Monday, May 21, 2018

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇာတိမြေစွန့်ခွာသူပညာရှင်များ၏အခန်းကဏ္ဍ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၁)ရက်



ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးမဆို မိမိမွေးဖွားရာ ဇာတိ၊ မိမိဖြစ်တည်ရာ လူမျိုးကို ချစ်မြတ်နိုးစွဲလမ်းတတ်ကြသည်။ မိမိတို့ပအိုဝ်းလူမျိုးသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများပီပီ မိမိတို့ယဉ်ကျေးမှုကို တန်ဖိုးထားသူ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသူ၊ ရိုးသားကြိုးစားသောသူများပင် ဖြစ်သည်။ သို့သော်လည်း လူဟု ဖြစ်လာလျှင် “သမုဒ္ဒရာ၊ ၀မ်းတထွာ” ဆိုသည့်အတိုင် မိမိဝမ်းစာ၊ မိမိဘဝ ရပ်တည်နိုင်ရန်အတွက် ရုန်းကန်ရာဖွေ လှုပ်ရှားကြရလေသည်။ ထို့ကြောင့် ဘ၀ရပ်တည်မှုအတွက် ရေကြည်ရာ မြက်နုရာကို ရှာဖွေပြောင်းရွေ့တတ်ကြသည်။ ရေကြည်ရာ မြက်နုရာကို ရှာဖွေပြောင်းရွေ့ခြင်းသည် ရှေးယခင်သမိုင်း အဆက်ဆက်ကတည်းက ရှိလာခဲ့သော အစဉ်အလာတစ်ခုဟု ဆိုနိုင်ပါသည်။

မိမိတို့ပအိုဝ်းလူမျိုးတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိမွေးဖွားရာ ဇာတိမြေကို စွန့်ခွာပြီး ဘဝရပ်တည်မှုအတွက် ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း  ပြည်ပနိုင်ငံသို့ ရောက်ရှိနေကြသည်ကို တွေ့မြင်ရပါသည်။ (မှတ်ချက်- နိုင်ငံရပ်ခြားရှိ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများကို စာရေးသူအနေဖြင့် “ဇာတိမြေ စွန့်ခွာသူ”ဟု သုံးနှုန်းမည် ဖြစ်သည်)။ သဘာဝအရ ဇာတိမြေစွန့်ခွာသူများသည် ပြန့်ကျဲနေသည့် သဘောရှိပြီး အမိမြေနှင့် ကင်းကွာအဆက်ပြတ်နေသူများသာများပါသည်။ မိမိတို့ပအိုဝ်းလူမျိုးအပါအ၀င် ကမ္ဘာအရပ်ရပ်ရှိ ဇာတိမြေစွန့်ခွာသူများအပေါ်တွင် အမိမြေမှ သော်လည်းကောင်း၊ သူတို့တတွေရောက်ရှိနေထိုင်သော နိုင်ငံမှသော်လည်းကောင်း များသောအားဖြင့် ကောင်းမွန်သော သဘောထားမှတ်ချက်ပေးခြင်း မခံရပေ။  အများအားဖြင့် ဇာတိမြေစွန့်ခွာသူများကို မိမိတို့၏ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကို မထိန်းသိမ်းသူ၊ ဇာတိမြေကို ကျောခိုင်းသူ၊ ခိုကပ်နေထိုင်သူ စသဖြင့် လွယ်လွယ်နှင့် ဝမ်းနည်ဖွယ်ရာ မှတ်ချက်ပေးတတ်ကြသည်။ ဤသို့ အပေါ်ယံဖြင့် မှတ်ချက်ပေးသူများသည် ပြောင်းလဲလာသော အင်ဖောင်မေးရှင်း တက္ကနိုလိုဂျီခေတ်နှင့် စိမ်းနေသေးသူ၊ မျိုးချစ်စိတ်လွန်ကဲသူများသာ ဖြစ်ပေလိမ့်သည်။ ပြောင်းလဲလာသော ယနေ့ဂလိုဘယ်လိုက်ဇေးရှင်း (ကမ္ဘာ့ရွာ)ခေတ်တွင် မည်သည့်အရာကိုမျှ အယူသီး၊ အစွဲအလမ်းထား၍ မရတော့ပေ။ ဇာတိမြေစွန့်ခွာသူများကို အတ္တကင်းကင်းနှင့် အပြုသဘောဖြင့် ကြည့်ပါက နှစ်နိုင်ငံအတွက် များစွာအကျိုးပြုနေသည်ကို တွေ့မြင်ပါသည်။

