Wednesday, May 9, 2018

(၃၄)ကြိမ်မြောက် ပအိုဝ်းစာပေ(ဗဟို) ဆရာဖြစ်သင်တန်း ဆုပေးပွဲနှင့် သင်တန်းအောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၉)ရက်





(၃၄)ကြိမ်မြောက် ပအိုဝ်းစာပေ(ဗဟို) ဆရာဖြစ်သင်တန်း ဆုပေးပွဲနှင့် သင်တန်းအောင်ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ်၊ မေလ (၈)ရက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့နယ်၊ နောင်တရားပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် နောင်တရားပရိယတ္တိစာသင်တိုက် ပအိုဝ်းစာပေပြန့်ပွားရေး နာယကဆရာတော်အား သဘာပတိတင်မြောက်ခြင်း၊ အခမ်းအနားအစီအစဉ်ကို တောင်ကြီးမြို့နယ်၊ အေးစေတီပရိယတ္တိစာသင် တိုက်မှ ဦးသုဇနက တာဝန်ယူဆောင်ရွက်ပြီး နမောတဿ (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း  သိရှိရပါသည်။ 

ဆက်လက်၍ ပအိုဝ်းစာပေပြန့်ပွားရေး (ဗဟို)သံဃာအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ကောဝိဒါဘိဝံသ အဂ္ဂမဟာပဏ္ဍိတက ဆုံးမသြဝါဒ မြွက်ကြားခြင်း၊ ဟိုပုံးမြို့နယ်၊ ခိုခယ်ကျေးရွာနေ နန်းကဗျာခမ်းက သင်တန်းသူ/သားများနှင့် ရဟန်း သံဃာတော်များ ကိုယ်စား၊ စန္တာခမ်း ခမ်းဗွေ ဖြားခွန်ဂျိုးဇက်တို့က ကျေးဇူးတင်စကားအသီးသီးပြောကြားပြီးနောက် အဆင့်(၁)မှ (၂၀) အဆင့်ဝင်သည့် သံဃာတော်နှင့် သင်တန်းသူ/သားများအား ဆုပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ပအိုဝ်းစာပေပြန့်ပွားရေး(ဗဟို)သံဃာအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တ ကောဝိဒါဘိဝံသ ထံမှ ငါးပါးသီလခံယူခြင်း၊ အနုမောဒနာ တရားများနာကြားခြင်းနှင့် ရေစက်ချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

“ ပအိုဝ်းစာပေ (ဗဟို) သင်တန်းများ တက်ရောက်လာရခြင်းသည် ဗဟုသုတမျာစွာ ရရှိကြောင်း၊ အနယ်နယ်အရပ်ရပ်မှ တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ရကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ယဉ်ကျေးမှု စား၊ ဝတ်၊ နေရေးများနှင့် အပြောအဆိုအသုံးအနှုန်းများ မတူကွဲပြားသော်လည်းပဲ သင်ကြားသော စာပေမူသည် တစ်မူတည်း ဖြစ်ကြောင်း၊ ထိုသင်တန်းမှ ရလာသော စာပေဗဟုသုတများကို လိုအပ်သော ရပ်ကျိုးရွာကျိုးနေရာများတွင် တတ်အားသ၍ အသုံးချသွားမည်ဖြစ်ကြောင်း ” ကို တောင်ကြီးမြို့နယ်၊ ဖေါင်တော်ဆွိုက် ကျေးရွာအုပ်စု၊ နားဘောင်ရွာနေ အဆင့်(၁၇)ရသော သင်တန်းသား ခွန်ဝင်းနိုင်ထွေးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် “ (ဗဟို)သင်တန်းမှ ဆရာတော်များ သင်ကြားပို့ချသော သင်ခန်းစာများကို တသွေမသိမ်း သေချာစွာ သင်ယူလေ့လာခဲ့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ တက် ရောက်လာသော သင်တန်းသူ၊သားများအချင်းချင်းများ ရင်းနှီးခင်မင်ရလို့ ပျော်ရွင်ရပါကြောင်း၊ မသိရှိ ရသေးသော ဗဟုသုတများကိုလည်း များစွာ ရရှိလာကြောင်း၊ ဒီသင်တန်းမှ ရရှိလာသော အသိပညာ၊ အတတ်ပညာများကို ရပ်ရွာတွင် ပြန်လည်မျှဝေပေးခြင်းဖြင့် အသုံးချသွားမည်ဖြစ်ကြောင်း၊ ဗဟိုသင်တန်းသည် ကျွန်မအတွက် ပထမဦးဆုံး အကြိမ်သာ ဖြစ်ကြောင်း” ကို နောင်တရားမြို့နယ်ခွဲ၊ ပင်လောင်းမြို့နယ်၊ ပေါယာကျေးရွာအုပ်စု၊ ကျောက်ဆောင်ရွာနေ အဆင့်(၂)ရ သင်တန်းသူ နန်းငဲဒွီး ပြောကြားချက်အရ သိရှိရပါသည်။

