Tuesday, March 20, 2018

ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ စီမံကိန်းပြန်လည်သုံးသပ်ခြင်းနှင့် လာမည့်နှစ်လုပ်ငန်းစဉ်အတွက်ဆွေးနွေးခြင်းပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၀)ရက်






ကနေဒါအစိုးရနှင့် အလှူရှင်တို့၏ပံ့ပိုးကူညီမှုဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် MEDA အဖွဲ့တို့ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်း တိုးတက်ရရှိရေးစီမံကိန်းအတွက် စီမံကိန်းပြန်လည်သုံးသပ်ခြင်းနှင့် လာမည့်နှစ်လုပ်ငန်းစဉ်အတွက် ဆွေးနွေးခြင်းကို (၁၉.၃.၂၀၁၈ နှင့် ၂၀.၃.၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ Grand Ngwe Saung Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ထိုဆွေးနွေးပွဲတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၁၇)ရွာမှ ကြက်သွန်ဖြူ စိုက်ပျိုးရေးနည်းစနစ်အသုံးပြုမှုများ၊ ငွေစုငွေချေးအဖွဲ့များနှင့် စွမ်းရည်မြှင့်တင်ခြင်းများ၏ လေ့လာတွေ့ရှိချက်များ၊ အားနည်းချက်/အားသာချက်များနှင့် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မည့်နည်းလမ်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

“ ကျွန်တော်တို့ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အနေနဲ့ စီမံကိန်းကျေးရွာ (၁၇)ရွာကို အမျိုးသမီးတွေအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းတိုးတက်ရရှိရေးစီမံကိန်းရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီးများရဲ့ ပါဝင်မှုအခန်းကဏ္ဍ ပိုမိုမြှင့်မားလာရမယ်ဆိုတာပေါ့။ လုပ်ငန်း အကောင်အထည်ဖော်ရာမှာတော့ အဓိကကဏ္ဍ (၃)ခုဖြစ်တဲ့ (၁) အမျိုးသမီးများအတွက် ငွေစုငွေးချေးအဖွဲ့နှင့် ချိတ်ဆက်မှုရှိစေရန်နှင့် ငွေကြေးလက်လှမ်းမှီမှုရရှိစေရန် (၂) ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းပညာများ လက်တွေ့တိုးတက်အသုံးပြုလာစေရန်နှင့် ဈေးကွက်လက်လှမ်းမှီမှုရှိစေရန် (၃) ဆုံးဖြတ်ချက်ချမှတ်ရာတွင် အမျိုးသမီးများ၏ပါဝင်မှု မြှင့်မားလာစေရန်တို့ပဲဖြစ်ပါတယ် ” ဟု ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။

“ ကျွန်တော်တို့ ဒီစီမံကိန်းကတော့ (၄)နှစ်ပေါ့ ၂၀၁၆-ခုနှစ်၊ မတ်လမှာစတင်ပြီး ခုဆိုရင် (၂)နှစ်ပြီးလို့ (၃)နှစ်ထဲကိုရောက်လာပြီပေါ့ ပြီးခဲ့တဲ့နှစ်တွေကတော့ ကျေးရွာ(၁၇)ရွာကို အဓိကထားပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ် ဒီနှစ်မှာတော့ နောက်ထပ်(၂၁)ရွာ ထပ်တိုးအကောင်အထည်ဖော်ဖို့ရည်ရွယ်ထားပါတယ် ” ဟု ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်ဘော်ထံမှ သိရှိရပါသည်။

ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ စိုက်ပျိုးရေးပညာရှင် ဒေါ်စုရည်မွန်မှ “ ကျွန်မတို့ကတော့ တောင်သူတွေကို နည်းပညာပံ့ပိုးတဲ့နေရာမှာ အဓိက ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးကိုဦးတည်တာပေါ့နော် လက်ရှိကတော့ ကြက်သွန်ဖြူကို ဦးစားပေးပြီး စနစ်တကျမြေပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မြေသြဇာများကို စနစ်တကျသုံးစွဲခြင်း၊ သဘာဝဆေး (မြေသြဇာ၊ အပင်အားဆေး၊ မှိုသတ်ဆေးနှင့် ပိုးသတ်ဆေး)၊ အပင်များကို ပြုစုထိန်းသိမ်းခြင်းနှင့် သိုလှောင်ခြင်း စတဲ့ နည်းပညာတွေကို လက်တွေ့တိုးတက်အသုံးပြုလာစေဖို့အတွက် ဆောင်ရွက်ပေးပါတယ် ” ဟုပြောကြားခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ အကြီးအကဲများ၊ စီမံကိန်းလုပ်ငန်းအောင်မြင်ရန် ရုံးပိုင်းဆိုင်ရာတာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများနှင့် ကွင်းပိုင်းဆိုင်ရာတာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများ စုစုပေါင်း (၁၈)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်တကျော်
Powered by Blogger.