မက်ကင်ဆီသုတေသနအဖွဲ့၏ လေ့လာချက်အရ အမေရိကန်ပြည်ထောင်စုရှိ အိန္ဒိယလူမျိုး အင်ဂျင်နီယာများ၏ လူမှုလုံခြုံရေးအခွန်တော်တွင် ထည့်ဝင်ငွေမှာ ဒေါ်လာ ၅၀၀ဘီလီယံမျှရှိသည်ဟု သိရသည်။ ထို့အပြင် အိန္ဒိယဆော့(၀ဲ)လ်လုပ်ငန်း၏ အံ့မခန်းတိုးတက်မှုမှာလည်း ဇာတိမြေစွန့်ခွာသူ အိန္ဒိယအမျိုးသား စွန့်ဦးတီထွင်သူများ၏ ကျေးဇူးနှင့်မကင်းဟု ဆိုနိုင်ပါသည်။ အိန္ဒိယနိုင်ငံက ရရှိသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၏ ၁၆%မှာ အဆိုပါ ဇာတိမြေစွန့်ခွာသူများ၏ အဆက်အသွယ်များပင် ဖြစ်သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံရှိ ဟိုက်ဒရာဘက်ဘိဇနက်ကျောင်းဆိုလျှင် အဆိုပါ ဇာတိမြေစွန့်ခွာ သူ(ကွန်ယက်)များ၏ ကြိုးပမ်းမှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အိန္ဒိယဇာတိမြေစွန့်ခွာသူ ကွန်ယက်အဖွဲ့သည် အိန္ဒိယနည်းပညာတက္ကသိုလ်(IIT)အတွက် အဓိကရန်ပုံငွေ ရှာပေးသောအဖွဲ့ ဖြစ်သည်။ တရုတ်နိုင်ငံသည်လည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၆၀%မှာ အဝေးရောက် နိုင်ငံရပ်ခြား တရုတ်အမျိုးသားများနှင့် ဆက်နွယ်နေပါသည်။ တရုတ်နိုင်ငံတွင် နှစ်စဉ် ပြည်တော်ပြန်အရေအတွက်မှာ ၁၃%အထက်ရှိနေသည်ဟု ဆိုပါသည်။

အစဉ်အလာအရ မိမိတို့နိုင်ငံရှိ လူ့အရင်းအမြစ်များ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံသို့ ရောက်သွားလျှင် ဦးနှောက်ယိုစီးမှု၊ လူစွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုဟု သတ်မှတ်လေ့ရှိကြသည်။ ယခုအခါ အဆိုပါယူဆသတ်မှတ်ချက်ကို ပြန်လည်စိစစ်၍ ပြောင်းလဲလာသော ဂလိုဘယ်ခေတ်နှင့်အညီ ဦးနှောက်ယိုစီးမှု(brain drain)အစား ဦးနှောက်ပြန်စီးမှု(brain gain)ဟု ယူဆလာကြသည်။ ဇာတိမြေစွန့်ခွာသူ ပညာရှင်တစ်ယောက်အနေဖြင့် ဇာတိမြေကို ပြန်မလာနိုင်သည့်တိုင် အနည်းဆုံး အလည်အပတ်တော့ အရောက်ပြန်ကြသည်။ မိဘဆွေမျိုးများထံသို့ ငွေများလွဲပေးနိုင်လိမ့်မည်။ သူတို့ တတ်ကျွမ်းထားသော ပညာရပ်များကို မျှဝေပေးနိုင်လိမ့်မည် စသည့် အကျိုးကျေးဇူးကို ကြည့်ခြင်းအားဖြင့် အမိမြေကို တထောင့်တနေရာတွင် ကျေးဇူးပြန်ဆပ်နေသည်ကို တွေ့ရပါသည်။