(၃၄) ကြိမ်မြောက် ပအိုဝ်းစာပေ(ဗဟို)ဆရာဖြစ်သင်တန်းတွင် စာရင်းသွင်းသူ ဦးရေ (၂၈၀၈)ဦး ၊ ဖြေဆိုသူဦးရေ (၂၇၂၃) ဦး၊ အောင်မြင်သူဦးရေ (၂၆၅၄)ဦး၊ ကျရှုံးသူဦးရေ (၆၉)ဦး၊ ပျက်ကွက်သူ ဦးရေ (၈၁)ဦး ရှိကြောင်း သိရှိရပြီး သင်တန်းသား သံဃာတော်များအနေဖြင့် ပထမဆုကို အရှင်ဝိစိတ္တ၊ ကောင်ခြဲမ်;ကျောင်း၊ လွယ်မော်,ကျေးရွာအုပ်စု၊ နောင်တရားမြို့နယ်၊ ဒုတိယဆုကို အရှင် ပဏ္ဍိတ၀ံသ၊ ထီခံ,ကျောင်း၊ ဖက်ယန်,ကျေးရွာအုပ်စု၊ ဟိုပုံးမြို့နယ်၊ တတိယဆုကို အရှင်စန္ဒာဝရ၊ ကျောက်ဆောင်;ကျောင်း၊ ပေါယာ,ကျေးရွာအုပ်စု၊ နောင်တရားမြို့နယ်၊ သင်တန်းသား အမျိုးသားအနေဖြင့် ပထမဆုကို ခွန်လာမဲင်း၊ နောင်အယ်ရွာ၊ နောင်,ကျော;ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်၊ ဒုတိယဆုကို ခွန်ထွန်းဝင်း၊ လျဲမ်,မွူးတန်ရွာ၊ ပင်မွဉ်,ကျေးရွာအုပ်စု၊ ပင်လောင်းမြို့နယ်၊ တတိယဆုကို ခွန်သန်းလှိုင်၊ သေင်;တောင်,ဒေင်ရွာ၊ ထီဗွာန၀်,ကျေးရွာအုပ်စု၊ ပင်လောင်းမြို့နယ်၊ သင်တန်းသား အမျိုးသမီးများ အနေဖြင့် ပထမဆုကို နင်;လေခမ်,၊ ဖြုံ;တန်ရွာ၊ တချကျေးရွာအုပ်စု၊ နောင်တရားမြို့နယ်၊ ဒုတိယဆုကို နင်,ငဲးဒွီ;၊ ကျောက်ဆောင်ဆောင်;ရွာ၊ ပေါယာ,ကျေးရွာအုပ်စု၊ နောင်တရားမြို့နယ်၊ တတိယဆုကို နင်,မစိန်၊ တပဲုင်;မွူးရွာ၊ ပေါအင်;ကျေးရွာအုပ်စု၊ နောင်တရားမြို့နယ်တို့က အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ငိမ်,ချမ်,၊ ခွန်ယံသေ
Powered by Blogger.