Thursday, June 14, 2018

ထေရဝါဒဗုဒ္ဓထွန်းကားသည့် တို့ပအိုဝ်းမြေ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်



ဤကမ္ဘာမြေကြီးတွင် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သက်ရှိသတ္တဝါများ အားလုံးစုဖွဲ့ပြီး တစ်စုတစ်စည်းတည်း အတူတကွပူးပေါင်းနေထိုင်လျက်ရှိသည့်နေရာတစ်ခုဟုဆိုရမည်ပင်ဖြစ်သည်။ သက်ရှိသတ္တဝါများအားလုံးအနက် အသိဉာဏ်ပညာရှိသော အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သော သတ္တဝါတစ်မျိုးသည် မိမိတို့လူသားများပင်ဖြစ်သည်။ ကမ္ဘာတွင် မှီတင်းနေထိုင်လျက်ရှိသည့် လူသားတို့သည် နေထိုင်ရာ ဒေသ၊ အသားအရောင်၊ အယူအဆ၊ ယုံကြည်မှုအပေါ်မူတည်ပြီး ကိုးကွယ်ယုံကြည်ရာ ဘာသာသည်လည်း ကွဲပြားကြပေမည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်တွင် လူတို့ အများအားဖြင့် သက်ဝင်ယုံကြည် ကိုးကွယ်လျက်ရှိသည့် ဘာသာကြီး(၄)ရပ်ရှိပါသည်။ ၎င်းတို့မှာ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ပင်ဖြစ်သည်။ ထိုဘာသာကြီး(၄)ရပ်ကို မြန်မာနိုင်ငံအတွင်းတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများလည်း ယုံကြည်ကိုးကွယ်ကြပါသည်။ သို့သော် မြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ အများဆုံးယုံကြည်ကိုးကွယ်လျက်ရှိသည့် ဘာသာမှာ ဗုဒ္ဓဘာသာပင်ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများအနက် မိမိတို့ပအိုဝ်းတိုင်းရင်းသားသည်လည်း အပါအဝင်ပင်ဖြစ်သည်။

မိမိပအိုဝ်းတိုင်းရင်းသားတို့ကို မြန်မာနိုင်ငံ၏နေရာအနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ ဝတ်စုံအနက်(သို့) နက်ပြာရောင်ဝတ်စုံနှင့် ရောင်စုံခေါင်းပေါင်း ဝတ်ဆင်ထားသည့် တိုင်းရင်းသားသည် မိမိတို့ ပအိုဝ်းတိုင်းရင်းသား လူမျိုးများပင်ဖြစ်ပေသည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ငြိမ်းချမ်းစွာဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားကာ အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများဖြင့် သီးခြားရပ်တည်လျက်ရှိသည့် တိုင်းရင်းသားတစ်မျိုးလည်းဖြစ်သည်။ အများအားဖြင့် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်လျက်ရှိကြပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်သည့် ပအိုဝ်းတိုင်းရင်းသား အနည်းငယ်သာရှိပါသည်။
 
