Tuesday, June 12, 2018

မိဘဟူသည် တန်ခိုးရှင်မဟုတ်ပါ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်


"ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃာ့ဂုဏော အနန္တော၊ မာတာပိတုဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တော ပဉ္စဂုဏံအဟံဝန္ဒာမိပါ" မိဘဟူသည် အနန္တော အနန္တငါးပါးဂိုဏ်းဝင် ကျေးဇူးရှင်ပင်ဖြစ်သည်။ သို့သော် မိသားစုတိုင်းမှ မိဘတိုင်းသည် တန်ခိုးရှင်မဟုတ်ပါ လူ့အကြိုက်နတ်မလိုက်နိုင်ဆိုသည့်အတိုင်း သား/သမီးတိုင်း၏ လိုအင်ဆန္ဒဟူသမျှကို မည်သည့်မိသားစုတိုင်းမှ မိဘများက အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါတည်း။ သို့သော် သားသမီးများအပေါ်ထားရှိသော မိဘများ၏ မေတ္တာတရားသည် ဘယ်အရာနှင့်မှ တုနိုင်း၍မရနိုင်ပါ။ ကိုးလလွယ်ဆယ်လဖွားမှစကာ အရွယ်ရောက်သည်အထိ သား/သမီးများ လမ်းမှားမရောက်ရလေအောင်၊ လူ့ဘုံအလယ်တွင် သား/သမီးများ မျက်နှာမငယ်ရလေအောင် ပြုစုပျိုးထောင်ပေးလာခဲ့သည်မှာ မိဘများ နေပူမိုးရွာမရှောင် ဒုက္ခပေါင်းစုံခံခဲ့ရရှာပေသည်။

မိဘမေတ္တာ နားမလည်ရှာသည့် အချို့သော သား/သမီးတို့သည် အတောင်ပံစုံ၍ ခုန်ပျံကျော်လွှားနိုင်သည့် အရွယ်ရောက်လာသည်နှင့် ကျေးဇူးရှင် မိဘသခင်တို့အား မျက်ကွယ်ထားကာ ခြေစုံကန်သွားကြရှာသည်။ သား/သမီးတို့၏ လိုအင်ဆန္ဒအချို့ကို ဖြည့်ဆည်းပေးရန်မတတ်နိုင်သည့် အခါတွင် မိဘတို့၌ တာဝန်ရှိသည်ဟူ၍ မိဘတို့အပေါ် အပြစ်ဖို့ကြရှာသည်။ သား/သမီးများ လိမ္မာရေးခြားရှိအောင် မေတ္တာကရုဏာဒေါသဖြင့် မိဘများက ပြောဆိုသွန်သင်ဆုံးမမှုအပေါ် သား/သမီးအချို့တို့က မိဘများအား အပြစ်မြင်ကြရှာသည်။

သား/သမီးအချို့တို့သည် ကိုယ်ပိုင်ရပ်တည်နိုင်လာသည်နှင့် မိဘများအား ကလန်ကဆန် ပြုလုပ်တတ်လာကြပြီး အတိုက်အခံပြုကာ ပစ်ပြယ်သွားတတ်ကြသည်။ သို့သော် တောင်းဆိုး ပလိုင်းဆိုးသာ ပစ်ရိုးထုံးစံရှိပြီး သားဆိုး/သမီးဆိုးများကို ဘယ်မိဘများကမှ ပစ်ပြယ်ရိုးထုံးစံမရှိပါ။ အပြောအဆိုအမူအယာတို့က မချစ်ကြောင်းမည်သို့ပင်ပြစေကာမူ နောက်ကွယ်တွင် သား/သမီးများတို့အား မချစ်မနှစ်သက်သည့် မိဘဟူသည် လူ့လောကတွင် မရှိသလောက်ရှားပါးပါသည်။ မိဘတို့၏ မေတ္တာတရားအား အဇာတသတ်မင်းသားသို့နှယ် သား/သမီးများတို့ ကိုယ်တိုင် မိဘများဖြစ်လာသည့် အခါဝယ် နားလည်လာပါလိမ့်မည်။ နှောင်မှရသည့် နောင်တသည် တန်ဖိုးရှိသည့်အရာမဟုတ်ပါတည်း။ ၎င်းနည်းတူ ဆရာဟူသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်လင့်ကစား ဆရာများတိုင်းသည် လက်အောက်ငယ်သား တပည့်များတိုင်း၏ လိုအင်ဆန္ဒဟူသမျှကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။

