Tuesday, September 12, 2017

ရှေးဟောင်း ဖျူငယ်ဘုရားသို့ အလည်တခေါက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်
   






တောင်ကြီးကနေ ၄၅-မိနစ်လောက် မောင်းရသည့် တောင်ကြီးတောင်ဘက်ရှိ ဖျူငယ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်ဖျူငယ်ဘုရားသို့ သြဂုတ်(၂၈)ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။

လမ်းဘေးဝဲယာ ဒေသခံပအိုဝ်းရွာသူ/သားများက တောသူတောင်သားပီပီ မိမိရိုးရာစိုက်ပျိုးရေးဖြစ်တဲ့ သနပ်ဖက်နှင့် တောင်ယာစပါးများစသည့်ကို စိုက်ပျိုးထားလို့ စိမ်းလန်းစိုပြေမှုလည်း ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် ရွာသူ/သားများမှာ ကိုယ့်ယာကိုယ့်ခြံတွေမှာ ကိုယ်စိုက်ထားသည့် သီးပင်စားပင်များကို ပေါင်းသင်ရှင်းလင်း ပြုပြင်ခြင်းများ ပြုလုပ်ကြသလို သနပ်ဖက်စိုက်ပျိုးထားသူများလည်း သနပ်ဖက်ရွက်များကို ခူးခြွေကြသူများလည်း ရှိကြပါတယ်။

ပုံဆွေပင်ရွာတောင်ဘက် လမ်းမကြီးဘေးမှ  ရှေးဟောင်းဖျူငယ်ဘုရားသို့ လမ်းညွှန်သည့်အတိုင်း အနောက်ဘက်သို့ (၂)မိုင်ခန့်သွားပြီး ဖျူငယ်ရွာနှင့် နှစ်ပေါင်း (၁၆၆)နှစ်ရှိပြီဖြစ်တဲ့ ရှေးဟောင်းဖျူငယ်ရွာ ဦးဘုန်းတော်ကြီးကျောင်းကို တွေ့ခဲ့ရပါတယ်။ လမ်းတစ်လျှောက်မှာတော့ စိမ်းစိုဝေလန်းနေတဲ့ သစ်ပင်များလည်း သဘာဝအလှတရားကို အားသွန်ခွန်စိုက် ဖြည့်စည်းကြနေသလားလို့တောင်ထင်ရပါတယ်။ သဘာဝသစ်ပင်ပန်းမန် အလှတရားကို ရှုမြင်ခံစားပြီး ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆီ ရောက်လာသည့်အခါ ရှေးဟောင်းရဲ့အငွေ့အသက်ကို အံ့သြခြင်းများစွာနှင့် တွေ့မြင်ခဲ့ရပြန်ပါတယ်။ ရှေးဟောင်းသစ်ကျောင်းတော်ဖြစ်သည့်အတိုင်း ညိုညိုမိုင်းမိုင်းအရောင်လေးနဲ့ပေါ့။ နှစ်ပေါင်း (၁၆၆)ရှိပြီ ဆိုသော်လည်း နားခိုရာဝိဟာရအဖြစ် အားကောင်းမောင်းသန် ရှင်သန်နေတုန်း။

ကျောင်း၏ အရှေ့မျက်နှာစာနှင့်တောင်ဘက်အနောက်ဘက်များမှာ ၀ါးပင်နှင့်အခြားသောအပင်ကြီးများ လည်း ကျောင်းတော်ကြီးကို အေးမြတဲ့ဓာတ်တွေ နေ့စဉ်မပြတ်ပေးဖို့ တာဝန်ကျနေအလား စိမ်းစိမ်းစိုစိုရှိလှပါတယ်။