ပအိုဝ်းတိုင်းရင်းသားများ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်မှာ သုဝဏ္ဏဘူမိသထုံပြည်ခေတ် မဟာသက္ကရာဇ် ၁၁၁-ခုနှစ် (ဘီစီ-၅၈၁)တွင် ဗုဒ္ဓမြတ်စွာဘုရား ဝါတော်(၈)ဝါရချိန် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွရောက်တော်မူခဲ့ပြီး ပထမပအိုဝ်းမင်းဆက်ဖြစ်တော်မူသည့် သုဝဏ္ဏဘူမိသထုံပြည့်ရှင် သူရိယစန္ဒာမင်းသည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို နာကြားရပြီး မင်းနှင့်တကွ ပြည်သူအားလုံး ထေရဝါဒဗုဒ္ဓဘာသာကို စတင်သက်ဝင်ယုံကြည်လာခဲ့ကြသည်။ ထို့နောက်သုဝဏ္ဏဘူမိ သထုံပြည့်ရှင် သူရိယစန္ဒာမင်းသည် ရွှေစာရံစေတီကို အုတ်မြစ်ချတည်ထားကိုးကွယ်၍ ဗုဒ္ဓမြတ်စွာဘုရားနှင့်ရဟန်းသံဃာတော်တို့ သီတင်းသုံးနိုင်ရန်အတွက် ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခဲ့ပြီး မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်များအား ဤအရပ်၌ အမြဲသီတင်းသုံးနေထိုင်ရန် လျှောက်ထားတော်မူခဲ့ သည်။ ထိုကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဘုန်းတန်ခိုးအရှိန်အဝါထွန်းတောက်လာစေရန်နှင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်လာစေရန် ဦးဆောင်လမ်းညွန်ပြသပေးခဲ့သော သူရိယစန္ဒာမင်း၏ ကျေးဇူးကို အမြဲအမှတ်ရစေရန်အလို့ငှာ ၎င်း၏မွေးနေ့ဖြစ်တော်မူသည့် တပေါင်းလပြည့်နေ့ကို အစဉ်အလာရိုးရာဓလေ့မပျက်ဘဲ ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ဤအထောက်အထားကို ကြည့်ခြင်းအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အချိန်မှစ၍ ယနေ့တိုင်ပင် သက်ဝင်ယုံကြည် ကိုးကွယ်နေကြဆဲဖြစ်သည်ကို မြင်တွေ့နိုင်ပါသည်။ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ဘာသာရေးအပေါ်သက်ဝင်ယုံကြည်မှု မည်မျှ ကိုင်းရှိုင်းလျက်ရှိသည်ကို ပအိုဝ်းဒေသရှိ ခမ်းနားထည်ဝါသော ဘုန်းတော်ကြီးကျောင်းများ၊ ရွှေရောင်တဝင်းဝင်းတောက်ပနေသော စေတီပုထိုးများနှင့် ဘာသာရေးပွဲလမ်းသဘင်များက သက်သေထူနေပေသည်။

အခါကြီး ရက်ကြီး၊ လပြည့်လကွယ်၊ ဝါတွင်းသုံးလ ဘာသာရေးဆိုင်ရာနေ့ထူးနေ့မြတ် အခါသမယများတွင် ဘုန်းတော်ကြီးကျောင်းများတက်၍ ဆရာတော်များအား လူဖွယ်ပစ္စည်းများ ကပ်လှူခြင်း၊ ဆရာတော်များ၏ သြဝါဒစကားများ၊ တရားတော်အဆုံးအမများကို ခံယူခြင်းနှင့် သီတင်းသီလဆောက် တည်ခြင်းများစသည့် ကောင်းမှုကုသိုလ်များကို ရှေးဘိုးဘွားများ လက်ထက်ကတည်းမှသည် ယနေ့တိုင် နှစ်စဉ်နှစ်တိုင်းမပျက်မကွက် တက်ရောက်ကုသိုလ်ယူကြလျက်ရှိပါသည်။ ရဟန်းသံဃာတော်များကို အထူးကြည်ညိုလေးစားကြကာ ဆရာတော်များ၏ ဆုံးမစကားကိုလည်း တသွေမတိမ်း လိုက်နာဆောက်ရွက်ကြသည့်အပြင် ဗုဒ္ဓဝေယျာဝစ္စများ၊ ဓမ္မဝေယျာဝစ္စများနှင့် သံဃာ့ဝေယျာဝစ္စများကို အထူးကျေပွန်ကြပါသည်။

