Sunday, September 24, 2017

“လူမျိုးတစ်မျိုးမှာ အဆိပ်ရှိဖို့ စစ်တပ်လိုတယ်” ဟု PNA-အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တွဲဘက်ကွပ်ကဲရေးမှူး(၂) ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်း ပြော

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်


 

အထူးဒေသ(၆) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိန်ကျေးရွာအုပ်စု၊ နောင်မက်မူဘုန်းတော်ကြီး ကျောင်း၌ ကျေးရွာဒေသရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ (ခမ်း၊ နယ်;၊ အွိုင်;)အဖွဲ့က ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်တော်(PNA)၊ တွဲဖက်ကွပ်ကဲရေးမှူး (၂) ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် “လူမျိုးတစ်မျိုးမှာ သူ့လူမျိုးကို ကာကွယ်ဖို့ စစ်တပ် မရှိရင် သူ့လူမျိုးလည်းအဆိပ်ရှိမှာ မဟုတ်ဘူး၊ စစ်တပ်ဖွဲ့ရှိမှ သူ့လူမျိုးလည်း အဆိပ်ရှိမှာဖြစ်တယ်၊ လက်နက်ကိုင်တပ်ဖွဲ့မရှိရင် အခြားပတ်ဝန်းကျင်က ရန်ပြုလာမဲ့ အန္တရာယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ကလည်း အကြောင်းမဲ့ ပေါ်လာတာမဟုတ်ဘူး၊ ၁၉၂၃ခုနှစ် ဒီကောင်ခယ်;ဒေသမှာ ဖြားတန်ကောင်ခယ်;က ဦးဆောင်ပြီး ပဒေသရာဇ်စနစ်ကို စတင်တော်လှန်ကတည်းက ဖြစ်တည်လာတာ ဖြစ်တယ်၊ တစ်နည်းပြောရရင် ကျွန်တော်တို့က စစ်ကိုကြောက်လို့ စစ်သားလုပ်ရတာပါ၊ ကျွန်တော်တို့ အခုပြည်သူ့စစ်ရှိလို့လည်း ရန်သူတွေ၊ သူခိုးဓားမြတွေ မလာရဲတဲ့အတွက်ကြောင့် ဒေသတည်ငြိမ်အေးချမ်းနေတာ ဖြစ်တယ်၊ ကျွန်တော်တို့ ပြည်သူ့စစ်လုပ်တယ်ဆိုတာကည်း မိဘပြည်သူ တွေကို ကာကွယ်ဖို့သာဖြစ်တယ်” ဟု အမှာစကားတွင် ပြောကြားထားပါသည်။

ထို့ပြင် ယခုကဲ့သို့ မိဘပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် ရဲဘော်ရဲဘက်များ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရကြောင်း၊ အမျိုးသားလုံခြုံရေးနှင့် ပတ်သက်လျှင် မိမိတို့ ပြည်သူ့စစ်သာမက မိဘပြည်သူများလည်း တာဝန်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေး၊ ပညာရေးကောင်းမွန်မှသာလျှင် ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း၊ ထို့ကြောင် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁ခုနှစ် ငြိမ်းချမ်းရေးယူသည့်နောက်ပိုင်း ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးကိုသာ အဓိကလုပ်ဆောင်ခဲ့ကြောင်း ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီမှ ဖြားခွန်ဆရာကိုးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှေ့လုပ်ငန်းစဉ်ကို သော်လည်းကောင်း၊ ဖြားပညာသန်က ဒေသရှင်သန် ဖွံ့ဖြိုးရေးလုပ်ငန်းကိုသော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အကြံပေး ဗိုလ်မှူး ခွန်ဆန်းကျော်က စစ်ဘက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်နှင့် အမျိုးသားအခွင့်အရေးကို သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူးခွန်စောလွင်က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်း၏ လုပ်ဆောင်ချက်များကို သော်လည်းကောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၃)မှ တပ်ရင်းမှူး ဗိုလ်မှူးမွန်တို့က ကျေးရွာများတွင် ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများကို သော်လည်းကောင်း အသီးသီးဟောပြောပေးခဲ့ကြသည်။

အဆိုပါ လူထု တွေ့ဆုံပွဲတွင် (ဝေင်.နယ်;ကောင်ခယ်;၊ အွိုင်;ကောင်နင်.)ရှိ ကျေးရွာ(၁၁)ရွာမှ လူထု(၃၀၀)နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်

Powered by Blogger.