Tuesday, February 13, 2018

ဝါသနာနှင့် ဘဝအောင်မြင်မှု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်


လူတစ်ယောက်အောင်မြင်မှုရှိမရှိဆိုသည်မှာ ထိုသူ၏ဝါသနာအပေါ်မူသည်ပါသည်။ မိသားစုစားဝတ်နေရေးကြောင့် မိမိဝါသနာပါရာကို ဦးစားမပေးဘဲ ဝင်ငွေကောင်းသည့်အလုပ်ကို ရွေးတတ်ကြသည်။ ဝါသနာသည် မိမိ၏စိတ်ဆန္ဒဖြင့် လုပ်ချင်ကိုင်ချင်သောစိတ်ကို ဆိုလိုပါသည်။ ဝင်ငွေမရသော်လည်း ဝါသနာပါရာအလုပ်ကို လုပ်နေရလျှင်ပင် ပျော်နေသည့်အလုပ်ဖြစ်သည်။ ထိုအလုပ်သည် ဝင်ငွေရသည့် အလုပ်လည်းဖြစ်မည်၊ မိသားစုစားဝတ်နေရေးလည်းအဆင်ပြေလျှင် ပို၍ပင်ပျော်စရာကောင်းမည်ဖြစ်သည်။ ထမင်းတစ်လုတ်အတွက် ဝါသနာမပါသည့်အလုပ်ကို လုပ်နေရလျှင် ဆီဆုံလှည့်ရသော နွား၏အလုပ်ကဲ့သို့ပင် ငြီးငွေ့စရာကောင်းမည်ဖြစ်သည်။ မိမိဘဝသည် အောင်မြင်မှုရရှိခဲ့မည်ဆိုလျှင် ဝါသနာပါရာ အလုပ်ကိုမလုပ်ရသည့်အတွက်အသက်အရွယ်ကြီးရင့်လာသည်နှင့် မိမိဘဝကို ကျေနပ်နိုင်မည်မဟုတ်ပေ။ မိမိကိုယ်တိုင်ကျေနပ်မှုမရှိသည့်အလုပ်ကို လုပ်နေရလျှင် အောင်မြင်သောဘဝဟုဆို၍မရပေ။

မိမိလုပ်နေသောလုပ်ငန်းကို အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် ဝါသနာနှင့် တစ်ထပ်တည်းကျရန်လိုအပ်ပါသည်။ စာရေးဆရာဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ထဲမှ အမေရိကန်စာရေးဆရာတစ်ဦးဖြစ်သူ ခရစ္စတိုဖာမော်လေက “ကိုယ့်ပုံစံအတိုင်း အစအဆုံးနေထိုင်သွားနိုင်သောဘဝသည်သာ အောင်မြင်သောဘဝ”ဟုဆိုထားသည်။ ထိုအဓိပ္ပာယ်သည် အလွန်လေးနက်ပါသည်။ မိမိပုံစံအတိုင်းနေသည်ဆိုသည်မှာ မိမိယုံကြည်သည့်အရာကိုလုပ်ခြင်း၊ မိမိဝါသနာပါရာဆီသို့ဘဝကိုမြုပ်နှံလိုက်ခြင်းဖြစ်သည်။ မိမိကမည်သည့်အရာကိုဝါသနာပါသနည်း၊ ထိုဝါသနာပါသည့်အရာကို စွဲမြဲစွာလုပ်ဆောင်ခြင်း၊ ဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် ကြိုးစားအားထုတ်ခြင်း၊ အခက်အခဲကို ရင်ဆိုင်နိုင်ခြင်း သတ္တိရှိရှိနှင့် ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် မိမိတို့လိုချင်သောအောင်မြင်မှုဘဝကို ရရှိမည်ဖြစ်သည်။