တိုးတက်လာသော တက္ကနိုလိုဂျီနှင့် ပညာရေးခေတ်တွင် မထိုးဖောက်နိုင်သော မဟာတံတိုင်းဟူ၍ မရှိတော့ပေ။ ရုရှသိပ္ပံပညာရှင်များက ဗြိတိသျှဓာတ်ခွဲခန်းများတွင် အလုပ်လုပ်နေကြသကဲ့သို့ နယူးဆီလန် အင်ဂျင်နီယာများကလည်း ကနေဒါတွင် တံတားများဆောက်နေကြသည်။ အလားတူ ဂျူးဘားဆရာဝန်များက တောင်အဖရိကတွင် လူနာများကို ကုသနေစဉ်၊ တောင်အဖရိက ကျောင်းဆရာများကလည်း အင်္ဂလိပ် ကျောင်းသားများကို စာသင်ပေးနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုစာမျက်နှာပေါ်တွင် ပြဿနာများစွာရှိသည့်တိုင် ပညာရေးစာမျက်နှာတွင်မှု နှစ်ဦးနှစ်ဖက် အကျိုးပြုနေသည်ကို ငြင်းဆို၍မရပေ။ ဦးနှောက်ယိုစီးမှု အဆိုးဝါးဆုံးဟု ဆိုနိုင်လောက်သော တောင်အဖရိကနိုင်ငံဆိုလျှင် နှစ်စဉ် ပညာရှင်ပေါင်း သောင်းနှင့်ချီ၍ ပြည်ပသို့ထွက်ခွာနေမြဲဖြစ်ရာ တောင်အဖရိကနိုင်ငံအစိုးရက ၁၉၉၈-ခုနှစ်တွင် တောင်အဖရိက ပြည်ပရောက်ပညာရှင်များ နက်ဝပ်(SANSA) ကို ထူထောင်ပေးခဲ့သည်။ နှောင်အခါတွင် အဆိုပါ တောင်အဖရိက ပြည်ပရောက်ပညာရှင်များ နက်ဝပ်(SANSA)သည် တောင်အဖရိကနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးရန်အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လာ သည်။

အထက်ဖော်ပြပါ အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇာတိမြေစွန့်ခွာသူပညာရှင်များ၏ ကူညီပံ့ပိုးမှုသည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသည်ကို တွေ့မြင်ရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံသို့ ဇာတိမြေစွန့်ခွာသူများ များစွာရှိပါသည်။ အနီးစပ်ဆုံး မိမိတို့ပအိုဝ်းဒေသတွင်လည်း ပြည်ပနိုင်သို့ ရောက်ရှိကြသော ဇာတိမြေစွန့်ခွာ သူများ များစွာရှိနေသည်ကို တွေ့မြင်ရပါသည်။ ဒီနေရာတွင် မိမိတို့ဒေသ၌ ဇာတိမြေစွန့်ခွာသူများစွာ ရှိနေသော်လည်း အဘယ်ကြောင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို အဝေးရောက် ဇာတိမြေစွန့်ခွာသူများက မပံ့ပိုးနိုင်သနည်းဟူသော မေးခွန်းများ မေးစရာရှိလာပါသည်။ သို့သော်လည်း မိမိတို့ဒေသရှိ ပြည်ပသို့ ထွက်ခွာသော ဇာတိမြေစွန့်ခွာသူများမှာ အများအားဖြင့် ကျပန်းအလုပ် သွားလုပ်ကိုင်သူများသာ များပြီး ပညာရှင်အဆင့်အနေဖြင့် မရှိသလောက်နည်းပါးနေသည်ကို တွေ့မြင်ရပါသည်။ ထို့ပြင် ပညာရှင်အဆင့် အနည်းငယ်မျှသာရှိသော ပြည်ပရောက် ဇာတိမြေစွန့်ခွာသူများနှင့် အမိမြေက တာဝန်ရှိပုဂ္ဂိုလ်များမှာ ကွန်ယက်ချိတ်ဆက်မှု မရှိသလောက် ဖြစ်နေပါသည်။ ထိုအချက်များကို  ကြည့်ခြင်းအားဖြင့် ဇာတိမြေစွန့်ခွာသူ နှင့် ပတ်သက်၍ နိုင်ငံတကာက ယူဆသော ဦးနှောက်ယိုစီးမှု(brain drain)အစား ဦးနှောက်ပြန်စီးမှု(brain gain)သည် မိမိတို့ဒေသတွင် အကျုံးမဝင်သေးပေ။ ဇာတိမြေစွန့်ခွာသူများနှင့် ပတ်သက်၍ မိမိတို့ဒေသအတွက် ဦးနှောက်ပြန်စီးမှုဖြစ်လာအောင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇာတိမြေစွန့်ခွာသူများအကြား ညှိနှိုင်းရလိမ့်မည်ဖြစ်သည်။ ထိုသို့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇာတိမြေစွန့်ခွာပညာရှင်များ အကြားညှိနှိုင်းမှု မလုပ်နိုင်ပါက မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးနှောက်ယိုစီးမှု(brain drain)အဆင့်မျှသာ ရပ်နေလိမ့်မည် ဖြစ်သည်။

