Thursday, March 8, 2018

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ပညာပေးရေးဌာနနှင့် ကလောမြို့ နယ် နန်းတိုင်းကျေးရွာအုပ်စု ဘော်နင်းကုန်းကျေးရွာ ဒေသခံလူငယ်များပူးပေါင်းပြီး “စွမ်းရည်မြှင့်” သင်တန်းကို ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်






၂၀၁၈ ခုနှစ်၊ မတ်လ(၆)ရက်မှ (၈)ရက်နေ့အထိ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ဘော်နင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  (PNO)၊ ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ပညာပေးရေးဌာနနှင့် ကလောမြို့ နယ် နန်းတိုင်းကျေးရွာအုပ်စု ဘော်နင်းကုန်းကျေးရွာ ဒေသခံလူငယ်များပူးပေါင်းပြီး “စွမ်းရည်မြှင့်” သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချလျှက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါသင်တန်းကို ၂၀၁၈ ခုနှစ် မတ်လ(၆)ရက်နေ့ မနက် ၉း၀၀ နာရီအချိန်တွင် ရှေးဦးစွာရတနာမြတ်သုံးပါးဦးထိပ်ထား ရှိခိုးကန်တော့ပြီး ဆရာတော်ထံတွင်ငါးပါးသီလနှင့် သြဝါဒခံယူကြကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉း၃၀ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်တွင် နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားသီချင်းကိုသီဆိုခြင်းဖြင့် ဖွင့်လှစ်ပြီးနောက် ကလောမြို့နယ် နန်းတိုင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းရီမှ တက်ရောက်လာသော သင်တန်းသားသင်တန်းသူများအား “ယခုသင်တန်းသည် ကျွန်ုပ်တို့ကျေးရွာတွင် ပထမဦးဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်မြှင့် သင်တန်းဆိုသည့်အတိုင်း မိမိတို့စွမ်းရည်များတိုးတက်စေရန် ဤသင်တန်းကို ထိထိရောက်ရောက်သင်ယူဆွေးနွေးစေလိုကြောင်း အချိန်ပြည့်တက်ရောက်စေလိုကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းဖြစ်မြောက်ရေးကော်မတီ ခွန်တီးကျော် မှ သင်တန်းကာလတွင် အပြန်အလှန်လေးစားမှုထားရှိကြပြီး အပြန်အလှန်ဆွေးနွေးကြပါရန် သင်တန်းကာလပြီးဆုံးသည်အထိတက်ရောက်ပေးကြပါရန် သင်တန်းနည်းပြများမှ ပို့ချဆွေးနွေးဖလှယ်မည့် အရာမှန်သမျှ အတွေ့အကြုံ များ ဗဟုသုတများရနိုင်သမျှယူကြပါရန် ယခုသင်တန်းသည် စွမ်းရည်မြှင့်သင်တန်းဟူသည့်အတိုင်း မိမိအတွက် စွမ်းရည်များမြှင့်တင်နိုင်ကြပြီး နောင်တချိန်တွင် ဒေသအတွက် လူမျိုးအတွက် နိုင်ငံအတွက် အကျိုးပြုနိုင်အောင် ကြိုးစားသွားကြပါရန် အမှာစကားပြောကြားသွားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြတာဝန်ခံမှ ယခုစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ မိမိတို့သည် ပအိုဝ်းလူမျိုးဖြစ်သည့်အလျောက် မိမိတို့လူမျိုး၏ သမိုင်းကြောင်းကို သိရှိလာစေရန်နှင့် မျိုးချစ်စိတ်ဓါတ်နိုးကြားရှင်သန်လာစေရန် မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တန်ဖိုးထားတတ်လာစေရန် ခေါင်းဆောင်ခေါင်းဆောင်မှုအကြောင်းများကို သိရှိနားလည်လာစေရန်နှင့်အနာဂါတ်ခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန် ကောင်းမွန်းသောအုပ်ချုပ်မှု၏ အခြေခံသဘာတရားများကို သိရှိလာစေရန်နှင့်အုပ်ချုပ်သူများအား အကြံဉာဏ်ကောင်းများပေးနိုင်စေရန် စသည်ဖြင့် ပြောကြားခဲ့ပြီး သင်ကြားဆွေးနွေးသွားမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားကာ အခန်းအနားကို နံနက် ၁၀း၃၀ နာရီအချိန်တွင် ပြန်လည်ရုပ်သိမ်းကာ သင်ခန်းစာများကို ဆက်လက်ဆွေးနွေးသင်ကြားခဲ့ပါသည်။

