Monday, March 5, 2018

သမိုင်းပေးတာဝန်ကျေပါစေ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၆)ရက်

credit - မူရင်းဓါတ်ပုံရှင်

လူ့လောကတွင် လူဟုမွေးဖွားလာသည်နှင့်တစ်ပြိုင်နက် ခြေ၊ လက်၊ နှာခေါင်း၊ နား၊ မျက်စိ စသည်တို့ အင်္ဂါလက္ခဏာများမပြည်စုံသောသူတစ်ဦးသည် လူများအလယ်တွင်မျက်နှာငယ်ခြင်း၊ သူတစ်ပါး အထင်အမြင်သေးခြင်းနှင့် မိမိဂုဏ်သိက္ခာကျဆင်းပြီး လူသားတစ်ဦးရသင့်ရထိုက်သည့် အခွင့်အရေးအမျိုးမျိုးဆုံးရှုံးခြင်းကြောင့် လူဖြစ်ချင်းတူသော်လည်း လူဖြစ်ရှုံးသောသူဖြစ်သည်။

ထိုနည်းအတိုင်း လူမျိုးတစ်မျိုးသည်လည်း လူမျိုးအင်္ဂါရပ်များဖြစ်သော ဘာသာစကား၊ စာပေ၊ ဝတ်စားဆင်ယင်မှု၊ အဆို၊ အက၊ အရေး၊ အတီးခေါ် ဓလေ့ထုံးတမ်း ရိုးရာယဉ်ကျေးမှုမရှိခြင်း၊ ရှိသော်ငြားလည်း တည်မြဲခြင်းမရှိသော လူမျိုးများသည် ကမ္ဘာပေါ်တွင် အခြားလူမျိုးများအကြား အထင်အမြင်သေးခြင်းခံရပြီး မိမိတို့၏ လူမျိုးဂုဏ်ကျက်ကျဆင်းကာ အခြားသောလူမျိုးများနှင့်တန်းတူအခွင့်အရေးများ၊ အတူယှဉ်တွဲနေထိုင်ရန် ဂုဏ်သိက္ခာများ၊ တန်ခိုးသြဇာအာဏာများမရှိသဖြင့် အခွင့်အရေးဆုံးရှုံးသောလူမျိုးများဖြစ်ပါသည်။ ပအိုဝ်းလူမျိုးတစ်ယောက်အနေဖြင့်လည်း မိမိတို့၏စာပေကို မိခင်ဝမ်းဗိုက်ထဲမှမွေးဖွားလာသည်နှင့်တစ်ပြိုင်နက် တတ်မြှောက်ရန် တာဝန်တစ်ခုအဖြစ်ပါလာပြီးဖြစ်သောကြောင့် ရေးတတ်၊ ဖတ်တတ်ရန် လိုအပ်ပါသည်။

လူမျိုးတစ်မျိုးတွင် မိမိတို့စာပေ၏ စာပေအက္ခရာ၊ သင်္ကေတမရှိသောလူမျိုးသည် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ လူမျိုးရေးဆောင်ရွက်ရန် စာထဲတွင်သမိုင်းများမကျန်ရစ်ခဲ့ခြင်းကြောင့် မျိုးဆက်သစ်လူငယ်များသည် ကောင်းသောအမွေများကိုလက်ခံရရှိထားခြင်းမရှိသဖြင့် မိမိလူမျိုးကို အထင်သေးခြင်း၊ မိမိလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုအထင်သေးပြီး အခြားလူမျိုးများ၏ ယဉ်ကျေးမှုကိုအထင်ကြီးကာ အမြင်ကွဲပြားမှုများရှိလာ၍ နောက်ဆုံးတွင် စာပေထွန်းကားသည့် လူမျိုးများ၏ကျွန်အဖြင့်ရောက်ရှိသွားမည်ဖြစ်သည်။ စာပေထွန်းကားပြီးတည်မြဲသောလူမျိုးသည် ဥမကွဲသိုက်မပျက် စည်းလုံးညီးညွတ်မှုကိုရရှိစေသည်။ မိမိလူမျိုးတို့၏အမွေအနှစ်ဖြစ်သော ရိုးရာယဉ်ကျေးမှုများကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းခြင်းဖြင့် အခြားသောလူမျိုးကြီးများ၏ ဝါးမျိုခြင်းအန္တရာယ်မှ လွတ်ကင်းမည် ဖြစ်သည်။ မိမိလူမျိုးများ၏အသိပညာဗဟုသုတသည် မိမိတို့၏ စာပေထဲတွင်ရှိထားခြင်းဖြင့် ကမ္ဘာပေါ်တွင် တည်မြဲအောင်ရပ်တည်နိုင်သောလူမျိုးတစ်မျိုးဖြစ်နိုင်ပေမည်။

