Wednesday, March 28, 2018

တိုးတက်ပြောင်းလဲမှု၏နောက်ကွယ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈)ရက်

Credit-Photo
ဤလူ့ဘုံလောကကို ရောက်လာကြသည့် သက်ရှိသတ္တ၀ါအပေါင်းတို့သည် သူ့အစုအဖွဲ့နှင့်သူ၊ သူ့မျိုးနွယ်စုနှင့်သူ ဟူ၍ ရှိကြကုန်သည်။ မိမိတို့ဗုဒ¨ဘာသာ၏ယုံကြည်မှုအရ သက်ရှိသတ္တ၀ါတို့သည် ရှေးဘ၀ ရေစက်၊ ရှေးဘ၀ကုသိုလ်၊ အကုသိုလ်အပေါ် အခြေတည်ပြီး ဆင်းရဲ၊ ချမ်းသာ၊ အနိမ့်၊ အမြင့် အရောင် အသွေးစုံလင်စွာ ကွဲပြားခြားနားပြီး ရောက်ရှိလာရခြင်း ပင်ဖြစ်သည်။ ဤကမ္ဘာလောကမှာ မှီတင်း နေထိုင်ကြသည့် သက်ရှိသတ္တ၀ါအားလုံးထဲမှ လူတို့သည် အသိဥာဏ်ပညာအရှိဆုံး၊ ဆင်ခြင်နိုင်စွမ်း အရှိဆုံးပင် ဖြစ်သည်။ ပြိုင်ဆိုင်မှုသည်လည်း ထိပ်ဆုံး၌ရပ်တည်နေသော သက်ရှိသတ္တ၀ါတစ်မျိုးပင် ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါသည်။ ဤကမ္ဘာလောကအတွင်း ရပ်တည်နေထိုင်ကြသော လူတို့သည် မျိုးနွယ်စုပေါင်းမြောက်များစွာ ရှိပေသည်။ တိုက်နယ်ဒေသ အားဖြင့်သော်လည်းကောင်း၊ နိုင်ငံအားဖြင့်သော်လည်းကောင်း၊ ပြည်နယ်အားဖြင့် သော်လည်းကောင်း များစွာရှိပေသည်။ လူတို့သည် ဒေါသ၊ လောဘများနှင့် အသက်ရှင်နေသူများသာ အများအပြားတွေ့ မြင်နေရပြီး  ကိုယ့်လူမျိုး၊ သူ့လူမျိုးဟူ၍ ခွဲခြားတတ်ကြပေသည်။

လူမျိုးတိုင်းသည် သူ့အမျိုးအနွယ်နှင့်သက်ဆိုင်ရာ သူ့ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အရေးအသား၊ အပြောအဆို များရှိကြကုန်၏။ ထိုသို့ရှိကြသည်နှင့်အညီ မိမိတို့သက်ဆိုင်ရာ ဓလေ့ထုံးတမ်း၊ စာပေယဉ်ကျေးမှုများအလိုက် ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ကြပေသည်။

သို့သော် ဤကမ္ဘာလောကကြီးတွင် နေထိုင်ကြကုန်သော လူတို့မည်သည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲမှုကို လိုလားတတ်ကြပေသည်။ ဤကဲ့သို့ တိုးတက်ပြောင်းလဲလာခြင်းနှင့် အတူတစ်ဖက်တွင် မိမိတို့၏ရိုးရာဓလေ့ထုံးတမ်းများ ပျောက်ကွယ်တတ်ကြပေသည်။ “တိုးတက်ပြောင်းလဲမှု” တွင် တိုးတက်ဟူသောစကားလုံးသည် အလွန်ကောင်းမွန်လှပါသည်။ သို့သော် ပြောင်းလဲမှု ဟူသော စကားလုံးတွင်မူ ကောင်းသောပြောင်းလဲခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အားလုံးသော ပြောင်းလဲမှုသည် ကောင်းမွန်နိုင်မည်မဟုတ်ပေ။

ဤကဲ့သို့ပင် မိမိတို့ ပအိုဝ်းလူမျိုးများနေထိုင်အရပ်ဒေသများတွင်လည်း ခေတ်ရေစီးကြောင်းနှင့် အတူတိုးတက်ပြောင်းလဲမှု များစွာရှိပေသည်။ မိမိတို့ အဖိုးအဖွားခေတ်၊ မိဘခေတ်၊ မိမိတို့ခေတ်နှင့် မိမိတို့သားသမီးများခေတ်တို့အားလုံးသည် မတူကွဲပြားခြားနားလှပေသည်။ တိုးတက်ပြောင်းလဲလာသည်ကို တွေ့မြင်နေရပါသည်။

