Thursday, September 7, 2017

မကောင်းမှန်းသိလျှင် ရပ်ဖို့ကြိုးစား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်


လူတိုင်းသည်အကျင့်ကိုယ်စီ၊ ဝါသနာကိုယ်စီ၊ ရည်ရွယ်ချက်ကိုယ်စီနှင့် အိပ်မက်ကိုယ်စီရှိ ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ၎င်းအရာတို့ကို မိမိကိုယ်တိုင်လုပ်ဆောင်မှ အထမြောက်သည်မှာ လက်တွေ့ကျပါသည်။ လုပ်ဆောင်မှုတိုင်းတွင် အဆိုးနှင့်အကောင်းအမြဲဒွန်တွဲနေတတ်သည်။ မိမိကိုယ်တိုင်စတင်ခြင်းမှ ဖြစ်ပေါ်လာနိုင်သည့်အောင်မြင်မှုမျိုးသည် လူတိုင်းအတွက်ပြောင်းလဲနိုင်သည့် အခွင့်အရေးပင်ဖြစ်သည်။
အိပ်ယာစောစောထပြီး စောစောအိပ်ယာဝင်တတ်ခြင်း(သို့မဟုတ်) ညဥ့်နက်မှအိပ်ပြီး နောက်ကျမှ ထတတ်မှုသည် လုပ်ယူလို့ရသည့်အရာ တစ်နည်းအားဖြင့် အလေ့အထ(အကျင့်)လို့ ခေါ်နိုင်သည်။ ပြုပြင် ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့် သူတစ်ပါး၏သဘောထားကိုမမေးပဲ စာအုပ်ဌားခြင်း၊ သုံးစွဲခြင်းပြုလုပ် တတ်သည့်လူတစ်ဦးသည် အချိန်ကြာလာသည်နှင့်အမျှ အကြိမ်အရေအတွက်များလာသည့်အတွက် အကျင့်တစ်ခုဖြစ်လာနိုင်သည်မှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း သတိပြုမှုအားနည်းတတ်ကြသည်။

ထိုသို့ပြုလုပ်မှုသည် မပြောပလောက်သည့်အရာဟု ထင်မှတ်တတ်ကြသော်လည်း စာအုပ်မှအပ အခြားမပြောနိုင်အောင်များပြားလှသည့် လူ့အသုံးအဆောင်ပစ္စည်းများရှိသည်ကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း သတိထားဆင်ခြင်ရန် လိုအပ်လာပါသည်။ သူငယ်ချင်းအချင်းချင်းစကားပြောဆိုရာတွင် စချင်၊ နောက်ချင်၊ ပျော်ချင်မှုကြောင့် မုသား စကားအနည်း အများသုံးလေ့ရှိတတ်သည်ကို အမှတ်မထင်မိသော်လည်း ပြောဆိုမှုများလာသည်နှင့်အမျှ မုသားစကားပြောဆိုသုံးနှုန်းရန် လွယ်ကူစေနိုင်ပြီး အကျင့်တစ်ခုဖြစ်လာနိုင်သည်။ အလုပ်သဘောအရ ပြေလည်မှုရှိနိုင်ရန် မုသားစကားများသုံးကြသော်လည်း ပဋိပက္ခဖြစ်စေမည့်(သို့မဟုတ်) သဘောထားကွဲလွဲ နိုင်သည့်မုသားစကားများ ပြောဆိုရန်သင့်/မသင့် မိမိကိုယ်တိုင်ဝေဖန်ဆန်းစစ်ရန် အမှန်ပင်လိုအပ်ပါသည်။ အကျင့်ဆိုရာတွင် ကောင်းသောအကျင့်ရှိသလို ဆိုးသောအကျင့်လည်းရှိကြသည်။ မကောင်းသည့်အကျင့် ရှိနေပါက ပြုပြင်ရန်လိုအပ်ပေသည်။ ကောင်းသောအကျင့်ဖြစ်ပါက “ကောင်းမှန်းသိရင် ပေပြီးတော့လုပ်” ဆိုသည့်ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ထပ်ဆင့်လုပ်ရန်လို အပ်ပါသည်။