ကျောင်းတော်ကြီးထဲ ရောက်ရှိလာသည့်အခါ အေးမြတဲ့ဓာတ်ကို ခံစားရသလို ဘုရား၏ဘုန်းတန်ခိုးတော်ကြောင့် စိတ်ကြည်လင်မှုတွေ ဖြစ်ပေါ်ရပြန်တယ်။ ရှေးဟောင်းဖျူငယ်ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိပြီဖြစ်သည့်အခါ ရှေးဟောင်းဘုရားကို စိတ်ဝင်စား ကြည်ညိုမိပြန်ပါတယ်။ သမိုင်းကြောင်းကို ရွာရှိ ရွာလူကြီးများရဲ့ ပြောပြချက်အရ ဤရှေးဟောင်းကျောင်းတွင် နှစ်ပေါင်း(၁၆၆)အတွင်း သီတင်းသုံးသည့် ဆရာတော်များမှာ သုံးဆက်ရှိပြီဆိုတာကိုလည်း သိရပြန်ပါတယ်။ ပထမဆရာတော်မှာ ဦးဝရိန္ဒ၊ ဒုတိယဆရာတော်မှာ ဦးဝါယမ၊ တတိယဆရာတော်မှာ ဦးသုမန ဖြစ်ကြပါတယ်။ ပထမဆရာတော်လက်ထက်တွင် တန်ခိုးကြီးသည့် ရှေးဟောင်းဘုရားများကို ကျောင်းထဲတွင် ပင့်ဆောင်မထားပဲ ကျောင်းအရှေ့ဖက်ရှိ  လိုဏ်ဂူထဲတွင် ပင့်ဆောင်ကြည်ညိုခဲ့တယ်လို့ သိရပါတယ်။ ခေတ်မကောင်းသည့်အချိန် သူခိုး၊ ဓားပြများ ဘေးရန်မှ လွှတ်မြောက်စေရန် ရည်ရွယ်၍ လူသူမသိသည့် လိုဏ်ဂူထဲတွင် ပင့်ဆောင်ကြည်ညို ဖြစ်နိုင်ပါတယ်။ ရှေးဟောင်းတန်ခိုးကြီးဘုရားရှိနေတဲ့အကြောင်းကို ရွာသားများတောင် မသိခဲ့ရဘူးလို့ သိရပါတယ်။ ရွာရှိ လူကြီးများအနေနဲ့ နောက်ပိုင်းမှ သိရကြောင်းသိရပါတယ်။ ကျောင်းရှိ ဦးဇင်းတချို့ပဲ သိခွင့်ရခဲ့ပါတယ်။

