Tuesday, May 15, 2018

နောင်တောင်း ညီလာခံဖွင့်ပွဲနှင့် နောင်တောင်းဗုဒ္ဓကောလိပ်ကျောင်း တရားတော်နာ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၆)ရက်





 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းဗုဒ္ဓကောလိပ်တွင် နောင်တောင်းညီလာခံဖွင့်ပွဲနှင့် နောင်တောင်းဗုဒ္ဓကောလိပ်ကျောင်း တရားတော်နာရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ မေလ(၁၅) ရက်နေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နေ့လည် (၁၂း၃၀) အချိန်တွင် စတင်ပြီး ကြွရောက်လာသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် ဧည့်ပရိတ်သတ် များက တောင်ကြီးမြို့၊ အရိယ၀ံသမြို့ဦးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထို့နောက် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မင်းကွန်းဥတ္တရာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာသိရီဘိဝံသနှင့် ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေး (ဗဟို) သံဃအဖွဲ့ ဥက္ကဋ္ဌ၊ ဆီဆိုင် ဆရာတော် ဘဒ္ဒန္တ ကောဝိဒါဘိဝံသတိှု့မှ သြဝါဒစကား အသီးသီး မိန့်ကြားပြီးနောက် နောင်တောင်းညီလာခံ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ၊ နောင်တောင်းဗုဒ္ဓကောလိပ် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနိမ္မလ မှ ညီလာခံသို့ ကြွရောက်လာသည့် သံဃာတော်များအား ဝမ်းမြောက်ကြိုဆို နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီမှ ဝမ်းမြောက်ကြောင်းစကား လျှောက်တက်ပြီးနောက် အလှူငွေပေးအပ်ခြင်းနှင့် ကျောင်းအပ်နှံလှူဒါန်းခြင်း အစီအစဉ်များကို ပြုလုပ်ကာ ဆီဆိုင် ဆရာတော်ထံ ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး တောင်ကြီးမြို့၊ ထီဟန်ဆွေး-ဆင်တွူး အရိယမဂ္ဂင် ဝိပဿနာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ခန္တီဓဇ က ထီဟန်ဆွေး၊ဆင်တွူး အရိယမဂ္ဂင် ဝိပဿနာရိပ်သာ ဖွင့်လှစ်ရသည့် ဖြစ်စဉ်နှင့်အကြောင်းများကို ရှင်းလင်း ပြောကြားကာ ဟိုပုံးမြို့၊ သာသနာလင်္ကာရကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာလင်္ကာရ က ပညာရေးနှင့် သာသနာရေး အကြောင်းအရာများကို ပြောကြားခဲ့ပြီးနောက် ကြွရောက်လာသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နောင်တောင်းညီလာခံကို အမျိုးဘာသာ သာသနာ၊ ပညာရေးများကို အချင်းချင်းချိတ်ဆက် လက်တွဲပြီး စည်းလုံးညီညွှတ်မှုအင်အား ပိုမိုတိုးပွားလာစေရန်၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာများ ပိုမိုထွန်းကား ပြန့်ပွားလာစေရန်၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ တိုးပွားလာစေရန်၊ မျိုးဆက်သစ်လူငယ်များ မိမိ၏ အမျိုးဘာသာ သာသနာကို တန်ဖိုးထားတတ်သည့် စိတ်ဓါတ် ပိုမိုခိုင်မာလာစေရန်၊ နောင်လာနောင်သားများက ရှေးသာသနာပြု ခေါင်းဆောင် ဆရာတော်ကြီးများ၏ လမ်းစဉ်များကို အတုယူပြီး သာသနာပြု စွမ်းရည်များ မြှင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး ဆွေးနွေးသည့် ခေါင်းစဉ် (၆) ချက်မှာ ပရိယတ္တိပညာရေး၊ ပဋိပတ္တိ ကျင့်ကြံနေထိုင်ရေး၊ ရှေးဟောင်းစာပေ၊ ပုရပိုက် ထိန်းသိမ်းရေး၊ သာသနာ့ဝန်ထမ်း ရှင်သာမဏေများ တိုးပွားရှင်သန်ရေး၊ ယဉ်ကျေးလိမ္မာ၊ ဗုဒ္ဓဘာသာ သင်ခန်းစာ သင်ကြားမှုပြန့်ပွားရေး၊ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ အကြောင်းအရာများ ဖြစ်ကြောင်း သိရသည်။

သံဃာအပါး(၁၀၀၀) ပင့်ဖိတ်ကာ နောင်တောင်းညီလာခံကို ( ၁၅-၅-၂၀၁၈) မှ ( ၁၇-၅-၂၀၁၈) ထိ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့တွင် နောင်တောင်းပရဟိတကျောင်းတိုက်၌ သီလရှင်အပါး (၆၀၀) ကျော် တို့ကိုလည်း သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သိရသည်။

ယနေ့ နောင်တောင်းညီလာခံဖွင့်ပွဲသို့ ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နောင်တောင်း ဗုဒ္ဓကောလိပ် သာသနိက အဆောက်အဦး အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ကြွရောက်ချီးမြှင့်ကြကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.