Wednesday, June 20, 2018

စိန်ခေါ်မှုများစွာနှင့် ရှေ့ဆက်ရမည့် ပအိုဝ်းတို့၏အနာဂတ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀)ရက်


ပအိုဝ်းလူမျိုးသည် အနေအေးကြသည်။ ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး ဘာသာရေး၏အဆုံးအမကိုလည်းနာခံသောလူမျိုးဖြစ်သည်။ လူကြီးမိဘစကားကိုနားထောင်ပြီး စည်းလုံးမှုအားကောင်းသောလူမျိုးလည်းဖြစ်သည်။ ပအိုဝ်းလူမျိုးသည် အေးအေးချမ်းချမ်းနှင့် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသောလူမျိုးဖြစ်သည်။ အေးချမ်းချမ်းနေထိုင်လိုသူများလည်းဖြစ်သည့်အပြင် မဟုတ်မခံသည့် လူမျိုးလည်းဖြစ်သည်။

ယနေ့ခေတ်မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးစုပေါင်းနေထိုင်လျက်ရှိပါသည်။ လူမျိုးပေါင်း(၁၃၅)မျိုးထဲတွင် ပအိုဝ်းလူမျိုးသည် လူဦးရေစာရင်းအရ အဆင့်(၅)သို့မဟုတ်အဆင့်(၆)နှင့် ရှမ်းပြည်နယ်ထဲတွင် ရှမ်းလူမျိုးပြီးလျှင် ဒုတိယအကြီးဆုံးတိုင်းရင်းသားအုပ်စုအဖြစ် ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါသည်။ ပအိုဝ်းလူမျိုးသည် လူဦးရေအရကြည့်မည်ဆိုပါက အင်အားများသည်ဟုဆိုနိုင်သော်လည်း တစ်ခေတ်တစ်ခါတုန်းက အနှိမ်ခံဘ၀သို့ကျရောက်ခဲ့ရခြင်းမှာအဘယ်ကြောင့်နည်း။ မဟုတ်မခံသောစိတ်ကြောင့်နှင့် မျိုးချစ်စိတ်ဓါတ်ခံအားကောင်းသော ခေါင်းဆောင်ကောင်းတို့၏ ဦးဆောင်မှုကောင်းခြင်းကြောင့်သာ အနှိမ်ခံဘ၀မှ ပြန်လည်လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ အနှိမ်ခံဘ၀ရောက်ခဲ့ရခြင်းမှာ အနေအေးလွန်းခြင်းကြောင့်လား၊ အသိပညာအားနည်းရခြင်းကြောင်းလား၊ ပြန်လည်ဆန်းစစ်ရမည့်အကြောင်းများစွာ ရှိနေပါသည်။

ခေတ်စနစ်ဆိုးတစ်ခု၏ နှိပ်စက်မှုဒဏ်များကြောင့် ပအိုဝ်းလူမျိုးသည် ဘ၀ကိုဒုက္ခမျိုးစုံဖြင့်အလူးအလဲရင်ဆိုင်ဖြတ်သန်းခဲ့ရပါသည်။ ခေတ်စနစ်ဆိုးများကြောင့် မိမိရပိုင်ခွင့် မိမိကိုယ်ပိုင်အခွင့်အရေးများကိုပင် မဖန်တီးနိုင်ခဲ့ပါ။ ဤသည်မှာ ခေတ်စနစ်ဆိုးတစ်ခုကြောင့် အပြစ်ဆိုနိုင်သော်လည်း ယနေ့ဒီမိုကရေစီခေတ် သည် လူတစ်ဦးချင်းမှ လူမျိုးစုကြီးဆီသို့ ရရှိလာသည့်အခွင့်အရေးကို မဆုံးရှုံးရလေအောင်သူသူငါငါအလုအယက်နဲ့ ဖန်တီးနေကြပြီဖြစ်သည်။ အခွင့်အရေးရရှိပြီးဖြစ်သော်လည်း ယူတတ်ဖို့လည်းအရေးကြီးပါ သည်။ ပအိုဝ်းလူမျိုး၏အခွင့်အရေးကို ပအိုဝ်းလူမျိုးကသာဖန်တီးရယူရမည်ဖြစ်သည်။ မည်သည့်အဖွဲ့အ စည်း၊ မည်သည့်လူမျိုးကမှ ပအိုဝ်းလူမျိုးအတွက်ပါဆိုပြီး“ရော့လို့” လာပေးမည်မဟုတ်ပါ။