နိုင်ငံတစ်နိုင်ငံတွင် နေထိုင်ကြသည့်လူမျိုးများသည် မိမိလူမျိုးနှင့် မိမိတို့နေထိုင်ရာတိုင်းပြည်များကို ကာကွယ်နိုင်ရန် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စာပေများကို ထိန်းသိမ်းတတ်ရန် တာဝန်ရှိပါသည်။ ထိန်းသိမ်းနိုင်ရန်လည်း အခွင့်အရေးရှိပါသည်။ တိုင်းပြည်တစ်ပြည်တွင် လက်နက်ဖြင့် ကျူးကျော်သိမ်းပိုက်ခြင်းမရှိသော်လည်း တိုင်းပြည်၏ အမွေအနှစ်အသက်သွေးကြောဖြစ်သော စာပေ၊ သမိုင်းရာဇာဝင်များကို သိရှိထားခြင်းမရှိလျှင် လူ့သက်တမ်းနှစ်ပေါင်း (၆၀)ကြာချိန်တွင် တိုင်းပြည်နှင့် လူမျိုးပျောက်ကွယ်သွားနိုင်သည်။ တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး စစ်တိုက်မည်ဆိုပါက တိုင်းပြည်နှင့်လူမျိုးတို့၏အသက်သွေးကြောဖြစ်သော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စာပေတို့၏ သမိုင်းကြောင်းရာဇာဝင်ကို ဦးစွာဖျက်စီးခဲ့ကြသည်။

စစ်ပစ္စည်းကိရိယာ၊ စစ်သားအင်အား၊ နိုင်ငံမည်မျှပင်ကျယ်ပြန့်နေစေကာမူ စာပေထွန်းကားခြင်း မရှိသည့် လူမျိုးများသည် အခြားသောလူမျိုးများ၏ ကျွန်ဘဝသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် စာပေသည် နိုင်ငံနှင့်လူမျိုးအတွက် တန်းဖိုးကြီးသောရတနာတစ်ပါးပင် ဖြစ်ပေသည်။ စာပေ၏တန်ခိုးအာဏာသည် လူမျိုးတစ်မျိုးအတွက် လက်နက်ကိရိယာဖြစ်သောကြောင့် လူမျိုးတစ်မျိုးကို ဝါးမျိုနိုင်ရန်နှင့် တိုင်းပြည်တစ်ပြည်ကိုသိမ်းပိုက်နိုင်ရန်လွန်စွာမှ အသုံးဝင်ပါသည်။

ထို့ကြောင့် ပအိုဝ်းလူမျိုးများ အနေဖြင့်လည်း မိမိတို့၏ ပအိုဝ်းစာပေသမိုင်းကြောင်းရာဇာဝင်ကိုလည်း ထဲထဲဝင်ဝင်သိရှိထားရန်လိုအပ်ပေသည်။ ပအိုဝ်းလူမျိုးများ၏စာပေသည် တစ်မျိုးသားလုံး၏ အသက်သွေးကြောပင်ဖြစ်သောကြောင့် တတ်မြှောက်အောင်သင်ကြားရန် လိုအပ်သကဲ့သို့ တန်ဖိုးထားတတ်ရန်လိုအပ်ပေသည်။ ခေတ်စနစ်ပြောင်းလဲလာခြင်းနှင့်အတူဖွံ့ဖြိုးတိုးတက်လာသည့် လူတို့၏နေထိုင်မှု စနစ်ကြောင့် အစိုးရစာသင်ကျောင်းပညာများကိုတတ်မြောက်သည့် ပအိုဝ်းလူငယ်များ ပေါ်ထွက်လာခဲ့သည်။ ထို့သို့ ခေတ်ပညာတတ်လူငယ်များ ပေါ်ထွက်လာသည်ကို အားရကျေနပ်မှုလည်းရှိပါသည်။ သို့သော် ခေတ်ပညာတတ်ပအိုဝ်းလူငယ်များသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စာပေများ ထိန်းသိမ်းဖို့ရန် တာဝန်တစ်ခုမေ့လျော့နေသည်ကို တွေ့မြင်နေရပါသည်။ အနောက်တိုင်းမှလာသည့် တိုင်းတစ်ပါးတို့၏ ရိုးရာယဉ်ကျေးမှုများကိုအထင်ကြီးလာကာ ဝတ်စားဆင်ယဉ်မှု၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင် မိမိတို့၏မိခင်စကားကိုပြောဆိုဆက်ဆံမှုအားနည်းလာပါသည်။ အထူးသဖြင့် မြို့ကြီးများတွင်နေထိုင်သည့် လူကုန်ထံအသိုင်းအဝန်း၏သားသမီးများသည် ပအိုဝ်းစာပေသင်ယူမှုနှင့် ပအိုဝ်းဘာသာစကားပြောဆိုမှုများ မရှိတော့သည်ကိုမြင်တွေ့လာရပါသည်။