မိမိတို့ ဝါသနာပါသည့်အရာသည် မှန်ကန်သောဝါသနာဖြစ်ရန်လိုအပ်ပါသည်။ ဝါသနာပါသော အလုပ်ကို လုပ်နေရသောလူတစ်ယောက်သည် မည်မျှပင် အခက်အခဲကြုံတွေ့နေရသည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရဲသည့်သတ္တိရှိသည်။ အခက်အခဲဟုတွေးပြီး ဝမ်းနည်နေမည်မဟုတ်ပေ၊။ အောင်မြင်သောဘဝကို မပိုင်ဆိုင်နိုင်သေးသရွေ့ ဆင်းရဲမှုကို ရင်ဆိုင်နေရသော်လည်း မိမိလုပ်ကိုင်လိုသောအလုပ်ကို လုပ်နေရသောကြောင့် ကျေနပ်ပျော်ရွှင်နေမည်ဖြစ်သည်။ သို့သော် ဝါသနာပါရုံဖြင့် အောင်မြင်မှုကိုရနိုင်သည်ဟု သေချာပြော၍ မရသေးပါ။ ဝါသနာကိုအခြေခံပြီး ယုံကြည်မှုနှင့် တွဲ၍တည်ဆောက်မှသာ အောင်မြင်နိုင်မည်။ ဝါသနာပါသည့်အလုပ်မှာ အောင်မြင်ရမည်ဟုယုံကြည်မှသာ အောင်မြင်နိုင်မည်။ ကျောင်းဆရာဝါသနာပါသူက ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ရမည်ဟု ယုံကြည်ရမည်။ သရုပ်ဆောင်ဝါသနာပါသူက သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ရမည်ဟု ယုံကြည်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

အချို့သောလူငယ်များသည် မိမိတို့ဝါသနာပါသော အရာများကို ကိုယ်ပိုင်ဆန္ဒဖြင့် ရွေးချယ်နိုင်ခွင့်မရကြသည်ကို တွေ့ရပါသည်။ မိဘများ၏ တိုက်တွန်းမှုကြောင့် စိတ်ဝင်စားမှုမရှိသောအရာများကို လုပ်နေကြသည်ကို တွေ့ရသည်မှာ စိတ်မကောင်းဖြစ်ရပါသည်။ မိဘများအနေဖြင့် လူငယ်များသည် ဝါသနာပါသောအရာကိုလုပ်ခွင့်၊ ရွေးချယ်ခွင့်ပေးသင့်ပါသည်။ ဥပမာ - နိုင်ငံရေးအလုပ်ကို ဝါသနာပါသည့် လူငယ်သည် ထိုအလုပ်တွင်ပျော်ရွှင်မည်။ ထိုအလုပ်အပေါ်ကျေနပ်မှုရှိမည်။ တန်ဖိုးထားမည်။ ဝါသနာပါသောကြောင့် စိတ်ဝင်စားမှုရှိပြီး ထိုအလုပ်နှင့် ပတ်သက်သည့်ပညာများ တိုးပွားသည်ထက်တိုးပွားစေရန် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်မည်။ အများအကျိုးပြုနေစဉ်တွင် မိမိဘဝလည်းဖွံ့ဖြိုးတိုးတက်လာပြီး မည်သည့်နေရာတွင်ဖြစ်စေ အောင်မြင်သောသူ ဖြစ်လာနိုင်မည်ဖြစ်သည်။ မိမိ၏ဘဝတစ်ခုအနေလည်း အောင်မြင်မည်ဖြစ်ပြီး ကျေနပ်နိုင်မည်ဖြစ်သည်။ ဝါသနာမပါဘဲ နိုင်ငံရေးလုပ်နေသောသူသည် အောင်မြင်နိုင်မည်မဟုတ်ပေ။ ဝါသနာမပါသောကြောင့် အလုပ်ကို ထိရောက်စွာစွမ်းဆောင်နိုင်သောသူဖြစ်ရန် ခဲယဉ်းသွားပြီဖြစ်သည်။ ထို့ပြင် စိတ်မဝင်စားသည့်အတွက် ပြည်သူ့အကျိုးကို လုပ်ဆောင်နိုင်မှုမရှိသည့်အပြင် မိမိကိုယ်တိုင်တိုးတက်ရန်အတွက် စဉ်းစားနိုင်မည်မဟုတ်ပေ။