အရေးကြီးသော အချက်မှာ ဇာတိမြေစွန့်ခွာသူများသည် အမိမြေရှိ တာဝန်ရှိအဖွဲ့အစည်းများနှင့် ရင်းရင်းနှီးနှီး တစ်သွေးတည်းတစ်သားတည်းရှိရန် လိုအပ်ပါသည်။ ထိုသို့ တစုတစည်းတည်းရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် အခွင့်အရေးကြုံလာလျှင် ပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။ အမိမြေရှိ တာဝန်ရှိအဖွဲ့အစည်းများအနေနှင့်လည်း ထူးချွန်သော လူငယ်များကို ပြည်ပနိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် တိုက်တွန်ဖို့ လိုအပ်ပါသည်။ ယေဘုံယျအားဖြင့် ဇာတိမြေစွန့်ခွာသူ ပညာရှင်များ သည် အမိမြေရှိ လူမှုအဖွဲ့အစည်းများထက် အသိပညာဗဟုသုတ ပိုမိုပြည့်စုံသူများပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အမိမြေရှိ မသင်ခဲ့ရသော ပညာရပ်များ၊ မသိခဲ့ရသော ဗဟုသုတများကို သင်ခွင့်၊ ထိတွေ့ခွင့် ရရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် ကာလီဖိုးနီးယားတက္ကသိုလ်မှ တရုတ် အမျိုးသမီးပါမောက္ခ အန်နာလီဆိုလျှင် အဝေးရောက် ဇာတိမြေစွန့်ခွာသူပညာရှင်နှင့် ပတ်သက် “အဝေးရောက်ပညာရှင်များမှာ မိခင်နိုင်ငံ၏ သံအမတ်ကြီးများပင် ဖြစ်သည်” ဟု တင်စားခဲ့ဖူးပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ပြောင်းလဲလာသော ၂၁ရာစု ပညာရေးခေတ်တွင် နိုင်ငံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇာတိမြေစွန့်ခွာသူပညာရှင်များ၏ အခန်းကဏ္ဍမှာ အရေးပါလာသည်ကို ငြင်းဆို၍ မရတော့ပေ။ ထို့ကြောင့် အနာဂတ်တွင် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇာတိမြေရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇာတိမြေစွန့်ခွာသူပညာရှင်တို့၏ ညှိနှိုင်းပေါင်းစပ်မှုပေါ်တွင် မူတည်နေပါတော့သည်။ မိမိတို့ပအိုဝ်းလူမျိုးသည် မတူကွဲပြားသော အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနှင့် ပြည်ပနိုင်ငံတွင် ရောက်ရှိကြသော်လည်း အရေးကြီးလျှင် သွေးနီးသည့် လူမျိုး၊ စည်းလုံးညီညွတ်မှုရှိသော လူမျိုးများပင် ဖြစ်သည်။ သာဓကအားဖြင့် ယခုနှစ် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းလူမျိုးနေထိုင်ရာဒေသ ပြည်တွင်းသာမက ပြည်ပပါမကျန် နေရာအနှံ့ ကျင်းပပြုလုပ်နေသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့ပအိုဝ်းလူမျိုးသည် မည်သည့်နေရာဒေသတွင် ရောက်ရှိနေစေကာမူ မိမိတို့သည် ပအိုဝ်းသွေး၊ ပအိုဝ်းဟူသော လူမျိုးကို မြတ်နိုးတန်ဖိုးထားပြီး ကိုယ်နှင့်မကွာ ထိန်းသိမ်းထားရှိနေသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိရပါသည်။  ပအိုဝ်းအမျိုးသားနေ့ကို ဤသို့ အဝေးရောက် ဇာတိမြေစွန့်ခွာသူများက နေရာဒေသစုံ ကျယ်ကျယ်ပျံ့ပျံ့ ပြုလုပ်လာသောကြောင့် မိမိတို့ပအိုဝ်းလူမျိုးကို ကမ္ဘာသို့ ဖြန့်ဝေလိုက်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့ နဂါးကို ကမ္ဘာပတ်ခိုင်းသည်နှင့် တူပါသည်။ ထို့ကြောင်း မိမိတို့ပအိုဝ်းလူမျိုးတွင် ရှိပြီးဖြစ်သော စည်းလုံးညီညွတ်မှုကို ဝေဖန်ပိုင်းခြားခြင်းဟူသော “ပညာ”နှင့် ပေါင်းစပ်ပြီး ကမ္ဘာကိုပတ်နေပြီဖြစ်သည့် မိမိတို့၏ နဂါးကို ကမ္ဘာအရပ်ရပ်ရှိ ပညာရပ်များကို လေ့လာ သင်ယူစေရင်း မိမိတို့ဒေသအကျိုး၊ လူမျိုးအကျိုးကို တစ်ထောင့်တစ်နေရာတွင် ပြည်လည်အသုံးချ နိုင်ပါစေကြာင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

ခွန်ထင်;လေအောင်;
ကိုးကား- အာရှစီးပွားရေး အနှစ်လေးဆယ် (ကျော်ဝင်း)
Powered by Blogger.