တိုင်းပြည်တစ်ပြည် (သို့မဟုတ်)လူမျိုးတစ်မျိုးတို့ကို တိုင်းတစ်ပါးသော လူမျိုးများက ဖျက်စီးဖို့ရန် လုပ်လာမည်ဆိုပါက တိုင်းပြည်တစ်ပြည် (သို့မဟုတ်)လူမျိုးတစ်မျိုး၏ အသက်သွေးကြွေးဖြစ်သော စာပေ၊ သမိုင်းကြောင်းရာဇာဝင်၊ ယဉ်ကျေးမှုများကို ပျောက်ပျက်သွား ပထမဦးစွာဖျက်စီးမည်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးသမိုင်းကြောင်းကိုပြန်ကြည့်ရမည်ဆို့က သုဝဏ္ဏဘူမိသထုံပျက်စီးသွားသည့်အချိန်တွင် ပအိုဝ်းလူမျိုးများ၏စာပေသည်လည်းပျောက်ကွယ်သွားသည်မှန်းဆနိုင်ပါသည်။ သုဝဏ္ဏဘူမိသထုံပျက်စီး၍ ပအိုဝ်း လူမျိုးတို့၏စာပေသည်လည်း ပျောက်ကွယ်သွားခြင်းတို့ကြောင့် ပအိုဝ်းလူမျိုးသည် မျက်မမြင်၊ နားမကြား၊ မိဘမဲ့သည့်လူမျိုးဘဝသို့ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းကာလတွင် ပအိုဝ်းဆရာတော်ကြီးများ၊ ခေါင်းဆောင်ကြီးများ၏ဦးဆောင်မှုဖြင့် ပအိုဝ်းစာပေတစ်ခေတ်ပြန်လည်ထွန်းကားလာခဲ့သည်။ ထိုသို့ ထွန်းကားလာသည်နှင့်အမျှ ပအိုဝ်းအများဆုံးနေထိုင်ရာဒေသများတွင် ပအိုဝ်းစာပေ ဆရာဖြစ်သင်တန်း ဆရာတော်များ ဦးဆောင်မှုဖြင့် နှစ်စဉ်နှစ်တိုင်းဖွင့်လှစ်ခဲ့သည်။

သို့ဖြစ်ပါ၍ခေတ်ပညာတတ်ပအိုဝ်းလူငယ်မောင်မယ်များအနေဖြင့် မိမိလူမျိုးတို့၏ စာပေရေရှည် တည်တံ့နိုင်ရန် တာဝန်တစ်ရပ်သည် မိမိတို့၏ ပခုံးပေါ်ကျရောက်လာပြီးဖြစ်သောကြောင့် ရှေးဘိုးဘွား မိဘတို့ ထိန်းသိမ်းထားသည့် ပအိုဝ်းစာပေ၏လုပ်ငန်းဆောင်ရွက်ချက်များကို စေတနာ၊ အနစ်နာ၊ ဝါသနာ နာသုံးနာကိုရှေ့ထား၍ ကျေးဇူးပြန်ဆပ်နိုင်ရန်လိုအပ်ပါသည်။ ထို့ကြောင့် မိမိလူမျိုးနှင့်မိမိအမျိုးသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မပျောက်ပျက်သွားအောင် လူတိုင်းမလုပ်မဖြစ် ဘဝပေးတာဝန်အရ မိမိလူမျိုးတို့၏အမွေအနှစ်များ လူတိုင်းချစ်ခင်မြတ်နိုးပြီးထိန်းသိမ်းတတ်ရန်လိုပါသည်။

ခွန်လိုရဲုင်း
လွယ်ကောင်း
Powered by Blogger.