ဒုတိယဆရာတော် ဦးဝါယမလက်ထက်မှာတော့  လိုဏ်ဂူထဲရှိ ဘုရားကို ကျောင်းထဲကို ပင့်ဆောင်ထားပြီး ဆရာတော်သီတင်းသုံးသည့်အခန်းထဲမှာပဲ ပင့်ဆောင်ကြည်ညိုခဲ့ပါတယ်။ ကျောင်းထဲကို ပင့်ဆောင်ထားပါသော်လည်း ရွာသားများအနေနဲ့ ဖူးမြင်ခွင့်မရသေးပါဘူး။ ဆရာတော်များအနေနဲ့ ဒီလိုသိုသိပ်စွာ ထားရှိခြင်းဟာလည်း အများမဖူးမျှော်စေလိုမှု မိစ္ဆရိယအနေနဲ့မဟုတ်ပဲ ရှေးဟောင်းတန်ခိုးကြီးဘုရား ဖြစ်သည့်အတွက် လုံခြုံမှုပြည့်ပြည့်၀၀ မထားနိုင်သေးတာလဲပါပါတယ်။ တတိယဆရာတော်ဖြစ်သည့် ဦးသုမနလက်ထက် ရောက်တဲ့အခါ ရှေးဟောင်းဘုရားများကို ကျောင်းရဲ့ပြသာဒ်(ဘုရားကျောင်းဆောင် မျက်နှာကျက်)ထဲကို ပင့်ဆောင်ပူဇော်လိုက်ပါတယ်။ ထူးဆန်းမှုတွေရှိနေတဲ့ ရှေးဟောင်းဘုရား (၄၁)ဆူထဲက တချို့ဘုရားများမှာ ဒေသစာရီကြွချီတာမျိုး ရှိတယ်လို့ သိရပါတယ်။ ဒေသစာရီကြွချီချိန်မှာ ရက်အနည်းငယ် တစ်လနီးပါးရှိပြီး ကျောင်းတော်ကို ပြန်ကြွရောက်မူတယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင် မလှမ်းမကမ်းရွာသားများပြောပြချက်အရ ညဘက် ကျောင်းတော်ကြီးအပေါ်တွင် ရောင်ခြည်များပေါ်ထွက်နေသည်ကို တွေ့ရတယ်လို့ ပြောပါတယ်။ လျှစ်စစ်မီးများနှင့် မီးမောင်းထိုးထားသလို ဖြစ်နေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဖျူငယ်ဘုန်းတော်ကြီးကျောင်းမှာ လျှစ်စစ်မီးမရှိ၊ အရင်ကဆိုလျှင် ဖယောင်းတိုင်နှင့်သာ မီးထွန်းရသည့်အတွက် ရောင်ခြည်တော်အလင်းရောင်မှာ ဘုရားရောင်ခြည်တော်မှတပါး အခြားမရှိနိုင်ပါ။ အရင်ကလည်း ဖြစ်ပေါ်သလို ယခုအခါမှာလည်း တစ်ခါတစ်လျှင် ရောင်ခြည်တော်ကွန့်မြူးခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

(၄၁)ဆူဘုရားများထဲက (၅)ဆူမှာ ဖေါင်တော်ဦးဘုရားဖြစ်ပြီး ကျန်သည့်(၇)ဆူမှာ အရံဘုရားများ ဖြစ်ပါတယ်။ ကျန်တဲ့ ဘုရားတွေမှာတော့ ရှေးဟောင်းဘုရားများဖြစ်တယ်လို့ သိရပါတယ်။ ရှေးဟောင်းဘုရားများရှိသလို ကျောင်းတော်ကြီးရဲ့ ဖွားဖက်တော်လို့ ဆိုရမယ့် ရှေးဟောင်းပအိုဝ်းရိုးရာ အိုးစည်တော်ကြီးလည်း ရှိနေပြန်ပါတယ်။ ရှေးဟောင်းပအိုဝ်းအိုးစည်တော်ကြီးကို နှစ်ဆန်း(၁)ရက်နေ့ ဘုရားပူဇော်ပွဲတော်ချိန်ခါတွင် လာရောက်သည့် ဧည့်သည်တော်များအနေဖြင့် စမ်းသပ်တီးနိုင်တယ်လို့ သိရပါတယ်။ ရှေးဟောင်း အိုးစည်တော်ကြီး၏အသံမှာ နယ်မြေတစ်ခွင် နာမည်ကြီးကြောင်း သိရပါတယ်။  ယခုအခါ ဘုရားကျောင်းများကို စနစ်တကျပြုလုပ်ထားပြီး ဖူးမျှော်ချင်သူများအနေဖြင့် လာရောက်ဖူးမျှော်နိုင်ပါတယ်။
 
တောင်ကြီးတောင်ဖက် ရှေးဟောင်းမွေတော်ကက္ကူဘုရားကို ဖူးမျော်ရင်း ပုံဆွေပင်ရွာတောင်ဖက်ရှိ ရှေးဟောင်းဖျူငယ် ကျောင်းတော်ကြီးနှင့်ရှေးဟောင်းတန်ခိုးကြီးဘုရားကိုလည်း ၀င်ရောက်ဖူးမျှော်နိုင်ပါကြောင်းကို တင်ပြလိုက်ရပါတယ်။

ခွန်ဓဇ
Powered by Blogger.