Sunday, February 25, 2018

ကြက်ဥခွံဖြင့် မြေသြဇာပြုလုပ်နည်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်

ကြက်ဥသည် ကျွန်ုပ်တို့နေ့စဉ်စားသုံးသော ဟင်းအမျိုးအမည်များထဲတွင် အလွယ်ဆုံး ဟင်းတစ်မျိုးအဖြစ် တွေ့ရမည်ဖြစ်ပါသည်။ စားသောက်ဆိုင်တိုင်းတွင်လည်း မပါမဖြစ်ဟင်းတစ်မျိုးအဖြစ် တွေ့ရပါသည်။ ကြက်ဥကို ပြုတ်စားကြသည်၊ ကြော်စားကြသည်၊ ပြုတ်ချက်စားကြသည်၊ ကြော်ချက်စားကြသည်၊ အခြားသော ဟင်းအမယ်များနှင့် ရော၍လည်းချက်စားကြသည်၊ ကြက်ဥပေါင်မုန့် ကြော်စားကြသည်။ နေ့စဉ် ကြက်ဥစားသုံးမှုနှုန်းသည်လည်း သန်းနှင့်ချီရှိနေပါသည်။ ကြက်ဥစားသုံးမှုများသည့်အတွက်ကြောင့် ဝိသမလောဘသားများက ကြက်ဥအတုများပင် ထုတ်လုပ်ရောင်းချနေသည်ကို ကြားသိနေရပါသည်။ သို့သော် ယနေ့တွင် ၎င်းအကြောင်းကို ဆွေးနွေးမည် မဟုတ်ဘဲ ကြက်ဥခွံ၏ အသုံးဝင်ပုံကိုသာ တင်ပြသွားပါမည်။

လူအများစုသည် အသုံးပြုပြီးသော ကြက်ဥခွံကို အသုံးမလိုဟုထင်၍ လွှင့်ပစ်နေကြပါသည်။ အမှန်တကယ်ဆိုလျှင် ကြက်ဥခွံကို လွှင့်မပစ်ဘဲ ကျွန်ုပ်တို့အတွက် အကျိုးရှိအောင် အသုံးပြု၍ရပါသည်။ ကြက်ဥခွံသည် အပင်များအတွက် အသုံးဝင်သော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ မည်သို့အသုံးဝင်ပါသနည်း? မည်သို့ အသုံးပြု၍ရပါသနည်း? ကျွန်ုပ်တို့သည် ကျွန်ုပ်တို့စိုက်ပျိုးသော အပင်များအတွက် ငွေကုန်ကြေးကျခံပြီး မြေသြဇာများကို ဝယ်ယူသုံးစွဲနေကြပါသည်။ ကြက်ဥခွံသည် အပင်များအတွက် အာဟာရဖြစ်စေပါသည်။ တစ်နည်းအားဖြင့် ကြက်ဥခွံကို အပင်များအတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ သီးပင်စားပင်များအတွက် ပျိုးခွက်သဖွယ်လည်း အသုံးပြုနိုင်ပါသေးသည်။ အသုံးမဝင်ဟုထင်ရသော ကြက်ဥခွံကို အသုံးဝင်အောင် အသုံးပြုသောနည်းကို တင်ပြပါမည်။

(၁) ကြက်ဥခွံမှုန့်မြေသြဇာ
အသုံးပြုပြီးသော ကြက်ဥခွံများကို ရေနွေးဖြင့် ပြောင်စင်အောင်ဆေးကြောပါ။ ထို့နောက် နေပူတွင် အခြောက်လှန်းပါ။ ကြက်ဥခွံ ၄-၅ခွံလျှင် အပင်တစ်ပင်နှုန်းမျှ အသုံးပြုနိုင်ပါသည်။ ကယ်လ်စီယမ်နှင့် အခြား အာဟာရများ ပါဝင်သည့်အတွက် အပင်များ ကျန်းမာသန်စွမ်း တုတ်ခိုင်စေပါသည်။


- အမှုန့်ဖြစ်စေရန် ငရုတ်ဆုံ(သို့မဟုတ်) အမှုန့်ကြိတ်စက်ရရာဖြင့် ကြေညက်နေစေရန် ပြုလုပ်ရန် လိုပါသည်။


