Wednesday, March 21, 2018

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နဲ့ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်







ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူ ပြုနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးပြီး ၂၀၁၈၊ မတ်လ(၂၁)ရက်နေ့၊ မနက်(၉း၃၀)အချိန်တွင် တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်း၌ ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့်ဈေးရောင်းပွဲတော်နာယက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည် တည်တံ့စေရန် ၊တိုင်းရင်းသားများ၏ ရိုးရာအစားအသောက် အ၀တ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းများကို အားပေးမြှင့်တင်ရန် ၊ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ခင်မှုမှ တဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းလာစေရန် ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးတက္ကသိုလ် ခန်းမထဲတွင် နေ့လည် (၁) နာရီအချိန်၌ ရှမ်း၊ အင်းသား၊ ကယန်း၊ ဂုံရှမ်း၊ လီဆူ၊ အာခါ၊ လားဟူ ၊ ၀ ၊အဲန် ၊ တိုင်းခမ်းတီး ၊ တိုင်းလိုင် ၊တိုင်းနေ၊ တိုင်းဆာ၊ ကချင်၊ ယင်းနက်၊ ယင်းကျား၊ ဓနု၊ ရှမ်းကြီး၊ ပအိုဝ်း၊ ထနော့၊ တောင်ရိုး၊ ကိုးကန့်၊ တအာင်း(ပလောင်) စတဲ့ တိုင်းရင်းသားမျိုးနွယ်စု (၂၄)မျိုးရဲ့ စာပေဆိုင်ရာစာတမ်း နဲ့ သမိုင်း ယဉ်ကျေးမှုဓလေ့ဆိုင်ရာစာတမ်းများကို ဖတ်ကြားတင်သွင်းကြောင်း သိရပြီး စုစုပေါင်း စာတမ်း(၂၆)စောင်များကို မတ်လ(၂၁)ရက်မှ (၂၄)ရက်နေ့ထိ နေ့စဉ် နေ့လည်(၁)နာရီချိန်တွင် ဖတ်ကြားသွားမည်ဟု သိရသည်။

တိုင်းရင်းသားစာပေနဲ့ ရိုးရာအသုံးအဆောင်ပြခန်း (၂၃)ခန်း ပြသထားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာအုပ် ၊ ရိုးရာအစားအသောက် နဲ့ အသုံးအဆောင်တို့ကို ရောင်းချသွားမည့်အပြင် တိုင်းရင်းသားမျိုးနွယ်စု (၂၂)စုက ရိုးရာအသုံးအဆောင်များ ၊ ရိုးရာဝတ်စုံများ၊ တူရိယာပစ္စည်းများ ပစ္စည်းပေါင်း (၇၀၀)ကျော်ကို နေ့စဉ် မနက် (၉း၃၀) ကနေ ည(၁၁) နာရီအထိ ပြသထားရန် စီစဉ်ထားကြောင်းသိရပြီး ၊တိုင်းရင်းသား (၂၇)မျိုးက အကအဖွဲ့ (၄၅)ဖွဲ့က ညနေ(၆)နာရီကနေ ည (၁၁)နာရီထိ ပွဲတော်ကာလအတွင်း ကပြဖျော်ဖြေ ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

ခွန်ဓဇ

Powered by Blogger.