Thursday, March 8, 2018

''ခေါင်းဆောင်စိတ်နည်းပါးနေသည့် ရွှေပအိုဝ်းများ''

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၉)ရက်


ကျွန်ုပ်တို့ပအိုဝ်းလူမျိုးအများစုသည် ခေါင်းဆောင်ဖြစ်ချင်စိတ်၊ ဦးဆောင်လိုစိတ်နည်းပါးကြသည်။ မိမိတို့လူမျိုးထဲမှ ခေါင်းဆောင်ဖြစ်ပြီဆိုလျှင်လည်း အကြံပေးမှုနည်းပါးပြီး ဝေဖန်မှုက ပို၍များပြားသည်။ ခေါင်းဆောင်မှုနှင့်ပတ်သက်သည့် အရည်အချင်းမပြည့်ဝသော်လည်း အခြားလူမျိုးများနှင့် နှိုင်းယှဉ်လျှင် ခေါင်းဆောင်ဖြစ်ချင်လိုစိတ် အလွန်နည်းပါးနေသည်ကို ယနေ့တိုင်မြင်တွေ့နေရဆဲဖြစ်သည်။ မိမိတို့ ကိုယ်စီတိုင်းတွင် ပညာအရည်အချင်းအားနည်းကြသော်လည်း မိမိတို့ပအိုဝ်းလူမျိုး အများစုနေထိုင်ရာ အရပ်ဒေသ၌ အဘယ့်ကြောင့် မဦးဆောင်နိုင်ကြသနည်း။ "ဦးဆောင်လိုစိတ်မရှိကြတာ ဘာကြောင့်လဲ။ တို့လူမျိုးအများစုတည်ရှိနေတဲ့အရပ်မှာ ဦးဆောင်သူဟာ ပအိုဝ်းလူမျိုးမဖြစ်သင့်ဘူးလား။ ဖြစ်သင့်ဖို့ရန်တို့ လူမျိုးအချင်းချင်းတွေ အားမပေးကြတာဘာ့ကြောင့်လဲ" လက်တွေ့လောကမှာ မေးခွန်းများစွာနဲ့ တိကျတဲ့အဖြေရှာဖို့ ခက်ခဲနေဆဲပါ။

ကျွန်ုပ်တွေ့ရှိချက်အရ ကျေးရွာ၊ ရပ်ကွက်များတွင် ဦးဆောင်သူ မရွေးချယ်မှီ ဦးစွာရပ်ကွက်လူကြီးများ၊ ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ကြရသည်။ ပြုလုပ်ပြီးသည့်နောက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား၊ ရွာသူရွာသားများကို အသိပေးကြေငြာကြရသည်။ ထိုသို့ကြေငြာရာတွင် ပအိုဝ်းတို့ဓလေ့အရ ဖိတ်စာဖြင့် ဖိတ်ကြားခြင်းမျိုးမဟုတ်ပဲ ရွာဆော်တစ်ဦးမှ မိမိတို့ဘာသာစကားဖြင့် ''ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ'' အတွက် တစ်အိမ်တစ်ယောက်လာပေးကြပါရန်'' ဆော်သြပေးသည့်ဓလေ့ရှိသည်။ သို့မှသာ ရွာသူရွာသား၊ ရပ်ကွက်သူရပ်ကွက်သားများအားလုံး သိရှိနိုင်မည်ဖြစ်သည်။ ထိုသို့ဆော်သြပြီးသည့်နောက် ညနေပိုင်းတွင် ပအိုဝ်းလူမျိုးအများစုသည် နိုင်ငံရေးကို အလွန်စိတ်ဝင်စားနေသယောင် နေအိမ်၌သော်လည်းကောင်း၊ စားသောက်ဆိုင်တွင်သော်လည်းကောင်း အရွယ်ရောက်ပြီးလူငယ်များ တီးတိုးပြောဆိုကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြောဆိုရာတွင် အကောင်းမြင်သည့်ဝါဒဖြင့် စကားပြောဆိုမှုအလွန်နည်းပါးပြီး အဆိုးမြင်သည့်စကားများသာ ထပ်ခါထပ်ခါကြားနေရမည်ဖြစ်သည်။ ညနေထမင်းစားပွဲဝိုင်းတွင်လည်း ဇနီးနဲ့မယား ငြင်းခုံကြပြန်သည်။ ဇနီးသည်က ''မနက်ဖြန်ရွေးကောက်ပွဲအတွက် ရှင်သွားပါ၊ ကျွန်မက ကလေးကျောင်းပို့ရမှာနဲ့၊ အိမ်မှုကိစ္စနဲ့ မအားနိုင်ဘူး။ ခေါင်းဆောင်ဆိုတာ ရှင်တို့ယောင်္ကျားတွေရဲ့အလုပ်ပဲ ရှင်ပဲသွားလိုက် ကျွန်မမသွားနိုင်ဘူး'' ခင်ပွန်းကပြောပြန်တယ် ''ငါကအလုပ်သွားရမှာ အဲ့ရွေးချယ်ပွဲက ငါ့အလုပ်လောက်အရေးမကြီးဘူး မသွားလည်းရပါတယ်'' ထိုကဲ့သို့ပြောဆိုမှုများသည် ဓလေ့တစ်ခုကဲ့သို့ ဖြစ်နေပေသည်။ ဤသည်မှာ ပအိုဝ်းလူမျိုးတို့၏ ''ကံကြမ္မာလား၊ ကျိန်စာများလား ဝေခွဲမရတော့ပါ'' ၁၈-နှစ် ပြည့်ပြီးလူငယ်အများစုသည်လည်း ခေါင်းဆောင်ဖြစ်ချင်စိတ်၊ ခေါင်းဆောင်ဖြစ်ရန် အားပေးလိုစိတ်မရှိကြပါ။ စိတ်အားထက်သန်သည့် လူငယ်အချို့ရှိကြသော်လည်း ''မီးများမီးနိုင်၊ ရေများရေနိုင်'' ဆိုသကဲ့သို့ ၎င်းလူငယ်တို့၏တိုက်တွန်းအားပေးမှုမှာ အရာမထင်တော့ပေ။