ထို့အတူပင် မြတ်စွာဘုရားဟူသည် အကြီးမြတ်ဆုံး၊ ဘုန်းတန်ခိုးအရှိဆုံး မြင့်မြတ်သောသူ ဖြစ်လင့်ကစား လူသားနှင့် သတ္တဝါအားလုံးတို့၏ ဆုတောင်းမှုမှန်သမျှ၊ လိုအင်ဆန္ဒဟူသမျှကို အချို့သာ ဖြည့်စွမ်းပေးနိုင်ပြီး အရာအားလုံး တသွေမတိမ်းဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။ ကောင်းသည့်အရာ ပြုလုပ်ပါလျှင် ကောင်းသောအကျိုးရရှိခံစားရမည်၊ မကောင်းသောအရာပြုလုပ်ရာတွင် မကောင်းသည့် အကျိုးခံစားရရှိလာမည်ပင်တည်း။

ထိုသို့ဆိုကာမူ ရလာဒ်ကောင်းကျိုးများ ခံစားရရှိလာလေအောင်၊ အပယ်တရားလမ်းမှားသို့ မရောက်ရှိရလေအောင် လမ်းညွန်ပေးသောအရာသည် အနန္တောအနန္တငါးပါးဂိုဏ်းဝင် ကျေးဇူးရှင်များသာ ဖြစ်ပေသတည်း။ မိသားစုတွင် မိဘတို့သည် ကျေးဇူးရှင်သာတည်း၊ စာသင်ကျောင်းတွင် ဆရာဟူသည် ကျေးဇူးရှင်သာတည်း၊ လူသားနှင့် သတ္တဝါအားလုံးတို့တွင် မြတ်စွာဘုရားဟူသည် ကျေးဇူးရှင်သာဖြစ်ပါသည်။

အဆောက်အဦးတစ်ခု အိမ်တစ်ခုတွင် အတူတကွပူးပေါင်းနေထိုင်ခြင်းသည် မိသားစုပင်ဖြစ်သည်၊ ကျေးရွာတစ်ရွာ ရပ်ကွက်တစ်ခုတွင် ပူးပေါင်းနေထိုင်ခြင်းသည် မိသားစုပင်ဖြစ်သည်၊ စာသင်ကျောင်း တစ်ကျောင်းတွင် အတူတကွပညာသင်ယူနေကြခြင်းသည် မိသားစုပင်ဖြစ်သည်၊ မြို့တစ်မြို့၊ ပြည်နယ်တစ်ပြည်နယ်ထဲတွင် ပူးပေါင်းအတူနေထိုင်ခြင်းသည် မိသားစုပင်ဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံအတွင်းတွင် စုပေါင်းနေထိုင်ခြင်းသည် မိသားစုပင်ဖြစ်သည်၊ ကမ္ဘာတစ်ခုတွင် အတူတကွတည်ရှိနေကြသော နိုင်ငံပေါင်းစုံတို့သည် မိသားစုပင်ဖြစ်သည်၊ မျိုးနွယ်စုတစ်စု လူမျိုးတစ်မျိုးတို့သည် မိသားစုပင်ဖြစ်သည်။ အလားတူပင် အဖွဲ့အစည်းတစ်ခုတွင် ပူးပေါင်ပါဝင်လုပ်ဆောင်ခြင်းသည်လည်း မိသားစုပင်ဖြစ်ပါသည်။

