Saturday, September 23, 2017

အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ခမ်း၊ နယ်း၊ အွိုင်း အဖွဲ့မှ ဘုရားဖြူဘုန်းတော်ကြီး ကျောင်းတွင် ဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်









အထူးဒေသ (၆)၊ နောင်တရားမြို့နယ်၊ ပေါအင်ကျေးရွာအုပ်စု၊ ဘုရားဖြူဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်း၊ နယ်၊ အွိုင်း နှင့် ပြည်သူလူထုတွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ (၂၃) ရက်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ ဘုရားဖြူဘုန်းတော်ကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် သြ၀ါဒစကားခံယူပြီးနောက် အထူးဒေသ (၆)၊ စန္တာခမ်း ဒု- ခမ်းဗွေ ဖြားခွန်ထွန်းတင်မှ အဖွင့်အမှာစကားပြောကြားရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်ဒေသလိုအပ်ချက်များဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး စသည့်ကိစ္စရပ်များသည် မိဘပြည်သူများက မိမိတို့ပအိုဝ်းလူမျိုးများ မပပျောက်အောင် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကိုနားလည်သဘောပေါက်စေရန် အထက်တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်ဟောပြောရခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများ ရပ်ရွာဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရသည်လည်းတာဝန်ရှိသလို မိမိတို့မိဘပြည်သူများသည်လည်း တာဝန်ရှိကြောင်း၊ နှစ် (၂၀) အတွင်းတွင် လျှင်စစ်မီးများ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ လမ်းပန်းဆက်သွယ်ရေး စသည့်ဒေသဖွံ့ဖြိုးရေးများ များစွာဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ကြောင်း၊  ပညာရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် မျိုးဆက်သစ် လူငယ်များကို ၁၀ တန်းအောင်သည်သာမက ဘွဲ့ရလူငယ်များ များပြားလာစေရန် မိဘပြည်သူများလည်း ပညာရေးကိုအဓိကအားပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အထူးဒေသ (၆)၊ စန္တာခမ်း၊ နောင်တရားမြို့နယ် ၊ ဒု-ဥက္ကဌ ဖြားခွန်သောင်းတင် မှ အမှာစကားပြောကြားရာ ပဒေသရာဇ်စနစ်မှစ၍ ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီစနစ်အထိ ခေတ်အဆက်ဆက်မှ ဦးဆောင်လာသောခေါင်းဆောင်ကြီးများမှ မိမိတို့ပအိုဝ်းအမျိုးသားရေးအတွက် ကြိုးပမ်းခဲ့ကြပုံ အကြောင်းအရာများ၊ ပြည်သူလူထုများ ဘ၀လုံခြုံမှုရှိစေရန် စောင့်ရှောက်လာသည်မှာ ယနေ့မှမဟုတ်ဘဲ ယခင်လွတ်လပ်ရေးမရခင်ကတည်းကပင် ဘ၀ကံကျမ္မာအရ ဘယ်လိုနည်းဖြင့်ရပ်တည်နေထိုင်ရမည်ကို အုပ်ချုပ်ရေးအရ ထမ်းဆောင်လာသည့်အဆိပ်မှာ ယခုထိတိုင်ပျက်စီးမှုမရှိသေးကြောင်း၊ ၁၉၉၁ ခုနှစ်လွတ်လပ်ရေးရခဲ့ခြင်းသည် တိုက်ပွဲနှင့်ဆင်နွဲခြင်းဖြင့် လွတ်လပ်ရေးရယူခြင်းမဟုတ်၊ နိုင်ငံတော်အစိုးရနှင့် ဥပဒေတရာဝင်ငြိမ်းချမ်းရေးဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ ဗဟိုဌာနချုပ်ရုံးမှ တွဲဖက်ကွပ်ကဲရေးမှူး (၁) ဒု-ဗိုလ်မှူးကြီးခွန်အောင်သန်းမှ  ပအိုဝ်းလူမျိုးတို့၏ တော်လှန်ရေးသမိုင်းကြောင်းများ၊ ဒေသတည်ငြိမ်ရေး၊ အခြားတိုင်းရင်းသားများနှင့်အတူတန်းတူညီမျှနေထိုင်နိုင်စေရေး၊ အထူးဒေသ(၆) လုံခြုံရေးအကြောင်းအရာများ နှင့် ယခုသွားနေသည့်လမ်းစဉ်သည် ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် မူဝါဒလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသာအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ခွန်အောင်နိုင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊  ဗဟိုဌာနချုပ်ရုံးရှိ ဌာန၏ လုပ်ဆောင်ချက်များဖြစ်သော စီမံဌာန၊ လေ့ကျင့်ပညာပေးရေးဌာန၊ လွှတ်တော်ရေးရာဌာန၊ သုတေသနနှင့်နည်းဗျူဟာရေးဆွဲရေးဌာန၊ ပြန်ကြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စည်းရုံးရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ၀က်ဆိုဒ်ဌာန၊ ဥပဒေရေးရာဌာန တို့၏ လုပ်ဆောင်ရွက်ချက်များကို အကျယ်တ၀င့်ရှင်းလင်းခဲ့ပြီး မြို့နယ်အလိုက် မြို့နယ်ရုံးတာဝန်ခံ၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း(GIC) တို့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း ရှင်းလင်းပေးခဲ့ပါသည်။

ပအိုဝ်းအမျိုးသာအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ဖြားခွန်တင်ထွဋ္ဋ် က  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီသည် ၂၀၁၀ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်းကောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။ ဆက်လက်ပြီး နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲအကြောင်းအရာများ၊ နိုင်ငံရေနှင့် လွှတ်တော်အကြောင်းအရာများ၊ နိုင်ငံရေးပါတီနှင့်ဒေသဦးစီးအဖွဲ့များ၊  နိုင်ငံရေးပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြောင်းအရာများ၊ အစိုးရအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ထမ်းဆောင်ရေးအကြောင်းအရာများ စသည်ဖြင့်ပြောကြားခဲ့ပါသည်။

စန္တာခမ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပေါအင်ကျေးရွာအုပ်စု ဥက္ကဌ ဖြားခွန်ကျော်သင်းက ယခုလိုဟောပြောပေးသည့်အကြောင်းအရာများကို မိမိတို့ကျေးရွာဒေသရှိ မတက်ရောက်နိုင်သည့် ပြည်သူများကို ပြန်လည်မျှဝေပေးရန်၊ တက်ရောက်နားထောင်သည့်ပုဂ္ဂိုလ်များသာမက မတက်ရောက်နိုင်သည့် ပြည်သူများသည်လည်း ယခုလိုအမျိုးသားရေးအကြောင်းအရာများကို လူတိုင်းသိရှိနားလည် သဘောပေါက်စေရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ လူထုတွေ့ဆုံပွဲကို (PNA) အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသာအဖွဲ့ချုပ်(PNO) တာဝန်ရှိပုဂ္ဂိုလ်များ၊ ပေါအင်ကျေးရွာအုပ်စုနှင့် မွေးပြင်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ (၃၀၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.