Friday, February 23, 2018

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာလီဆူတိုင်းရင်းသားများ ကြီးမှူးကျင်းပသော(၅၃)ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်





၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ(၂၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်၌ တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာလီဆူတိုင်းရင်းသားများ ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံယဉ်ကျေးမှုပေါင်းစုံကိုးကွယ်မှုပေါင်းစုံများနှင့် ဖွဲ့စည်းတည်ရှိထားကြောင်း၊ တိုင်းရင်းသားလူမျိုးအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ရိုးရာဓလေ့စရိုက်များကို မပျောက်ပျက်စေရန် တိုင်ရင်းသားပြည်သူအပေါင်းများက ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုစုပေါင်း နှစ်သစ်ကူးပွဲတော်ကို ကာယကံ၊ ဝစီကံ၊ မနောကံစသည့် ယဉ်ကျေးမှုဖြင့် ဘိုးဘွားမိဘများနှင့် ရပ်တွင်းရွာတွင်းသက်ကြီးဝါကြီးများအား လှူဖွယ်ဝတ္ထုများဖြင့် ကန်တော့ကြပြီး နှစ်သစ်ကို ကောင်းမှုမင်္ဂလာဖြင့် ကြိုဆိုသော ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများ ထာဝရရှင်သန်စေရန်၊ တန်ဖိုးမဖြတ်နိုင်သော လီဆူတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မပပျောက်အောင် လေးစားတန်ဖိုးထား ဝိုင်းဝန်းစုပေါင်းထိန်းသိမ်းစောင့်ရှောက်ကြပြီး ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ အဓွန့်ရှည်စွာတည်တံ့နိုင်စေရန်၊ လီဆူစာပေနှင့် ဘာသာစကား အသုံးချမှုတွင် ကျယ်လာပြီး စာပေနှင့်ဘာသာစကားမှေးမှိန်ပျောက်ကွယ်မည့် အန္တရာယ်မှကာကွယ်စောင့်ရှောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်သောပွဲတော်ဖြစ်သောကြောင့် လီဆူတိုင်းရင်းသားများအတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း စသဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လီဆူတိုင်းရင်းသားဝန်ကြီး ဦးဂူဆာမှ လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုအမှာစကားပြောကြားကာ ဆက်လက်ပြီး (၅၃)ကြိမ်မြောက်လီဆူစာပေနှင့် ယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားကို လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီဝင် နာယကဦးအောင်သိန်းမှ ပြောကြားပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာလီဆူတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.