မိမိတို့ အဖိုးအဖွားတို့၏ ပြောပြချက်များအရ ၎င်းတို့ခေတ်တွင် မြို့တက်နိုင်ရန်ဆိုသည်ထက် တစ်ရွာနှင့်တစ်ရွာ၊ တစ်ဒေသနှင့်တစ်ဒေ သွားလာနိုင်ရန် အလွန်ပင်ခက်ခဲလှပေသည်။ ၎င်းတို့ ခေတ်တွင် နွားလှည်းတစ်စုံပိုင်ဆိုင်သူတို့သည် အလွန်ပင်ချမ်းသာလှပေသည်။ သို့သော် ကျွဲ/နွားများ ကိုမူ အိမ်တိုင်းပိုင်ဆိုင်ထားကြလေသည်။ ကျွဲ/နွားများ ပိုင်ဆိုင်ထားသည်နှင့်အညီ တောရိုင်း တိရိစ္ဆာန် ဖြစ်သော ကျား၏ရန်ကို အလွန်ပင်ကြောက်လွန်းလှပေသည်။ ၎င်းတို့ခေတ် ကျေးရွာသည် လူနေအိမ်တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးသည်သာမက ထူထပ်လှသော တောတောင်များဝန်းရံထားသည့် ကျေးရွာများသာ ရှိလေသည်။ ဤသည်မှာ မိမိတို့ပအိုဝ်းလူမျိုးတို့၏ ငြိမ်းချမ်းစွာနေထိုင်လိုသောစိတ်၊ ပဒေသရာဇ်ခေတ်စနစ်ဆိုးများနှင့် အလှမ်းဝေးလေကောင်းလေဆိုသည့် ကြောက်စိတ်များကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် တောရိုင်းတိရိစ္ဆာန်များ၏ ရန်ကိုကြောက်ရွံ့နေရပါသည်။ ကျားတို့သည် ညသန်းခေါင်အချိန်ရောက်တိုင်း လူတို့နေထိုင်ရာ ကျေးရွာတွင်းကို ၀င်ရောက်အစာရှာလေ့ရှိကြသည်။ ကျားတို့၏ပစ်မှတ်သည် ကျေးရွာတွင်ရှိကြကုန်သော ကျွဲ/နွားများပင်ဖြစ်သည်။ ၎င်းတို့ခေတ် မိမိတို့ အဖိုးအဖွားဖြတ်သန်းလာရာ ဘ၀လမ်းခရီးသည် အလွန်ပင်ကြမ်းတမ်းလွန်းလှပေသည်။ အဖိုးအဖွားများ၏ ပြောဆိုမှုများ၊ အတွေ့အကြုံများကို ရေးသားဖော်ပြမည်ဆိုပါက အခက်အခဲ၊ ပျော်ရွင်ကြည်နူးမှု၊ သည်းထိတ်ရင်ဖိုမှု အစရှိသည်တို့ဖြင့် များစွာရှိပေသည်။ သို့သော် ၁၉၈၀ ခုနှစ် အလွန် ၁၉၉၀ ခုနှစ်ကာလတွင် မွေးဖွားသည့်သူတိုင်း ကျေးလက်တောရွာများတွင် ကြီးပြင်းလာသူတိုင်း မိမိတို့ မိဘဘိုးဘွားများမှ ကြားဖူးပြီး ဖြစ်လိမ့်မည်ဖြစ်ပေသည်။

မိမိတို့၏ မိဘခေတ်တွင်မူ တိုးတက်ပြောင်းလဲလာသည်နှင့် လူနေမှု၊ ယဉ်ကျေးမှုသည်လည်း တိုးတက်ပြောင်းလဲလာပေသည်။ သို့သော် ကြီးမားသောတိုးတက်ပြောင်းလဲမှုများ မရရှိသေးပေ။ အဖိုးအဖွားခေတ်နည်းတူ နွားလှည်းကိုပင် အားကိုးမြဲအားကိုးနေရသည်။ အချို့သောလူချမ်းသာတို့သည် ထွန်စက်ကြီးကို လက်ဝယ်ပိုင်ဆိုင်သည့်ခေတ် ဖြစ်ပေသည်။ အချို့သောလူချမ်းသာတို့၏ သားလူပျိုတို့အတွက်လည်း ကက်ဆက်၊ ရေဒီယိုများ ပိုင်ဆိုင်သည့်ခေတ်ကို ပြောင်းလဲလာပေသည်။ သို့သော် လမ်းပန်းဆက်သွယ်မှုသည်လည်း အလွန်ပင်ခက်ခဲသည်မှာ အဖိုးအဖွားခေတ်နှင့်နည်းတူ ပင်ဖြစ်သည်။ အဖိုးအဖွားခေတ်ထက် အနည်းငယ်သာလွန်သည်မှာ ထွန်စက်ကြီးကို ပိုင်ဆိုင်ထားသည့် ကျေးလက်သူဌေးကြီး ရှိခြင်းပင်ဖြစ်သည်။ ထွန်စက်ကြီးကို ထွေလာအတွဲ တပ်ဆင်ပြီး မိမိတို့လိုရာကို ပိုမိုမြန်ဆန်သောအချိန်ကာလအတွင်း ပြီးမြောက်အောင် လုပ်ဆောင်လာကြပေသည်။ ခြံထွက်သီးနှံများသယ်ယူခြင်း၊ မြို့တက်ခြင်း၊ ဘုရားပွဲသွားခြင်း၊ နယ်ဝေးရှင်ပြုအလှူ ပွယ်များသွားခြင်း တို့တွင် အသုံးပြုကြလေသည်။ ၎င်းတို့ခေတ်ကာလကို ရေးသားသီကုံးမည်ဆိုပါက များစွာရှိပေသည်။

