Friday, March 2, 2018

(၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ (ဒဲဉ်သီးလာဗွေ)အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပပြီးစီး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂) ရက်







(၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့(ဒဲဉ်သီးလာဗွေ) အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဘောလုံးပြိုင်ပွဲမှာ ၂၀၁၈၊ မတ်လ(၁)ရက်၊ တပေါင်းလပြည့်နေ့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အကြီးတန်းအဆင့် ဗိုလ်လုပွဲတွင် ပွဲစားအိုအသင်းက ကန်တော်တန်အသင်းကို ပွဲချိန်ပြည့် မိနစ်(၉၀)ထိ တစ်ဂိုးစီသရေကျကာ အချိန်ပို ဆက်လက်ကစားခဲ့ပြီး အချိန်ပို ဒုတိယပိုင်းတွင် ပွဲစားအိုအသင်းက အနိုင်ဂိုး သွင်းယူကာ ဗိုလ်စွဲသွားပြီး အငယ်တန်းအဆင့် ဗိုလ်လုပွဲတွင် ပန်းတင်(ခ)အသင်းက မဲုင်းသောစဲဉ်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

အကြီးတန်းအဆင့် အကောင်းဆုံးဆုရှင်များမှာ - ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုကို ပွဲစားအိုအသင်းမှ ခွန်ဖိန့်ဖိန့်၊ ရှေ့တန်းအကောင်းဆုံးဆုကို ပွဲစားအိုမှ ခွန်ပိုင်လုံး၊ အလယ်တန်းအကောင်းဆုံးဆုကို ပွဲစားအိုမှ ခွန်ဝတုတ်၊ နောက်တန်းအကောင်းဆုံးဆုကို ကန်တော်တန်အသင်းမှ ခွန်မင်းဦး၊ ဂိုးသမားအကောင်းဆုံးဆုကို ကန်တော်တန်အသင်းမှ ခွန်ဇော်ထက်အောင် တို့ အသီးသီး ဆုရရှိသွားကြောင်း သိရသည်။

အငယ်တန်းအဆင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုကို မဲုင်းသောစဲဉ်းအသင်းမှ ခွန်ထွန်းကြည်၊ ရှေ့တန်းအကောင်းဆုံးဆုကို ပန်းတင်(ခ)မှ ခွန်မိုးဒီ၊ အလယ်တန်းအကောင်းဆုံးဆုကို ပန်းတင်(ခ)မှ ခွန်သန့်ဇင်၊ နောက်တန်းအကောင်းဆုံးဆုကို မဲုင်းသောစဲဉ်းအသင်းမှ ခွန်မောင်ဆောင်း၊ ဂိုးသမားအကောင်းဆုံးဆုကို မဲုင်းသောစဲဉ်းမှ ခွန်သိန်းဇော်က ဆုရရှိသွားကြောင်း သိရသည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် လွယ်ခံအသင်းက Shan Old Star အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

ဆုကြေးများမှာ အကြီးတန်းအဆင့် ပထမဆုရအသင်းကို ဆုကျပ်ငွေ(၁၅)သိန်း၊ ဒုတိယဆုကို ကျပ်ငွေ(၁၀)သိန်း၊ အငယ်တန်းအဆင့် ပထမဆုရအသင်းကို ဆုကျပ်ငွေ(၂၀)သိန်း၊ ဒုတိယဆုကို ဆုကျပ်ငွေ( ၁၅)သိန်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းကို ဆုကျပ်ငွေ (၅)သိန်း၊ ဒုတိယဆုကို (၃)သိန်း အသီးသီး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.