Thursday, March 1, 2018

တောင်ကြီးမြို့တွင် (၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အလံတင်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂) ရက်

















ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်း၌ ၂၀၁၈ခုနှစ်၊ မတ်လ(၁)ရက်၊ ကြာသပတေးနေ့တွင် (၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အလံတင် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဧည့်ပရိသတ်များက အသီးသီးနေရာယူကြပြီး (အ.ထ.က)ပင်တခွါမှ ဘင်ခရာအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအလံတော်ကို ကိုင်ဆောင်သော တာဝန်ရှိသူတို့ ကွင်းထဲသို့ ချီတက်ကြကာ ပအိုဝ်းအမျိုးသားအလံတော်ကို လွင့်တင်ခဲ့ကြပါသည်။

ထို့နောက်  ဖြားပီတာထွန်းနိုင်၊ ဖြားခွန်သိန်းဖေ၊ ဖြားခွန်ဆွင်၊ ဖြားခွန်လှမောင်နှင့် ဖြားခွန်ကျော်မျိုးတို့အား သဘာပတိအဖြင့်  ရွေးချယ်တင်မြောက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို တညီတညွတ် အလေးပြုခဲ့ကြပါသည်။ ဆက်လက်ပြီး သဘာပတိ ဖြားပီတာထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဖြားခွန်ဝင်းကိုက အမျိုးသားနေ့ ပြုလုပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့လာသော သ၀ဏ်လွှာကို နန်းခံဗွာက သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်မှ ပေးပို့လာသော သ၀ဏ်လွှာကို ခွန်ကျော်ခမ်းက သော်လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းမှ ပေးပို့လာသော သ၀ဏ်လွှာကို စောခွန်ကျော်ဝင်းက သော်လည်းကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့လာသော သ၀ဏ်လွှာကို ဆရာခွန်ကြည်မှ သော်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးပို့လာသော သ၀ဏ်လွှာကို ဦးသုခစံက သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီမှ ပေးပို့သော သ၀ဏ်လွှာကို ဖြားခွန်တင်ထွဋ်က သော်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပေးပို့လာသော သ၀ဏ်လွှာကို ဖြားခွန်သိန်းမောင်က သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပေးပို့သော သ၀ဏ်လွှာကို ခွန်ကျော်အေးမှ သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ပေးပို့သော သ၀ဏ်လွှာကို ခွန်တီးလားက သော်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ပါသည်။

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့(တပေါင်းပွဲတော်)ကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ မတ်လ(၁)ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ပြီး ပအိုဝ်းအမျိုးသားနေ့ကို   ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းယိုးယာ အကပဒေသာ ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပညာရေးထူးချွန်ဆုပအိုဝ်းစာပေနှင့် ပန်းချီပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း၊  အဆိုပါ ပအိုဝ်းအမျိုးသားနေ့(တပေါင်းလပြည့်နေ့)တွင် အနယ်အနယ်အရပ်အရပ်မှ ပအိုဝ်းလူမျိုးလူဦးရေ (၁)သောင်း ကျော်တို့က အလှူပဒေသာပင်(၄၀၀၀)နီးပါးဖြင့် စီတန်းလှည့်လည် စုပေါင်းကုသိုလ်များ ပြုလုပ်ကြကြောင်း သိရှိရပါသည်။

ပအိုဝ်းလူမျိုးတို့သည် နေ၀င်လထွက်အခိန်အခါ(တပေါင်းလပြည့်နေ့)တွင် ဖွားမြင်ခဲ့နေ သူရိစန္ဒာမင်းကြီး၏ မွေးနေ့ကို အစွဲပြု၍ ပအိုဝ်းအမျိုးသားနေ့ဟု သတ်မှတ်ပြီး နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း၊ ဤသို့ ပအိုဝ်းအမျိုးသားနေ့ကို ပြုလုပ်ရခြင်းမှာ မိမိတို့လူမျိုးကို ပြန်လည်အောက်မေ့မှတ်တမ်းတင်ရန်၊ မိမိတို့၏ ဘာသာသာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာများကို မြတ်နှိုးတန်ဖိုးထားရန်နှင့် မျိုးချစ်စိတ်ပိုမိုထက်သန်စေရန် ရည်ရွယ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ရာမှ ၁၉၇၅ခုနှစ်၊ မတ်လ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးတွင် ကျင်းပသော ပအိုဝ်းအမျိုးသားနေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိတို့၏ သူရိယစန္တားမင်းမွေးနေ့ (ဒဲဉ်သီးလာဗွေပွဲ)ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပီပြင်စွာ သတ်မှတ်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းလူမျိုးများနေထိုင်ရာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နိုင်ငံခြားရှိ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ အမေရိကန်နှင့် သီရိလင်္ကာရှိ ပအိုဝ်းလူမျိုးများလည်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်





Powered by Blogger.