လူငယ်တိုင်းတွင် မိမိတို့ပင်ကိုယ်အရည်အချင်းများ၊ စွမ်းရည်များရှိကြပါသည်။ ထိုပင်ကိုယ်စွမ်းရည်များနှင့် ၎င်းတို့၏ ဝါသနာပါသည့်အရာများကို ပေါင်းစပ်မည်ဆိုလျှင် အောင်မြင်သောသူဖြစ်လာမည်ဖြစ်သည်။ အောင်မြင်သောလူငယ်များဖြစ်နိုင်ရန် မိဘများအနေဖြင့် ဖေးမကူညီပေးရမည်ဖြစ်သည်။ လူငယ်များသည် မိမိတို့၏ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်သည့်အခါ မိဘများ၏ လွှမ်းမိုးမှုသည် အလွန်ကြီးမားပါသည်။ မိဘ၏ အရိပ်အာဝသအောက်မလွတ်ကင်းသေးသော လူငယ်များသည် မိမိတို့ဘဝအတွက် ကြီးမားသည့်အဆုံးအဖြတ်တစ်ခုပြုလုပ်ရမည့်အချိန်တွင် မိဘမျက်နှာကို မော့ကြည့်တတ်ကြသည်မှာ သဘာဝဖြစ်ပါသည်။ မည်သည့်အရာကို ရွေးချယ်ရမည်မသိသည့် အချိန်တွင် မိဘများကို အားကိုးကြရသည်။ ထိုအခါ မိမိတို့အိပ်မက်မဟုတ်ဘဲ မိဘများ၏ အိပ်မက်ကိုသာ အကောင်အထည်ဖော်တတ်ကြသည်ကို အများအားဖြင့် တွေ့မြင်နေရပါသည်။ ထိုအခါတွင် အလုပ်အပေါ် ကြိုးစားအားထုတ်မှုရှိသော်လည်း အသက်မပါကြသောကြောင့် လိုရာခရီးကို မရောက်နိုင်တော့ဘဲ အောင်မြင်မှု နှေးကွေးသွားနိုင်ပါသည်။ မိဘများအနေဖြင့် ၎င်းနှင့် ပတ်သက်သည့်အကြောင်းအရာကို သတိထားပေးသင့်ပါသည်။ မိမိတို့အနေဖြင့် စေတနာဖြင့် ရွေးချယ်ပေးခဲ့သော်လည်း စေတနာလွှဲချော်သွားသည့်အခါ သားသမီးများဒုက္ခရောက်ကြရသည့်အပြင် မိဘများကလည်း စိတ်ချမ်းသာမှုရရှိမည်မဟုတ်ပေ။ မည်သူမဆို မိမိတို့ဝါသနာပါသောအလုပ်၊ စိတ်ဝင်စားသောအလုပ်ကိုလုပ်မှသာ အောင်မြင်နိုင်မည်ကို သိထားသင့်ပါသည်။

ထို့ကြောင့် လူငယ်များကိုသတိပေးလိုသည်မှာ မိမိဘဝကို အောင်မြင်အောင်တည်ဆောက်လိုသည့်အခါ မိမိတို့ရွေးချယ်သောအလုပ်သည် မိမိ၏ဝါသနာနှင့် ထပ်တူကျသည့်အလုပ်မျိုးဖြစ်ရန် ကြိုးစားသင့်ပါသည်။ ဝါသနာရေရာမှုမရှိသေးသော လူငယ်များအနေနှင့်လည်း အလုပ်ရွေးချယ်သည့်အခါဝါသနာဟုထင်ရသည့်အလုပ်ကို ရွေးချယ်ပြီး ပတ်ဝန်းကျင်၏စကားကြောင့်တွေဝေမှုမရှိဘဲ တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်မည်ဆိုလျှင် အောင်မြင်သောဘဝကို တည်ဆောက်နိုင်မည်ဟု အကြံပြုရေးသားလိုက်ရပါသည်။

ခြဲင်းမူ;ပေး
(စန္တာခမ်း)
Powered by Blogger.