ဤသို့ဖြင့် ရွေးကောက်ပွဲကျရောက်သည့်နေ့တွင် ပအိုဝ်းလူမျိုးအများဆုံးနေထိုင်ရာဒေသ၌ အများစုက ပအိုဝ်းလူမျိုးကို ရွေးချယ်ကြသော်လည်း အရွေးချယ်ခံသူက မလုပ်နိုင်ကြောင်း ပြန်လည်ငြင်းပယ်ကြသည်။ ယခုရွေးကောက်ပွဲမှ မဟုတ်တော့ပေ။ ယခင် ကျွန်ုပ်လက်လှမ်းမမှီခဲ့သည့် ရွေးကောက်ပွဲများသည်လည်း အများစုမှာ ၎င်းနည်းတူဖြစ်ခဲ့သည်။ ၎င်းရွေးကောက်ပွဲနောက်ပိုင်း သက်ရောက်သည့်ဆိုးကျိုးများမှာ မိမိတို့ ဒေသအကျိုးစီးပွားအတွက် တိုးတက်မှုနှောက်နှေးခဲ့ရသည်။ ဥပမာ- မိမိတို့လူမျိုးအတွက် မြေယာပြဿနာ ဖြေရှင်းရာတွင် မိမိတို့ဘက်၌ အရာရာအားနည်းခဲ့ရခြင်းကြောင့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းပြီး သူတစ်ပါးကိုအားကိုးလိုစိတ် ဖြစ်ပေါ်လာသည်။ မိသားစုပြဿနာ ဖြေရှင်းရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင်ပြဿာနာ ဖြေရှင်းရာတွင်လည်းကောင်း မိမိတို့ဘာသာစကားကို နားလည်မှုနည်းပါးသည့်အတွက် ထိရောက်စွာတုန့်ပြန်နိုင်မှုမရှိခြင်း၊ မိမိတို့ထုံးတမ်းဓလေ့များကိုပါ လက်လွှတ်လိုက်ရခြင်း (ဥပမာ- ရှင်ပြုပွဲပြုလုပ်ရာတွင် ပအိုဝ်းတို့ဓလေ့ထုံးတမ်းအရ ညနေပိုင်းတွင် ရိုးရာသီချင်းဖြင့်သော်လည်းကောင်း၊ အိုးစည်ဗုံမောင်းဖြင့်သော်လည်းကောင်း လွတ်လပ်စွာမီးဆူခံခွင့် မရရှိကြတော့ပေ။)

မိမိတို့နေထိုင်ရာဒေသတွင် ပအိုဝ်းလူမျိုးများ အများစုနေထိုင်သည်မှန်သော်လည်း ရွေးကောက်ပွဲ၌ လူမျိုးခြားအများစု အနိုင်ရရှိကြသည့်အတွက် လူမျိုးခြားကိုအထင်ကြီးပြီး ပြောရဲဆိုရဲမှုမရှိခြင်း၊ ဦးဆောင်သူ နေရာတွင် မိမိတို့လူမျိုးမရှိခြင်းကြောင့် သိမ်ငယ်နေရခြင်း၊ မိမိတို့ဘာသာစကားဖြင့်ပြောဆိုမှုကို အလေးပေးမှု မရှိခြင်းတို့ကြောင့် မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခြားရပ်ကွက်များထက် တိုးတက်မှု များစွာနောက်ကျခဲ့ရပြီး ရိုးရာဓလေ့စည်းကမ်းများလည်း တဖြေးဖြေးမှေးမှိန်လာခဲ့တော့သည်။ နောက်ပိုင်းတွင် ပအိုဝ်းလူမျိုးအများစုသည် ရပ်ကွက်တွင်းပြဿနာများကို မိမိတို့ဖက်မှမှန်ကန်မှုရှိသော်လည်း အရှုံးခံ၍ဖြေရှင်း ကြရပြီး ရပ်ကွက်ရုံးသို့မသွားချင်ကြတော့ပေ။ မိမိတို့ပအိုဝ်းရပ်ကွက်အတွင်း သတ်မှတ်ထားသည့် ပအိုဝ်းဓလေ့ စည်းကမ်းများကိုလည်း မည်သူကမျှအလေးမထားပဲ တစ်နေ့ထက်တစ်နေ့ စည်းလုံးမှုပြိုကွဲလာပြီး ''ငွေရှိငွေနိုင်-ငွေအာဏာရှင်စနစ်ဆန်ဆန်'' ကျင့်သုံးလာကြတော့သည်။ ၎င်းဆိုးကျိုးများသည် ရွေးကောက်ပွဲနှင့် ''တိုက်ရိုက် သက်ရောက်မှုမရှိပဲ သွယ်ဝိုက်သောနည်းလမ်းဖြင့် သက်ရောက်နေသည်''ကို မျိုးဆက်သစ်လူငယ်များ မသိရှိကြတော့ပေ။