ပအိုဝ်းလူမျိုးများ၏ နေထိုင်ရာအိမ်သို့ ရောက်သည်နှင့် သစ်သီးပန်းမာန်များဖြင့် ဝေဆာခမ်းနားစွာ ဆောက်လုပ်ပြင်ဆင်ထားသည့် ဘုရားကျောင်းကို ဦးစွာတွေ့မြင်ရပေမည်။ မြတ်စွာဘုရားကိုလည်း နေ့စဉ် နံနက်တိုင်း ပန်း၊ ဆွမ်း၊ ရေချမ်းများကို ကပ်လှူဒါန်းကြပါသည်။ လုပ်ငန်းခွင်သို့ ဝင်ရောက်နေသော်လည်း ဘုရားပန်းကို ညိုးနွမ်းအောင် မထားတတ်ကြပေ။ ဘုရားပန်းကို တစ်ပတ်လျှင် ပုံမှန်နှစ်ခါလှဲလှယ် ပေးကြသည်။ ပအိုဝ်းတိုင်းရင်းသားများသည် အခြားသော ဘုန်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကိုးကွယ်သောအလေ့ မရှိကြပေ။ ဗုဒ္ဓဘုရားကိုသာလျှင် အလေးထားကိုးကွယ် ကိုင်းရှိုင်းတတ်ကြသည်။ ဘုရားဟောဒေသနာတော်များကို လိုက်နာကျင့်သုံးကြသည်။ ကျေးရွာရှိရွာသားတိုင်း ဘာသာရေးကို ရိုသေကိုင်းရှိုင်းသူများဖြစ်ကြပြီး ဘာသာအယူဝါဒအပေါ် တိမ်းစောင်းသွေဖယ်စေသည့် အတွေးအခေါ်အယူအဆမျိုးကို လုံးဝလက်မခံကြပေ။ ကျေးရွာများတွင် လုပ်ငန်းခွင်ပြီး၍ ကျင်းပသည့် ပွဲလမ်းသဘင်များသည်လည်း ဘာသာရေးနှင့် နှီးနွယ်လျက်ရှိသည့် ပွဲလမ်းသဘင်များသာဖြစ်သည်။ ဗုဒ္ဓကို ပူဇော်သည့်ပွဲ၊ ဗုဒ္ဓသားတော်အဖြစ်ခံယူသည့် ရှင်ပြုရဟန်းခံပွဲ၊ ဝါကျွတ်ပွဲ၊ သင်္ကြန်ပွဲများနှင့် အခြားဗုဒ္ဓကို ရည်စူးသည့်ပွဲများသာ ကျင်းပလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့ ကျင်းပပြုလုပ်သော မည်သည့် ပွဲများပင်ဖြစ်စေကာမူ ဘာသာရေးကို ချန်လှပ်ထားလေ့မရှိပါ။ ထို့ကြောင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားတို့သည် ခွဲခြားထား၍ ရနိုင်မည်မဟုတ်ပေ။

ဗုဒ္ဓ၏အဆုံးအမများ၊ အယူဝါဒများကို ယုံကြည်လက်ခံကြသည့် ပအိုဝ်းတိုင်းရင်းသားတို့၏ စိတ်နေစိတ်ထားသည်လည်း အလွန်သိမ်မွေ့ကြသည်။ ပြဿနာတစ်စုံတစ်ခုဖြစ်လာပါက ဒေါသကို ရှေ့တန်းမတင်ဘဲ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားကာ ခွင့်လွှတ်တတ်သည့် အလေ့အထသည်လည်း ဗုဒ္ဓ၏ အဆုံးအမများကြောင့်ဟု ပြောလျှင်မှားမည်မဟုတ်ပါ။ ဗုဒ္ဓ၏အရိပ်သည် အေးချမ်းသည်။ ပူလောင်ခြင်းမှ ကင်းဝေးစေသည်။ ငြိမ်းချမ်းခြင်းအစစ်အမှန်ကို ဗုဒ္ဓတွင် တွေ့ရှိနိုင်ပေသည်။ ဤဆောင်းပါးသည် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်ရာဘာသာအကြောင်းနှင့် ဘာသာရေးအပေါ် ယုံကြည်သက်ဝင်မှု မည်မျှကိုင်းရှိုင်းမှုရှိသည်ကို သိစေလိုသော ရည်ရွယ်ချက်များကြောင့်  ရေးသားထားခြင်းသာဖြစ်ပေသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Powered by Blogger.