ယနေ့ခေတ်ကာလတစ်ခုကို ကြည့်ခြင်းအားဖြင့် အလွန်ပင်တိုးတက်ပြောင်းလဲလာပေသည်။ လမ်းပန်းဆက်သွယ်မှုကောင်းမွန်သည်နှင့်အမျှ တစ်နယ်နှင့်တစ်နယ်၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အလွယ်တကူသွားလာနိုင်ပေသည်။ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းထာသော မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများ၊ တယ်လီဖုန်းဟန်းဆက်များ အစရှိသည်တို့သည်လည်း မိမိတို့ ပတ်ဝန်းတစ်ခုလုံးကို လွှမ်းခြုံလေပြီဖြစ်ပေသည်။ ဤသည်မှာ ကောင်းသောတိုးတက်ပြောင်းလဲမှု တစ်ခုပင်ဖြစ်ပေသည်။ တစ်ဖက်တွင် မိမိတို့မှ ပေးဆပ်လိုက်ရသည်များလည်း များစွာရှိပေသည်။ မိမိတို့လူမျိုးနှင့် သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှုများ နှင့် ဘာသာစကားပြောဆို သုံးနှုန်းမှု ကျဆင်းခြင်းများ အစရှိသည်တို့ကို ပင်ရင်းမိခင်လူမျိုးတို့၏အသွင်မှ အနည်းငယ်ပြောင်းလဲ စေသည်မှာ အမှန်ပင်ဖြစ်သည်။ မြို့နှင့်အလှမ်းဝေးသောအရပ်ဒေသမှ ကျေးလက်တောရွာများတွင် ကြီးကြီးမှားမှားပြောင်းလဲမှုမရှိသော်လည်း၊ မြို့နှင့်အနေနီးသော မြို့ပတ်ဝန်းကျင်ကျေးရွာများတွင်မှု ကြီးမှားလှသော ပြောင်းလဲမှုများကို တွေ့ရှိနေရပေသည်။ ဘာသာစကားပြောဆိုမှုများ၊ ၀တ်စားဆင်ယင်မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ ယဉ်ကျေးမှုများသည် အလွန်ပင်ကွဲပြားခြားနားသည်ကို တွေ့မြင်နေရပါသည်။

မိမိတို့သည် လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုရှိလေသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့ကို ထိန်းသိမ်းရမည်မှာ မိမိတို့သည်သာ တာဝန်အပြည့်ရှိလေသည်။ ဤသို့ပြောဆိုမှုများ မကြာခဏရှိ သော်လည်း စိတ်နှလုံးသွင်းမှုမှာ အလွန်ပင်အားနည်းလွန်းလှပေသည်။ တိုးတက်ပြောင်းလဲမှုများကို ကြိုဆိုလက်ခံခြင်းဖြင့် တစ်ဖက်တွင် မိမိတို့သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုများကိုလည်း မပပျောက်အောင် ထိန်းသိမ်းတတ်ရပေမည်။ လူတို့သည် တိုးတက်ပြောင်းလဲမှုနောက် အမှီလိုက်ဖို့ကြိုးစားရင်း မိမိတို့ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရန် မေ့တတ်ကြသည်။ ဤသည်မှာ မိမိတို့ လူမျိုး၊ ဘာသာ၊ စာပေ ပပျောက်ရန် လမ်းစများပင်ဖြစ်ပေသည်။ ဖျက်စီးဖို့ရန်လွယ်သော်လည်း ပြန်လည်တည်ဆောက်ရန် ပြန်လည်ရယူရန် အလွန်ပင်ခက်ခဲလှသည်မှာ မိမိတို့ပအိုဝ်းလူမျိုးများအနေဖြင့် များစွာလှသော သာဓကကို တွေ့ကြုံခဲ့ပြီးဖြစ်ပေသည်။

လူမျိုးတစ်မျိုး၏ အသက်သွေးကြောသည် သက်ဆိုင်ရာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပင်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုများ ကွယ်ပျောက်သွားပါက လူမျိုးဟူသည်လည်း ပျောက်ကွယ်သွားမည်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့အားလုံးသည် သက်ဆိုင်ရာမိမိတို့၏လူမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို နှစ်သက်မြတ်နိုး တန်ဖိုးထားပြီး ခေတ်ရေစီးကြောင်း မည်သို့ပင် ပြောင်းလဲစေကာမှု မပပျောက်အောင် စောင့်ရှောက်ကာကွယ်ရမည်ပင်ဖြစ်သည်။

ခွန်အောင်;နွောင်,
Powered by Blogger.