Wednesday, March 14, 2018

ရှမ်းပြည်နယ်တောင်ပိုင်း ပထမအကြိမ် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေး သင်တန်းကျင်းပပြီးစီး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၅)ရက်


မူးယစ်ဆေးဝါးသုံးစွဲသူတို့ ဆေးဖြတ်ကုသခံနိုင်ရန်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရန်ရည်ရွယ်ခြင်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဟိုပုံးမြို့ပြည်သူ့ဆေးရုံနှင့်ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနတို့မှ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄) ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်ကျေးရွာအုပ်စု၊ ဖာလိုင်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သည့် ပထမအကြိမ် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေး သင်တန်းမှာ ဒီကနေ့တွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

မူးယစ်ဆေးလာဖြတ်တဲ့ သူတို့ရဲ့ လုံခြုံရေးအပိုင်းတော့ အားနည်းပါတယ်။ ပြန်လည်ထူထောင်ရေးပိုင်းကို လုပ်ဆောင်ရတာ မကပဲနဲ့ လုံခြုံရေးပိုင်းကိုပါ တာဝန်ယူရတယ်။ လုံခြုံရေးရှိတဲ့အချိန်မှာ ငြိမ်နေပေမယ့် မရှိတဲ့အချိန်မှာ နည်းနည်း အပြင်ထွက်တာတွေ ရှိနေတယ်။ ပထမအကြိမ်ဆိုတော့ အားနည်းချက်တွေရှိပြီး လိုအပ်ချက်တွေလည်းရှိပါတယ်။ သူတို့ရဲ့ အလုပ်အကိုင်ရဖို့အတွက် ဖြတ်ပြီးလို့ ကိုယ့်ရပ်ရွာ ပြန်ရောက်တဲ့အခါကျရင် ဆေးပြတ်တာကို ရေရှည်ထိန်းထားဖို့ သူတို့ရဲ့ မိသားစုတွေ ထိန်းသိမ်းပေးဖို့လည်း လိုပါတယ်။

စခန်းမဖွင့်ခင်ကတည်းက ကြိုတင်သတင်းပေးထားပေမယ့် ဖြတ်ချင်တဲ့သူရဲ့ စိတ်သဘောထားဆန္ဒအရ လာရဲတဲ့သူလည်းရှိသလို မလာရဲတဲ့သူလည်း ရှိနေကြောင်း မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းမှ တာဝန်ရှိသူ ဆရာမျိုးသက်ထွန်းက ပြောပါတယ်။ အဲဒီစခန်းဟာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ စဖွင့်ပြီး ပထမ(၂)ပတ်မှာ မူးယစ်ဆေးဖြတ်သူများရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို ဆေးကုသပေးခဲ့ပြီး ကျန်ရှိနေသည့်နေ့ရက်များကို အသက်မွေးဝမ်းကြောင်း ပညာများကို သင်ကြားပေးလျက်ရှိပါသည်။

စခန်းဖွင့်စချိန်မှာ မူးယစ်ဆေးလာဖြတ်တဲ့သူ (၂၂)ဦးရှိပြီး အခုကတော့ အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးလာဖြတ်သည့်သူ (၁၆)ဦးဘဲ ကျန်ပါတယ်။ မူးယစ်ဆေးဝါးစွဲနေသူတစ်ဦးက “ကျနောဆေးစသုံးဖြစ်တဲအကြောင်းကတော့ သဲကားစပယ်ယာလုပ်နေရလို့ခါးနာတယ်။ ခါးနာကောင်းချင်လို့ မူးယစ်ဆေးစသုံးဖြစ်လာတယ်။ တစ်နေ့ပြီးတစ်နေ့ကြာလာတော့ အားလပ်တဲ့အချိန်ဆို ဆေးမသုံးရရင် မနေတတ်တော့ဘူး၊ ကျနော်ဆေးစွဲနေတာကို မိန်းမသိနေ့လို့ နောက်အိမ်ထောင်ပြုသွားပြီးနိုင်ငံခြားထွက်သွားခဲ့တယ်။ မူးယစ်ဆေးစွဲလာတာ (၁၄)နှစ်ရှိနေလို့ အခုလို ကိုယ်ဆန္ဒနဲ့ မူးယစ်ဆေးလာဖြတ်ရပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးဟာ ဘယ်တော့မှ မထိတွေ့မစမ်းသပ်မိစေနဲ့ မူးယစ်ဆေးသုံးစွဲတဲ့သူနှင့် မပေါင်းမိစေနဲ့ မူးယစ်ဆေးဝါးဟာ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးစွဲမိပြီဆိုရင် ပြန်ဖြတ်ဖို့ခက်ပါတယ်။ အခုမူးယစ်ဆေးသုံးစွဲနေတဲ့လူငယ်များလည်း ကိုယ့်အသိစိတ်နဲ့ ကျနော်လိုမျိုး မူးယစ်ဆေးဝါးဖြတ်ကြပါလို့သူကဆက်ပြောပါတယ်။ အခုလို ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှာ အခုပထမအကြိမ်ဖြစ်ပြီး နောက်လမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ဖယ်ခုံမြို့နယ်မှာ ဖွင့်လှစ်မည့် အစီအစဉ်ရှိကြောင်း သိရပါတယ်။

“ နယ်မြေခံဖြတ်ချင်သူများအနေဖြင့် ကိုယ့်ဒေသမှာ ပြုလုပ်ချင်ရင် နေရာရယ်၊ လုံခြုံရေးရယ်၊ သင်တန်းသားရယ် ဒါတွေကို ရှာဖွေစုစည်း လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ကိုယ့်ဒေသမှာ တကယ်ဖြတ်ချင်ရင် ဒီဟာတွေကို စုစည်းပြီးတော့ တောင်ကြီးရုံးကို ပေးပို့ထားဖို့လိုတယ်၊ တောင်ကြီးရုံးကတစ်ဆင့် တာဝန်ရှိတဲ့သူက ရုံးချုပ်ကို တင်လိမ့်မယ်၊ ရုံးချုပ်က ခွင့်ပြုရင် ကျွန်တော်တို့ လာဖြတ်ပေးလို့ ရပါတယ်၊ သင်တန်းသားဖက်က ဘာမှ မလိုပါဘူး၊ ဖြတ်ချင်တဲ့ ဆန္ဒတကယ်ရှိဖို့ပဲ လိုတာပါ၊ ကျန်တဲ့အပိုင်းတွေကိုတော့ ကျွန်တော်တို့ လုပ်ဆောင်ပေးပါတယ် “မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းမှ တာဝန်ရှိသူ ဆရာမျိုးသက်ထွန်းက ပြောကြားခဲ့ပါတယ်။

မျင်းမိုရ်ခွန်
Powered by Blogger.