Saturday, September 23, 2017

အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း မှ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု၊ လုံပြင်ကျေးရွာအုပ်စု၊ လိန်းညာကျေးရွာအုပ်စုအတွင်းရှိ လူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်








၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) (ခမ်း၊ နယ်း၊ အွိုင်း) မှ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု၊ လုံပြင်ကျေးရွာအုပ်စု၊ လိန်းညာကျေးရွာအုပ်စုအတွင်းရှိ လူထုနှင့် တွေ့ဆုံပွဲကို နန်းတုတ်ကျေးရွာအုပ်စု နမ်းဖါမူ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဒေသခံများမှ ရှေးဦးစွာ နမ်းဖါမူ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူခဲ့ကြပီး၊ စန္တာခမ်း (ခမ်းဗွေး) ဖြားခွန်ဂျိုးဇက်မှ အဖွင့်အမှာစကား ပြောကြားရာတွင် နယ်မြေလုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်စွာ နေထိုင်နိုင်ရေး၊ ပညာရေးအကြောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ရပ်တည်ချက်နှင့် ခံယူချက်ကို အကျယ်တ၀င့် ပြောကြားခဲ့ပါသည်။

ထို့နောက် (PNA) အသွင်ပြောင်းပြည်သူ့စစ် ဗိုလ်မှူးခွန်ခမ်းတန်မှ ပအိုဝ်းအမျိုးသား တပ်မတော် ဆောင်ရွက်လျှက်ရှိသော အမျိုးသားရေးအကြောင်းများကို ပြောကြားခဲ့ပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုကော်မတီ ဖြားခွန်ချွန်မှ ပအိုဝ်းလူမျိုးသမိုင်းအကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း ပအိုဝ်းဒေသအတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ပင်လောင်းမြို့နယ် (PNO) ဥက္ကဌ ဦးခွန်မောင်တီးမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် တပ်မတော် အစိုးရလက်ထပ်မှ ပါတီစုံဒီမိုကရေစီခေတ်အထိ ပြောင်းလဲလာမှု အကြောင်းအရာများ၊ ရပ်တည်ချက်၊ ဦးတည်ချက်၊ မျှော်မှန်းချက်နှင့် နယ်မြေအတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ စစ်ဌာနချုပ်ရုံး ဗိုလ်မှူးခွန်ဖိုးဆောင်မှ လူတဦးချင်းစီနှင့် ရပ်ရွာလုံခြုံရေးအကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင်အကြောင်းအရာများကို အကျယ်တ၀င့်ပြောကြားပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနမှ ခွန်ရဲအောင်က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနအသီးသီး လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ခွန်တီးမောင်း

Powered by Blogger.