ဝါသနာဆိုပါက ကျွန်မဆရာပြောသည့်ဥပမာလေးတစ်ခုကိုသတိရမိသည်။ “ဒေါ်…တွင် သားနှစ်ယောက်ရှိသည် စက်ပိုင်းဆိုင်ရာဝါသနာပါသူနှင့် ဆေးပညာပိုင်းဆိုင်ရာဝါသနာပါသူဟူ၍ရှိသည်။ မိခင်ဖြစ်သူသည် သူဌေးအိမ်တစ်အိမ်တွင်အိမ်ဖော်အလုပ်လုပ်ရင်း သားနှစ်ဦးအတွက်ပညာရေးထောက်ပံ့ ပေးရသည်။ သားဖြစ်သူများသည် ကျောင်းစာမလုပ် အလေအလွင့်များသည်။ တစ်နေ့တွင်မိခင်ဖြစ်သူသည် အလုပ်နှင့်မနီးမဝေးနေရာကိုလှမ်းကြည့်ပြီး အတွေးတစ်ခုဝင်လာသည် သူတို့ဘာကြောင့် ချမ်းချမ်းသာသာ နှင့်နေနိုင်သလဲဆိုသည့်အဖြေကို သူမကိုယ်သူမမေးခွန်းထုတ်ပြီး သူမမြင်လိုက်သည့်အရာမှာ သေသပ်မှုရှိ ပြီး ပုံစံမျိုးစုံဖြင့်ညီညီညာညာစီထားသည့် စာအုပ်စင်ကိုတွေ့လိုက်သည်။ သူမမေးခွန်းကို သူမကိုယ်တိုင်ပြန် ဖြေလိုက်သည်မှာ သူတို့မိသားစုသက်တောင့်သက်သာနေနိုင်တာ စာဖတ်လို့ဆိုသည့်အဖြေရလိုက်သည်။ သူမသည် သားနှစ်ယောက်ကိုခေါ်ပြီး စာကြည့်တိုက်သို့ခြေဦးတည်ခဲ့သည်။ စာကြည့်တိုက်မှူးအား သူမ သားတို့နှင့် သင့်တော်မည့်စာအုပ်များဖတ်နိုင်ရန် အကူအညီရခဲ့သည်။ သားဖြစ်သူများသည် အမေဘာ ကြောင့်စာဖတ်ခိုင်းသည်ကို သိချင်စောနှင့်နှစ်ဦးစလုံးပြိုင်တူမေးခဲ့ရာ သူမပြန်ဖြေလိုက်သည်မှာ မေမေကို ချစ်ရင်စာဖတ်ဆိုသည့်စကား(အဖြေ)တစ်ခွန်းထဲသာပြန်ဖြေလိုက်သည်။ စာဖတ်ရာတွင်လည်း မှတ်စုဖြင့် ရေးမှတ်ရန် တိုက်တွန်းခဲ့ပါသည်။” အလေအလွင့်ဖြစ်နေသည့်သားနှစ်ဦးသည် စာကြည့်တိုက်တွင်ပဲအချိန် ကုန်ခဲ့ပြီး မိမိဝါသနာပါသည်နှင့်သက်ဆိုင်သည့်စာပေများကို အားသွန်ခွန်စိုက်လေ့လာခဲ့ပါသည်။

ကျောင်းစာတွင် နောက်ဆုံးဖြစ်နေသည့်သားနှစ်ဦးသည် စာဖတ်အားကောင်းလာသည်နှင့်အမျှ အတန်းတင်စာမေးပွဲ တွင် ထိပ်ဆုံးဖြစ်လာသည်သာမက မိမိဝါသနာပါသည့်ကဏ္ဍကိုလည်း တက်ရောက်ခွင့်ရရှိခဲ့ပြီး အောင်မြင် ကျော်ကြားသည့်ပုဂ္ဂိုလ်များဖြစ်လာခဲ့သည်။ မကောင်းသည့်ဒုစရိုက်တစ်မျိုးမျိုးကို လုပ်နေသူအဖို့ ပြုပြင်ရန်ခက်ခဲသောလည်း မကောင်းမှန်းကို မိမိကိုယ်တိုင်ဆန်းစစ်ရန်အချိန်ပေးပါ၊ ဒုစရိုက်ကို သုစရိုက်အဖြစ် မိမိကိုယ်တိုင်ပြောင်းလဲမှုကိုစတင်ပါ၊ “အချိန်နှောင်းပြီဟုထင်လိုက်သောအချိန်သည် အစောဆုံးအချိန်ပင်ဖြစ်သည်”ဟု ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်နံရံပေါ်က အချက်လေးကိုသတိရလိုက်ပါ၊ မိုင်တစ်ထောင်ဝေးသည့်ခရီးကို ခြေတစ်လှမ်းမှ စတယ်ဆိုတာမမေ့ပါနှင့် ပြောင်းလဲသင်ယူမှုပြုပြီး မိမိဝါသနာပါသည်ကို ရည်မှန်းချက်/ရည်ရွယ်ချက်ထားပါ၊ အိပ်မက်အတိုင်းလည်း အကောင်အထည်ဖော်ပါ စသည့်အချက်များကိုအခြေခံ၍ မိမိလုပ်သင့်သည့်အလုပ်၊ မိမိရောက်လိုသည့်ပန်းတိုင်ကို အရောက်လျောက်လှမ်းနိုင်ပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

ပအိုဝ်းမူပေ(စန္တာခမ်း)

Powered by Blogger.