Thursday, May 17, 2018

နောင်တောင်းညီလာခံ တတိယနေ့ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၈)ရက်








မေလ(၁၅)ရက် မှ စတင်ပြုလုပ်သည့် နောင်တောင်းညီလာခံမှာ ယနေ့ မေလ(၁၇)ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဆွေးနွေးထားပြီးသည့် ပရိယတ္တိပညာရေး၊ ပဋိပတ္တိ (ကျင့်ကြံနေထိုင်မှု)၊ ရှေးဟောင်းစာပေ၊ ပုရပိုက်ထိန်းသိမ်းရေး၊ သာသနာ့ဝန်ထမ်း ရဟန်းရှင် သာမဏေများ တိုးပွားရှင်သန်ရေး၊ ယဉ်ကျေးလိမ္မာ၊ ဗုဒ္ဓဘာသာသင်ခန်းစာ သင်ကြားမှုပြန့်ပွားရေး၊ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ အကြောင်းအရာများကို ယနေ့ မနက်ပိုင်း (၈း၃၀)အချိန်မှာ ပြန်လည်သုံးသပ်ပြီး ပအိုဝ်းအမျိုးသားခေါင်း ဆောင်ကြီး ဖြားတန်အောင်ခမ်းထီမှ ပေးပို့လာသည့် လျှောက်ထားချက်ကိုလည်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ လျှောက်ထားကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌမှလည်း သာသနာရေးဆိုင်ရာလျှောက် ထားချက်များကို လျှောက်ထားခဲ့ကြောင်း သိရပါသည်။

နောင်တောင်းပရဟိတဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် ဖြားခွန်အောင်သိန်း ( (ရွှေ) သီးနှံရောင်းဝယ်ရေး)မှ ကျေးဇူးတင်စကားကိုလည်း လျှောက်ထားခဲ့ကြောင်း သိရပါသည်။

ပရိယတ္တိပညာရေး ရှင်သန်တိုးတက်ဖို့အတွက် ခေတ်နှင့်လျော်ညီသည့် သင်နည်းစနစ်များ အချင်းချင်းမျှဝေ သင်ယူကြရန်၊ ပရိယတ္တိပညာရေး ရှင်သန်တိုးတက်ဖို့အတွက် ပညာရေးဆိုင်ရာ ဖေါင်ဒေးရှင်းအဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်နေကြောင်းနှင့် ဒါယကာ ဒါယိကာမများအနေဖြင့် တရားရေအေး ဓမ္မများ၏ အကြောင်းအရာ အရသာများကို ပိုမိုခံစားနိုင်ရန် ဒေသတိုင်း ၀ိပဿနာဓမ္မရိပ်သာ ဖွင့်လှစ်ဖို့ လိုအပ်နေသည့်အကြောင်းများ၊ ရှေးဟောင်းပအိုဝ်းစာပေများကို ပိုမိုတန်ဖိုးထားစေရန်အတွက် ရှေးဟောင်းပအိုဝ်းစာပေများကို စုစည်းထိန်းသိမ်း လေ့လာဖို့လိုအပ်ပြီး ရှင်သာမဏေများဘ၀ အာမခံချက် ပိုမိုရရှိစေရန် ဆရာ/ဒကာ ဖန်တီးပေးဖို့ လိုအပ်နေကြောင်းနှင့် ဆရာများ အနေဖြင့် ကိုယ့်တပည့်အပေါ် စေတနာ၊ ၀ါသနာ၊ အနစ်နာ နာသုံးနာနှင့် နည်းစနစ်မှန်မှန် ဆုံးမသွန်သင်ပေးဖို့ လိုအပ်နေကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တည်တံ့ခိုင်မြဲဖို့ ဗုဒ္ဓစာပေနှင့် အသိတရားများကို သိရှိနားလည်အောင် ပိုမိုသင်ကြားပေးဖို့လိုအပ်ပြီး သာသနာပြုပုဂ္ဂိုလ်များအနေဖြင့် သာသနာပြုစွမ်းရည်နှင့် စွမ်းအားများ ပိုမိုရရှိစေရန် ရှေးသာသနာပြုဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိများကို ဖတ်ရှုလေ့လာ အတုယူသင့်သည့် အကြောင်းအရာများကို ညီလာခံဖြစ်မြောက်ရေးဥက္ကဋ္ဌဆရာတော်မှ မိန့်ကြားခဲ့ကြောင်း သိရပါသည်။

ညီလာခံတတိယနေ့ နေ့လည်ပိုင်းမှာတော့ ရှင်အပါး(၁၀၀၀)ကို သာသနာ့ဘောင်သို့ ချီးမြှောက်သွတ်သွင်းပေးခဲ့ပြီး ပအိုဝ်းစာပေ မြှင့်တင်ပြန့်ပွားရေး (ဗဟို)သံဃအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကောဝိဒါ ဘိဝံသထံ သရဏဂုဏ်သုံးပါးနှင့်တကွ ငါးပါးသီလခံယူကာ ပြုသမျှကုသိုလ်အစုစုကို တရား တော်နာ ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရပါသည်။

ယနေ့ နောင်တောင်းညီလာခံ တတိယနေ့မှာ ပရိသတ်အများ စည်းကားခဲ့ပြီး လေးဖက်လေးတန် ပရိသတ် သိန်းဂဏန်းခန့် ရှိမည်ဟု သိရပါသည်။

ယနေ့ပွဲတော်သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်နှင့် သက်ဆိုင်ရာဌာနပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ ၊ လေးဖက်လေးတန် ဧည့်ပရိသတ်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.