- ပန်းပင်/ငရုတ်/ဟင်းသီးဟင်းရွက်ပင်/အလှစိုက်ပင်များအတွက် မြေဆွေးထည်သော အိုးများတွင် ဟင်းစားဇွန်း ၂-၃ဇွန်း (၂၀-၃၀ ဂရမ်) မြေဆွေးနှင့်အတူ ရောစပ်ခြင်းဖြင့်လည်းကောင်း၊ ကျင်းဖောက်ထည့်ခြင်းဖြင့်လည်းကောင်း ထည့်စိုက်ပါက လျှင်မြန်စွာ ဆွေးမြည့်ပြီး အပင်များအတွက် လွန်စွာကောင်းမွန်သော မြေသြဇာအဖြစ် ရရှိနိုင်ပါသည်။



- အပင်များ ပေါက်လာသောအချိန်တွင်လည်း မြေဆွေးအဖြစ် အပေါ်မှဖြူးပြီး တစ်လတစ်ကြိမ် ထည့်ကျွေးနိုင်ပါသေးသည်။

(၂) ကြက်ဥခွံ ကျိုရည်အပင်အားဆေး


- ကြက်ဥခွံများကို စုဆောင်းထားပါ။ သန့်ရှင်နေစေရန် ရေနွေးဖြင့် ဆေးကြောပါ။ ဆေးကြောသောအခါ ကြက်ဥတွင်း အခြားအကြွင်းအကျန်များ မကျန်စေရန် ဆေးရန်လိုအပ်သော်လည်း ကြက်ဥတွင်းမှ အမြှေးပါးများ မကုန်စေရန် ဆေးရပါမည်။ ၎င်းအမြှေးပါးထဲတွင် အာဟာရဓါတ် အများစုပါဝင်နေသောကြောင့် ဖြစ်ပါသည်။ ရရှိလာသော ကြက်ဥခွံများကို ခြောက်သွေ့အောင်ထားပါ။



- ကြက်ဥခွံများကို လက်(သို့မဟုတ်) မာကြောသော အရာတစ်ခုခုဖြင့် ကြိတ်ချေပါ။ သေးငယ်သော အပိုင်းများဖြစ်လေလေ ပျောက်ဝင်မှု မြန်ဆန်လေ ဖြစ်ပါသည်။


- ဆားခါး ဟင်းစားဇွန်း တစ်ဇွန်းခွဲ(၁၅ ဂရမ်)+ ကြက်ဥမှုန့် (၃)ဇွန်းကို အိုးအလွတ်တစ်ခုတွင် ရောထည့်ပါ။ ဆားခါးတွင် မဂ္ဂနီဆီယမ်နှင့် ဆာလ်ဖိတ်ဓါတ် မြင့်မားစွာပါဝင်သည့်အတွက် အပင်အတွက် ကောင်းမွန်သည့်အပြင် အသီးအပွင့်ကိ ပိုမို အားပေးသော အားဆေးဖြစ်ပါသည်။



- အိုးထဲသို့ ရေတစ်ဂါလံပိုပိုထည့်ပြီး မီးဖိုပေါ်တွင် တည်ပါ။ ကြက်ဥခွံများ ရေနှင့်ပျော်ဝင်သည်အထိ ကျိုပါ။ ရေ တစ်ဂါလံခန့် ကျန်သည့်အချိန်အထိ ပျော်ရည်ကို ကျိုနိုင်ပါသည်။


- ရေတစ်ဂါလံခန့်ကျန်သည့်အချိန်တွင် မီးဖိုပေါ်မှ ချနိုင်ပါသည်။ ထို့နောက် အိုးကို အဖုံးဖုံးပြီး တစ်ရက်မှ ရက်အနည်းငယ်အထိ မဖွင့်ပဲ ဖုံးအုပ်ထားပါ။ အဖုံး မကြာခဏ ဖွင့်ပိတ်လုပ်ပါက အာဟာရဓါတ်များ လျော့နည်းဆုံးရှုံးနိုင်သောကြောင့် ဖြစ်ပါသည်။