“ယခုသင်တန်းကို တက်ရောက်လာသည့် သင်တန်းသား/သူ လူဦးရေမှာ ၁၆၅ ဦးရှိကြောင်း သင်တန်းနည်းပြ(၇)ဦးဖြင့် ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း သင်တန်းကာလမှာ မတ်လ(၆)ရက်နေ့ မှ (၈)ရက်နေ့အထိ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ရာ ဆွေးနွေးသင်ကြားသွားမည့် ဘာသာရပ်ခေါင်းစဉ်အနေဖြင့် ၁။ လူထုတွင်းစကားပြောစွမ်းရည် ၂။ ပအိုဝ်းလူမျိုးသမိုင်း ၃။ ပအိုဝ်းစာပေသမိုင်း ၄။ ပအိုဝ်းတော်လှန်ရေးသမိုင်း ၅။ ငြိမ်းချမ်းရေးရယူခြင်းမှတ်တမ်း ၆။ ပအိုဝ်းလူမျိုးများ မမေ့ပျောက်မပျောက်ကွယ်အပ်သော ထိန်းသိမ်းရန်လိုအပ်သည့် ပအိုဝ်းရိုးရာထုံးတမ်းအစဉ်အလာများ ၇။ ကောင်းမွန်သောအုပ်ချုပ်မှု ၈။ ခေါင်းဆောင်မှုနှင့် ၉။ စည်းရုံးခြင်း စသည်တို့ဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ သင်တန်းနည်းပြများဖြစ်သည့် ခွန်ကျော်ထွန်း၊ ခွန်မောင်ဦး၊ ခွန်အောင်သိန်းနိုင်၊ နန်းခမ်းဆွဲ နန်းခင်ဝင်းလှိုင် နန်းခမ်းစင် နန်းထွေးညိုတို့က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း” သင်တန်းနည်းပြတာဝန်ခံ ပြောကြားချက်အရ သိရှိရပါသည်။

ထို့နောက် ၂၀၁၈ ခုနှစ် မတ်လ(၈)ရက်နေ့ ညနေပိုင်း ၅း၀၀ နာရီအချိန်တွင် သင်တန်းအောင်ပွဲကျင်းပပြုလုပ်ရာ ကလောမြို့ နယ် နန်းတိုင်းကျေးရွာအုပ်စု PNO အတွင်းရေးမှူး ဦးခွန်ဝဲင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း သင်တန်းဖြစ်မြောက်ရေးကော်မတီ ခွန်ဆန်းဦးမှ အားပေးစကားပြောကြားခြင်း သင်တန်းသားကိုယ်စားလှယ်(၁)ဦး သင်တန်းသူကိုယ်စားလှယ်(၁)ဦး တို့မှ သင်တန်းမှခံစားချက်နှင့်ကျေးဇူးတင်စကားပြောကြားခြင်း သင်တန်းနည်းပြတာဝန်ခံ ခွန်ကျော်ထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး သင်ရိုးစာအုပ်များပေးအပ်ခြင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း အမျိုးသားသီချင်းများ ဝိုင်းဝန်းသီဆိုကြပြီး သင်တန်းအောင်ပွဲကို ကျင်းပခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းဖွင့်လှစ်ဖြစ်ပုံ အကြောင်းကို သင်တန်းနည်းပြတာဝန်ခံအား မေးမြန်းရာ "ယခုသင်တန်းကို ဖွင့်လှစ်နိုင်သည့်အကြောင်းရင်းမှာ ဒေသခံများမှ လိုလိုလားလား တောင်းဆိုလာသဖြင့်မိမိတို့အနေဖြင့် လာရောက်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခြားမည်သည့် ဒေသများတွင်မဆို ယခုလိုမျိုး စွမ်းရည်မြှင့်သင်တန်းကဲ့သို့ သင်တန်းများလာရောက်ဖွင့်လှစ်စေလိုပါက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနသို့ အချိန်မရွေးညှိနှိုင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း" သင်တန်းနည်းပြတာဝန်ခံပြောကြားချက်အရ သိရှိရပါသည်။

ပအိုဝ်;မူပေ;(ခမ်းစန္တာ;)
Powered by Blogger.