Saturday, April 7, 2018

ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၇) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားမှ Mr. Micheal Sonow က ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းကို ၂၀၁၈-ခုနှစ်၊ ဧပြီလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်း တိုးတက်ရရှိရေးစီမံကိန်းမှ ရပ်ကျေးပံ့ပိုးသူများနှင့် အမျိုးသမီးတောင်သူခေါင်းဆောင်များ (၄၇) ဦးတက်ရောက်ကြောင်းသိရှိရပါသည်။ ၎င်းနည်းပညာသင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ရာတွင် အရင်းအနှီးအနဲဆုံးဖြင့် အရည်အသွေးမြှင့်ကြက်သွန်ဖြူများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် သြဂဲလ်းနစ် ကြက်သွန်ဖြူများ တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်းသိရှိရပါသည်။

သင်တန်းတွင် အဓိကဆွေးနွေးသော အကြောင်းအရာများသည် ကြက်သွန်ဖြူ၏ ဘဝစက်ဝန်းဖြစ်သည့် မြေဆီလွှာပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ နည်းစနစ်တကျစိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ မြေဆွေးပြုလုပ်ခြင်း၊ မြေဆီမြေသြဇာကျွေးမွေးခြင်း၊ ရေသွင်းခြင်း၊ ပေါင်းသင်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ အကျိုးပြုပိုးမွှားများမွေးမြူခြင်း၊ ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့်ဈေးကွက်သို့ပို့ဆောင်ခြင်း စသည့်များကို အသေးစိပ်အပြန်အလှန်ဆွေးနွေးကြကြောင်းသိရှိရပါသည်။

သင်တန်းနည်းပြ Mr. Micheal Sonow က မျိုးစေ့ချသောအချိန်တွင် ပေါင်းပင်များသက်သာစေရန် ကြက်သွန်ဖြူမစိုက်ပျိုးခင် သစ်စိမ်းမြေသြဇာများစိုက်ပျိုးသင့်ကြောင်း၊ မျိုးစေ့ရွေးချယ်ခြင်းသည် အလွန်အရေးကြီးသောအရာဖြစ်ကြောင်း၊ မိမိတို့လိုချင်သော အရည်အသွေးမြှင့်ကြက်သွန်ဖြူများနှင့် ဈေးကွက်ဝင်ကြက်သွန်ဖြူများရရှိစေရန် ရေပက်ခြင်း၊ အညွှန့်အဖူးများခူးခြင်းနှင့် ကြက်သွန်တူးခြင်းသည် မနက်ပိုင်းတွင်သာ ပြုလုပ်သင့်ကြောင်း စသည်တို့ကိုလည်းဆွေးနွေးကြောင်းသိရှိရပါသည်။

အဆိုပါသင်တန်း(၃)ရက်၏ ပထမနှစ်ရက်သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်းနှင့် သြဂဲလ်းနစ်စိုက်ပျိုးရေးအကြောင်းကို ဆွေးနွေးပြီး သင်တန်းနောက်ဆုံးရက်တွင် နောင်ကား(မြောက်)ကျေးရွာ၊ ကျောက်နီကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ်၌ လက်တွေ့ကွင်းဆင်း သရုပ်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နန်းချူးကဗျာ

Powered by Blogger.