Sunday, September 24, 2017

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေ ချမှတ်ထားသည့် မူဝါဒအတိုင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် လျှောက်လှမ်းလျက်ရှိ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်









ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးဘုန်းတော်ကြီးကျောင်း၊ ၂၀၁၇၊ စက်တင်ဘာ(၂၄)ရက်နေ့မှာ ပြုလုပ်တဲ့ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင်း နှင့် ဒေသခံ ပြည်သူလူထု တွေ့ဆုံပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အနေဖြင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေ ချမှတ်ထားသည့် မူဝါဒအတိုင်း လျှောက်လှမ်းလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်ကြည်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

၁၉၇၅-ခုနှစ်မှာ ကျင်းပတဲ့ လုံးဒါညီလာခံမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေက ပအိုဝ်းအမျိုးသားများအတွက် အပေါ်က သံခွေပတ်ဝိုင်းထားသည့် သံဖိုခနောက်အခြေသုံးခုရှိ ပုံသဏ္ဍာန်မူဝါဒကို ချမှတ်ပေးခဲ့ကြောင်း သိရပါတယ်၊ အခြေသုံးခုမှာ (ပအိုဝ်းအမျိုးသားတပ်မတော်၊ ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့)၊ အပေါ်က ပတ်ဝိုင်းထားသည့် သံပတ်ခွေမှာ (ဗဟိုဌာနချုပ်ရုံး)ဟု သိရပါတယ်။ ပအိုဝ်းတစ်မျိုးသားလုံးနှင့်ဆိုင်သော နိုင်ငံရေး၊ လူမှုရေး စသည့် ကိစ္စရပ်များကို (ပြည်သူလူထု၊ အုပ်ချုပ်ရေး၊ ပအိုဝ်းအမျိုးသားတပ်မတော်၊ ဗဟိုဌာနချုပ်ရုံး) တို့ စုစုစည်းစည်းမျိုးဖြင့် ဆောင်ရွက်ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

“ ၁၉၇၃-ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိ ပအိုဝ်းအဖွဲ့မှာ ပအိုဝ်းနီ- ပအိုဝ်းဖြူလို့ နှစ်ဖွဲ့ကွဲသွားတယ်၊ အပြန်အလှန် တိုက်ကြခိုက်ကြတယ်၊ ပအိုဝ်းပြည်သူလူထုတွေ နစ်နာခဲ့ရတယ်၊ ဒါတွေကို သင်္ခန်းစာကောင်းကောင်းယူဖို့ လိုတယ်၊ ဒီတော့ ပအိုဝ်းအမျိုးသားအနေဖြင့်  အမြဲတမ်းညီညီညွှတ်ညွှတ်ရှိဖို့ လိုသလို မျိုးချစ်စိတ်ဓာတ် အမြဲရှင်သန်ထက်မြက်ပြီး သွေးအေးမနေဖို့လိုတယ်၊ အဖွဲ့အစည်းတစ်ခုခုမှာ ဂဏန်း- ပုတ်သင်၊ ကိုင်းပင် - လိပ်မျိုး၊ နွားသိုး - ခွေအ လို ခေါင်းဆောင်မျိုး မခန့်မိဖို့ လိုတယ် “ လို့ သူရိယခမ်း၊ ဒု-ခမ်းဗွေး ဒုတိယဗိုလ်မှူးကြီး ခွန်ချစ်အိန်က ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဒီမိုကရေစီခေတ်ဖြစ်သော်လည်း တစ်ဦးချင်းပိုင်းဆိုင်ရာ၊ မိမိကျေးရွာ၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်တွင် စည်းကမ်းစနစ်တစ်ကျရှိပါမှ တိုးတက်မှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုစသည့် မကောင်းသည့်အလေ့အကျင့်များ ရှိပါက ပြုပြင်ဖို့လိုအပ်ပြီး မူးယစ်ဆေးဝါးပပျောက်အောင် အားလုံးတွင် တာဝန်ရှိကြောင်းကိုလည်း ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ခွန်အိုးဗျူဟာ၊ ဒုဗျူဟာမှူး ဗိုလ်မှူးခွန်မြအောင်က ပြောကြားခဲ့ပါတယ်။  ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ စည်းရုံးရေးမှူး ဗိုလ်မှူးခွန်ချစ်လယ်က PNA သမိုင်းကြောင်းများနှင့် အမျိုး ဘာသာ သာသနာနှင့်သက်ဆိုင်သော အမှာစကားများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ သုတေသနနှင့်နည်းဗျူဟာရေးဆွဲရေးဌာန၊ ဌာနမှူး ခွန်ချစ်တင်က ဗဟိုဌာနချုပ်ရုံးဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

ထိုတွေ့ဆုံပွဲတွင် နောင်ယာဆိုင်း၊ လုံဟေး၊ ဟိုတိ၊ ကန်သာဦး စသည့် ဒေသခံ(၁၀၀၀)နီးပါး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ခွန်ရာဇာဓိပတိ
Powered by Blogger.