမှုရှိလာနိုင်ရန် ပအိုဝ်းလူမျိုးအမျိုးသား၊ အမျိုးသမီးတိုင်း မှတ်ပုံတင်ပြုလုပ်ထားရှိရန်လိုအပ်ကြောင်း" ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဖြားခွန်ရာမ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်







၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ဖက်ကွံကျေးရွာအုပ်စု၊ ဂနိုင်ရွေးကျေးရွာအုပ်စုတို့ ငိုမွူးဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)(ခမ်း၊နယ်း၊အွိုင်း)အဖွဲ့မှ လူထုကို တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဖြားခွန်ရာမ ပြောကြားရာတွင်"အိမ်တစ်အိမ်ကစပြီး ကျေးရွာ၊ မြို့နယ်၊ ဒေသ၊ နိုင်ငံတစ်ခုလုံးအထိ အချင်းချင်းညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိရန်လိုအပ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများသည် တစ်ဦးချင်း အကျင့်စာရိတ္တ၊ စိတ်ဓာတ်များ၊ အကျင့်ဆိုးများပြုပြင်ဖို့လိုအပ်ကြောင်း၊ အနာဂါတ်ဖြစ်တည်လာမည့် ဖက်ဒရယ်ပြည်ထောင်စုနှင့်အညီ ခြေလှမ်းဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း"ပြောကြားခဲ့ပါသည်။ ထို့နောက် "မိမိတို့လူမှုဘဝဖွံဖြိုးတိုးတက်၊ လုံခြုံမှုရှိစေရန် လူတိုင်းမှတ်ပုံတင်ပြုလုပ်ထရန်လိုအပ်၊ မှတ်ပုံတင်ရှိမှသာ မိမိတို့ရည်မှန်းသော အန္တိမရည်ရွယ်ချက်သို့ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ လုံခြုံရေးကိစ္စပြောကြားရာတွင် တစ်ဦးချင်းလုံခြုံရေးမှ မိသားစု၊ ရပ်ရွာဒေသအမျိုးသားတစ်ခုလုံး လုံခြုံရေး လိုအပ်သလို တစ်ဦးတစ်ယောက်ချင်းစီကလည်းတာဝန်ယူကြရန်လိုအပ်ကြောင်း၊ အမျိုးသမီးအခန်းကဏ္ဍပြောကြားရာတွင် မိမိတို့ပအိုဝ်းလူမျိုးများမှာ ယခင်က အမျိုးသားရေးလှုပ်ရှားမှုတွင် အမျိုးသားအမျိုးသမီးခွဲခြားမှုရှိခဲ့ခြင်းကြောင့် ၎င်းအခြေအနေကြောင့် ပါဝင်မှုအားနည်းခဲ့ကြောင်း၊ ရှေ့ဆက်ပစ္စုပ္ပန်အနာဂါတ်တွင် အမျိုးသားရေးလှုပ်ရှားမှုတွင် အမျိုးသမီးများ ပိုမိုပါဝင်လှုပ်ရှားရန်လိုအပ်ကြောင်း၊ ပြည်သူနှင့် တပ်မတော်လည်း ချစ်ချစ်ခင်ခင် အပြန်အလှန်လေးစား ဂုဏ်ယူတတ်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့ဒေသ မိမိတို့ရပ်ရွာအေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း "ထပ်လောင်း အကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ခွန်အေးမောင် ပြောကြားရာတွင် ရပ်ရွာဖွံ့ဖြိုးတိုးတက်မှု၊ သွားလာနေထိုင်မှုများအကြောင်း ပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ စည်းရုံးရေးဌာန၊ ဌာနမှူး နန်းခမ်းဗွာသည်လည်း "အမျိုးသားရေးလုပ်ပိုင်ခွင့်ကိုပိုမိုရရှိရန်၊ လုပ်ပိုင်ခွင့်ရသော အစိုးရဌာနအသီးသီးတွင် ပါဝင်ဆောင်ရွက်ကြရန်၊ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးရာတွင် အဖွဲ့အစည်းပေါင်းစုံနှင့် ပြည်သူလူထုများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းမှန်သမှကို မိဘပြည်သူနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)(ခမ်း၊နယ်း၊အွိုင်း)တို့ အတူတကွ ပူးပေါင်းလက်တွဲအကောင်အထည်ဖော်မှသာ အောင်မြင်မှု ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေကျင့်ပညာပေးရေးဌာန ခွန်ကျော်မှ "ပအိုဝ်းအမျိုးသားပဖွဲ့ချုပ်(PNO)ပါတီ နိုင်ငံရေးလှုပ်ရှားမှုအကြောင်းအရာများ၊ ဌာနဆိုင်ရာတစ်ခုချင်းစီ၏ လုပ်ငန်းတာဝန်ဝတ္တရားများ ရှင်းလင်းပြောကြားကာ (ရန်းကင်ဝေင်နယ်း)အမှုဆောင် ဖြားခွန်စန္တားမှ အထူးဒေသ(၆)မျင်းမိုရ်းခမ်းဒေသ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောကြားပြီး၊ နောင်လေကျေးရွာအုပ်စု ဥက္ကဋ္ဌ ခွန်ထွန်းဝီမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ နောင်လေကျေးရွာအုပ်စု၊ ဖက်ကွံကျေးရွာအုပ်စု၊ ဂနိုင်ရွေးကျေးရွာအုပ်စု၊ (PNO)မျင်းမိုရ်းခမ်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ (PNA)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ (၅၀၀)ကျော် တက်ရောက်ခဲ့ပါသည်။

နန်းခွရှူး
Powered by Blogger.