Thursday, March 15, 2018

ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပြုလုပ်မည့် အလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲတွင် ပညာအရည်အချင်း ကန့်သတ်မထားသောကြောင့် ဒေသတွင်းရှိ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်းသိရ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၅)ရက်


ဒေသတွင်းလူငယ်များ အလုပ်အကိုင်ရရှိနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်၊ အလုပ်သမား ညွန်ကြားရေးဦးစီးဌာနနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်းကာ ရှမ်းပြည်နယ်(ပထမ)အကြိမ် အလုပ်အကိုင်အခွင့်အလမ်းမိတ်ဆက်ပွဲ(Job Fair)ကို (၁၇-၃-၂၀၁၈) စနေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း ပြုလုပ်ကျင်းပမည် ဖြစ်သည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲတွင် ပညာအရည်အချင်း ကန့်သတ်မထားသောကြောင့် ဒေသတွင်းရှိ လူငယ်များ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲနှင့် ပတ်သက်၍ “ ဒီအလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲကို တက်ရောက်လေ့လာမဲ့ လူငယ်တွေအတွက် ပညာအရည်အချင်း မကန့်သတ်ထားပါဘူး။ ဒီပွဲမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ကုမ္ပဏီပေါင်း(၆၀)ကို လာရောက်မိတ်ဆက်ဖို့ ဖိတ်ထားပါတယ်။ ဒါကြောင့် လာရောက်လေ့လာသည့် လူငယ်တွေအနေနဲ့ မိမိအရည်အချင်းနှင့် ကိုက်ညီတဲ့ ကုမ္ပဏီကို လျှောက်ထား အင်တာဗျူးဖြေနိုင်ပါတယ်။ လာရောက်လေ့လာသူအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအကျဉ်းကို ယူဆောင်လာဖို့ လိုပါတယ်” ဟု ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ အတွင်းရေးမှူး ခွန်ချစ်ဦးက ပြောပါသည်။

ထိုအလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ရန်ကုန်မြို့မှ တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီတို့မှ အလုပ်အကိုင်အခွင့်အလမ်းများကို မိတ်ဆက်ကြော်ငြာသွားမည်ဖြစ်ပြီး လာရောက်လေ့လာသော လူငယ်များအနေဖြင့် အလုပ်အကိုင် ရရှိနိုင်သည့်အပြင် အင်တာဗျူးသည့်အတွေ့အကြုံ၊ ကုမ္ပဏီများနှင့် ထိတွေ့ခွင့်၊ အလုပ်အကိုင် အမျိုးအစား၊ အလုပ်လျှောက်ရာတွင် ပြင်ဆင်ရမည့် အချက်အလက်များကို သိရှိနိုင်မည်ဖြစ်သောကြောင့် လူငယ်များအနေဖြင့် လာရောက်လေ့လာကြရန် ခွန်ချစ်ဦးက အကြံပေး တိုက်တွန်းထားသည်။

 နဂါ့ခွန်
Powered by Blogger.