ပအိုဝ်းလူမျိုးအများစုသည် အသိပညာအားနည်းကြသည်သာမက နိုင်ငံရေးဗဟုသုတပါ အလွန် အားနည်းကြသည်။ ဒေသတွင်းလူမှုရေးပြဿနာပေါင်းစုံများနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရွေးကောက်ပွဲနှင့် မည်ကဲ့သို့သက်ရောက်နေသည်ကို မည်သူကမျှနှိုင်းယှဉ်၍ အနာဂတ်အတွက် ရေရှည် စဉ်းစားမှု မရှိကြပေ။ ကြုံတွေ့လာသည့် ပြဿနာများကိုသာအရင်းခံ၍ အချင်းချင်းငြင်းခုံ ကဲ့ရဲ့ကြပေသည်။ ဗဟုသုတအနည်းငယ်ရှိသည့် အချို့သမာဓိပုဂ္ဂိုလ်များသည် နောင်တဆိုသည့်အတိုင်း ''ငါတို့တွေ ရွေးကောက်ပွဲကို အလေးမထားခဲ့တဲ့အတွက် ယခုလိုခံစားနေရပါလား''ဟု နောင်တရရှိရုံမှတပါး ဖြစ်ပျက်ကိုသာ ရှုမှတ်ကြလေတော့သည်။ အသိပညာပြည့်စုံသည့်လူငယ်အချို့သည် ၎င်းနောင်တကို မှတ်တမ်းတင်ကာ အခွင့်ကြုံသည့်တစ်နေ့တွင် ''ငါတို့လူမျိုးတိုးတက်ဖို့၊ ယခုကဲ့သို့ နောင်တစ်ဖန် မျိုးဆက်သစ်လူငယ်များ မခံစားရလေအောင် မှတ်တမ်းသက်သေနှင့်တကွ လက်ဆင့်ကမ်းဦးမှပဲ''ဟု ဆင်ခြင်ကာ အနာဂတ်ကို ပန်းခင်းလမ်းဖြင့်လျှောက်လှမ်းရန် ပြင်ဆင်ကြတော့သည်။ ရွေးကောက်ပွဲဆိုသည့်အတိုင်း အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှမဟုတ်ပဲ ရပ်ကွက်အတွင်းရှိ ကာလသားခေါင်းဆောင်ရွေးချယ်ခြင်း၊ ရွာသူကြီးရွေးချယ်ခြင်း၊ ပရဟိတလုပ်ငန်း ဦးဆောင်သူရွေးချယ်ခြင်း၊ အသင်းခေါင်းဆောင်ရွေးချယ်ခြင်း၊ အဖွဲ့အစည်းအတွင်း ရွေးချယ်ခြင်း စသည့်မည်သည့်ရွေးချယ်ပွဲကိုမဆို မိမိတို့ကိုယ်တိုင် ''စိတ်ပါလက်ပါ၊ နိုင်နိုင်ရှုံးရှုံး၊ မဖြစ်မနေ''ဝင်ရောက်အရွေးခံရန် လိုအပ်သည်။ ''အသီးတိုင်းတွင် အနီရောင်မြင်တိုင်း မစားကြည့်ရပဲ ချိုသည်''ဟု ပြော၍မရသကဲ့သို့ ''ခေါင်းဆောင်ဟူသည် မလုပ်ကြည့်ရပဲ အရသာခါးသည်''ဟု ပြော၍မရပေ။

ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးအနာဂတ်ပန်းခင်းလမ်းဖြင့် လျှောက်လှမ်းနိုင်ရန်အတွက်များစွာ အရေးပါလှသည့် ၁၈-နှစ်ပြည့် မျိုးဆက်သစ်လူငယ်များသိရှိစေရန် ရည်ရွယ်၍ ကျွန်ုပ်ကြုံတွေ့ခဲ့ရသော ပအိုဝ်းလူမျိုးအများစုနေထိုင်ရာအရပ်ရှိ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှ ရရှိသည့်ရလဒ်များကို ပအိုဝ်းလူမျိုးများနှင့် နှိုင်းယှဉ်၍ ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။..................................အနာဂတ်ကို ဦးဆောင်ရဲသည့် မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေ။

မျင်,မိုရ်;ခွန်
Powered by Blogger.