- ရရှိလာသော ကြက်ဥပျော်ရည်ကို အဖုံးပါသော/လေလုံသော ဗူးထဲတွင် အဖုံးပိတ် သိမ်းဆည်းထားပါ။ ပူသောအေးသောနေရောင် တိုက်ရိုက်ထိတွေကသော နေရာတွင် မထားသင့်။ အပင်အတွက် အားဆေးတစ်ခု ရရှိပါပြီ။


- အပင်အနေအထားအလိုက် ရေ(၄)ဂါလံလျှင် ဟင်းစားဇွန်း ၁၀-၁၅ ဇွန်းအထိ ရောစပ်ပြီး သုံးနိုင်ပါပြီ။ တစ်လလျှင် တစ်ကြိမ်မက ပုံမှန် အသုံးပြုနိုင်ပါသည်။

(၃) ကြက်ဥခွံပျိုးခွက်


- ကြက်ဥခွံကို အလယ်မှမခွဲပဲ အချွန်ဘက် သုံးပုံတစ်ပုံခန့်တွင် ခွဲရန်လိုအပ်ပြီး အကာ/အနှစ်များကို အသုံးပြုရန် မလိုပါ။ ပြုတ်ထားသော ကြက်ဥခွံများကို အသုံးမပြုရ။ ရေစိမ့်ဝင်မှု ရှိသောကြောင့် ပုပ်တတ်ပါသည်။ အရောင်ပါသော၊ အရောင်စွန်ထားသော ကြက်ဥကို မသုံးရပါ။


- ရေနွေးဖြင့် အတွင်းအပြင်ဆေးရန် လိုအပ်သကဲ့သို့ အတွင်းမှ အမြှေးပါးများ မရှိစေရန် လက်ဖြင့် ပွတ်သပ် ချွတ်ဆေးရပါမည်။ နေပူတွင် ခြောက်အောင် လှန်းရပါမည်။



- ကြက်ဥခွံ၏ အောက်ခြေဘက်ကို ပုံတွင် ပြထားသည့်အတိုင်း အတွင်းဘက်မှ လက်ဖြင့်ထိန်းကာ အပ်ဖြင့် ဖောက်ပေးပါ။ မရနိုင်ပါက အနည်းငယ် ကွဲအက်စေရန် ခွပြေးပါ။ သို့မှ ရေစိမ့်ထွက်မှုကောင်းပြီး ပျိုးပင်များ ရေဝပ်ဒဏ်မှ ကာကွယ်ပြီး ဖြစ်ပါသည်။


- မိမိစိတ်တိုင်းကျရောစပ်ထားသော မြေဆွေးကို ဇွန်းငယ် အသုံးပြု၍ ထည့်ပါ။


- မျိုးစေ့ ၂-၃ စေ့ထည့်သွင်းပြီး မြေဆွေးပါးပါး ထည့်ကာ ပျိုးနိုင်ပါသည်။ ဂေါ်ဖီ၊ သခွါး၊ နံနံ၊ ငရုတ်၊ ပဲ၊ ခရမ်းချဉ် စသဖြင့် မိမိကြိုက်နှစ်သက်သော အိမ်တွင်းမီးဖိုချောင် သီးနှံများအား ပျိုးထောင်နိုင်ပါသည်။


- ကြက်ဥခွံပျိုးခွက်များ တည်ငြိမ်စေရန် ယခုကဲ့သို့ ကြက်ဥထည့်ခွက်များ သုံးနိုင်ပါသည်။


- ပုံတွင် ပြထားသည့်အတိုင်း ရေလိုအပ်ချက်အလိုက် ပုံမှန်ရေလောင်းပေးပါ။


- ပျိုးပင်မှအရွက်စုံလျှင် (မင်္ဂလာရွက်ရင့်လျှင်) ပုံတွင် ပြထားသည့်အတိုင်း မြေတွင် ပြောင်းစိုက်နိုင်ပါပြီ။ ကြက်ဥခွံခွဲပစ်ရန် မလိုပါ။ ကြက်ဥခွံသည် တစ်လကျော်လျှင်ဆွေးမြည့်ပြီး အပင်အတွက် ကယ်လ်စီယမ်ဓါတ်ကြွယ်ဝသော မြေဆွေးကို ထပ်မံရရှိစေမည် ဖြစ်ပါသည်။



ခွန်ရောက်ကီ(Rocky)
ကိုးကား - www.greenwaymyanmar.org
Powered by Blogger.