မိဘဟူသည် မိသားစုတွင်သာရှိသည်မဟုတ် စာသင်ကျောင်းတွင် ဆရာ/မများတို့သည် ကျောင်းသား/သူများတို့၏ မိဘပင်ဖြစ်သည်၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့၊ ပြည်နယ်၊ နိုင်ငံတော်တို့တွင် အုပ်ချုပ်သူသည် မိဘပင်ဖြစ်သည်။ ထို့အတူ အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုးတို့တွင် အကြီးအကဲ ခေါင်းဆောင်ဟူသည် ၎င်းလူမျိုးနှင့် အဖွဲ့အစည်းဝင်တို့၏ မိဘပင်ဖြစ်သည်။

အကြီးအကဲခေါင်းဆောင်တို့သည် လူမျိုးတစ်မျိုးနှင့် အဖွဲ့အစည်းဝင်အားလုံးတို့၏ မိဘများဖြစ်ပါသော်လည်း ၎င်းတို့၏ လူမျိုးနှင့် အဖွဲ့အစည်းဝင်အားလုံး၏ လိုအင်ဆန္ဒဟူသမျှကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးနိုင်စွမ်းရှိမည်မဟုတ်ပါ။ လူမျိုးအကြီးအကဲခေါင်းဆောင်တို့သည် လူမျိုးနှင့် အဖွဲ့အစည်းဝင်များတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျပ်စစ်မီးရရှိရေး စသဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် အချို့သောဒေသခံများက အကျိုးခံစားနေရချိန်တွင် တစ်ချို့သောဒေသခံတို့သည် ပေးဆပ်မှုများဖြင့် ပေးဆပ်နေရမည်ပင်ဖြစ်သည်။ ဦးစားပေးသင့်သောနေရာဒေသအား ဦးစားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးသည့်အခါ ဦးစားပေးမခံရသောဒေသတို့သည် မျက်နှာလိုက်သည်ဟု အကြီးအကဲခေါင်းဆောင်မိဘတို့အပေါ် အပြစ်မြင်တတ်ကြသည်။ မိသားစုစိတ်ဓါတ်မရှိပဲ “သူကရပြီး ငါကတော့မရဘူး” ဟုဆိုကာ မိဘတို့အပေါ် အကောင်းမမြင်တော့ပဲ ကလန်ကဆန်အတိုက်အခံလုပ်လာကြသည်ကို တွေ့မြင်နေရသည်။ အခြားသူတို့၏ ဆွဲဆောင်လွှမ်းမိုးမှုကို ခံရသောအခါ လူမျိုး၊ အဖွဲ့အစည်း၊ ခေါင်းဆောင်အကြီးအကဲ၊ မိဘတို့၏ လုပ်ဆောင်မှုမှန်သမျှကို အကောင်းမမြင်တတ်တော့ပေ။

သာဓကတစ်ခုအနေဖြင့် တင်ပြရမည်ဆိုလျှင် ပွဲတစ်ပွဲကိုကျင်းပပြုလုပ်သည့်အခါ  ပွဲကာလအတွင်း ဧည့်ခံကျွေးမွေးမှုမပြုလျှင် ပွဲကလုပ်နိုင်ပြီး ဧည့်ခံကျွေးမွေးခြင်းမပြုပေးကြဟူ၍  အကောင်းမမြင်အပြစ်တင် ကြသည်။ ဧည့်ခံကျွေးမွေးခြင်း ဆောင်ရွက်ပေးပြန်သည့်အခါ ထမင်းမကောင်း၊ ဟင်းမကောင်း၊ အမယ်မစုံဟု အကောင်းမမြင်အပြစ်တင်ကြပြန်သည်။ ကောင်းကောင်းဧည့်ခံကျွေးမွေးမှု ပြုလုပ်ဆောင်ရွက်ပေးသည့်အခါ ပွဲလေးပြုလုပ်ကျင်းပတာ ဘာကြောင့် ဆန်အကောင်းစားများ အသုံးပြုသလဲ၊ ဟင်းအမယ်များပြီး ကောင်းကောင်းဧည့်ခံကျွေးမွေးမှုပြုကြသလဲ၊ ကုန်ကျစရိတ်များမည်၊ ဤအတွက် ငွေအမြောက်အများအသုံးမပြုသင့်ဘူး အခြားနေရာတို့တွင် အသုံးပြုလျှင်ပိုအကျိုးရှိသည်ဟု စသဖြင့် အကြောင်းမရှိအကြောင်းရှာကာ ဝေဖန် ပြစ်တင် အပြစ်မြင်တတ်ကြသည်ကို တွေ့ရှိနေရပါသည်။

မျက်စိစုံကန်းသောသူသည် သူ၏ရှေ့တွင် ပန်းခင်းမည်မျှပင်လှစေကာမူ ၎င်းအလှတရားကို ခံစားနိုင်မည်မဟုတ်ပဲ မှောင်မိုက်သည့်အရာကိုသာ မြင်နေကြသည်။ နားစုံကန်းသောသူသည် တေးသံသာများမည်မျှပင် သီဆိုပြစေကာမူ တေးသွားသံစဉ်ကို ရရှိခံစားကြားနိုင်မည်မဟုတ်ပါ။ ထိုသို့ ဆိုလျှင် မိဘများက မည်မျှပင်ပြောဆိုသွန်သင်ဆုံးမ၊ လိုအင်ဆန္ဒဖြည့်ဆည်းပေးစေကာမူ အကောင်း မမြင်အပြစ်တင်ကြသော သား/သမီးများတို့သည် နား၊ မျက်စိစုံကန်းသော သူများသာဖြစ်သည်။

ယနေ့ခေတ်တွင်  ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟူသော စကားလုံးကို လက်ကိုင်စွဲပြီး လူတိုင်းစေ့ ဆိုင်ကယ်တစ်စီးစီ ပေးမှရမည်၊ အိမ်တိုင်းစေ့ ကားတစ်စီးစီပေးရမည်၊ ကျေးရွားတိုင်းစေ့ ကတ္တရာလမ်း ခင်းပေးရမည်၊ နေရာဒေသမကျန် လျှပ်စစ်မီးလင်းအောင် လုပ်ပေးရမည်၊ ကျေးရွာတိုင်းဆေးရုံဆေးပေးခန်း တည်ဆောက်ပေးရမည်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုရေးကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ဒေသခံများပူးပေါင်းပါဝင်မှုအဖြစ် ထည့်ဝင်ငွေများကို ထည့်ရန်မလို၊ ပူးပေါင်းပါဝင်ဆောင်ရွက် ရန်မလိုဟူ၍ စသဖြင့် လွဲမှားနေသောအယူအဆများကြောင့် ကိုယ့်လူမျိုးအပေါ်၊ မိဘတို့အပေါ် ကလန်ကဆန်အတိုက်အခံ ပြုတတ်ကြသည်။ သို့သော် မိဘတို့သည် သား/သမီးဆိုးများအပေါ် မေတ္တာပျက်ပြယ်သွားခြင်းမရှိပါ။ နောက်ကွယ်တွင် သား/သမီးများ အဆင်ပြေမှုရှိပါ့လား၊ သူတို့၏ လိုအပ်ချက်များအား မည်သည့်အချိန်တွင် မည်သို့ဖြည့်ဆည်းပေးရမည်ကို အခက်အခဲများစွာထဲက ကြိုးစားလုပ်ဆောင်ပေးနေမည်။ ၎င်းသည် မိဘများက သား/သမီးများတို့အပေါ်ထားသော မေတ္တာတရား ပင်ဖြစ်သည်။

ထို့ကြောင့် သား/သမီးတိုင်း၏ လိုအင်ဆန္ဒဟူသမျှကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသော မိဘတို့ အပေါ် မိဘများသည် တန်ခိုးရှင်မဟုတ်ကြောင်း နားလည်းသဘောပေါက်ပြီး မိဘများ၏ အရိပ်အာဝါသ အောက်တွင် ငြိမ်းချမ်းပျော်ရွှင်ချမ်းမြေ့စွာ မိသားစုစိတ်ဓါတ်အပြည့်အဝဖြင့် ချစ်ချစ်ခင်ခင် ပူးပေါင်းနေထိုင် စေလိုသောဆန္ဒဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ကတောင်လေ 
(ခမ်းစန္တာ;ဟေ့,)

Powered by Blogger.