အခွင့်အရေးရှိပြီးဖြစ်သော်လည်း အသုံးချတတ်ရန်လည်း လိုနေပါသည်။ အသုံးမချတတ်ပါကလည်း သဲထဲရေသွန်သလို အလကားဖြစ်နေဦးမည်ဖြစ်သည်။ ရရှိလာသည့်အခွင့်အရေး ဆုံးရှုံးမှုမဖြစ်ရစေရန် အကျိုးရှိရှိအသုံးချတတ်ရန်အတွက် မိမိတို့သည်ကျွမ်းကျင်သည့် အရင်းအမြစ်ရှိရန်လိုအပ်ပါသည်။ ထိုအရင်းအမြစ်မှာ အသိပညာ၊ အတတ်ပညာပင်ဖြစ်သည်။ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်ကို များများမွေးထုတ်ပေးရန်လိုပါသည်။ ယနေ့ခေတ်အခြေအနေအရ ဘွဲ့တစ်ခုလောက်ရပြီး ကျေနပ်နေ၍မရတော့ကြောင်းကို လူကြီးကအစ လူငယ်များပါမကျန် နားလည်ထားရန်အလွန်ပင်အရေးကြီးလှပါသည်။

ယနေ့ခေတ် ပအိုဝ်းဒေသမှာ စိန်ခေါ်မှုများစွာကျန်ရှိနေသေးသည်ကို ပအိုဝ်းလူမျိုးတိုင်း သတိပြုနေရမည့်အရေးကိစ္စတစ်ခုဖြစ်သည်။ အရင်ဆုံးသောစိန်ခေါ်မှုသည် ပညာရေးကဏ္ဍဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းတို့တွင် ကျောင်းထွက်နှုန်းမြင့်မားမှု၊ အထက်တန်းနှင့်ကောလိပ်အောင်မြင်သည့်နှုန်းနိမ့်ကျမှု ဆရာများမလုံလောက်မှုနှင့် ပအိုဝ်းဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်ရှားပါးမှုတို့ကို တွေ့ကြုံနေရဆဲဖြစ်သည်။ စီးပွားရေးကဏ္ဍတွင်လည်း တောင်သူလယ်သမားအများအပြားသည် နိုင်ငံတော်နှင့် ပြည်တွင်းဈေးကွက်သို့ ငွေရသီးနှံသစ်တင်ပို့ရောင်းချနိုင်ရန်ကြိုးပမ်းခြင်း၊ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် နည်းပညာသစ်များကျင့်သုံးခြင်းတို့ကို ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ သို့သော် ဈေးကွက်အာမခံချက်မရှိမှု၊ ဒေသထွက်ကုန်များကို ၀ယ်ယူကာကြာရှည်ခံအောင် အအေးခန်းစသည့် ကုန်လှောင်ရုံများမရှိမှု၊ တန်းဖိုးမြှင့်တင်နိုင်ခြင်းမရှိမှုတို့ကြောင့် ပုံမှန်ဝင်ငွေနှင့် အမြတ်ငွေရရှိမှုနည်းပါးခဲ့ရသည်။

အထူးသဖြင့် ဘိန်းစိုက်ပျိုးသည့်တောင်သူများသည် ယခင်ကဘိန်းဈေးရှိ၍ စားဝတ်နေရေးအတွက်အဆင်ပြေခဲ့သော်လည်း ယခုအခါတွင်ဘိန်းဈေးမရှိသည့်အတွက်ကြောင့် ဘိန်းစိုက်ပျိုးသည့်တောင်သူများသည် အခက်အခဲများစွာနှင့်ကြုံတွေ့နေရခြင်းဖြစ်သည်။ ဒေသတွင်းနှင့်နိုင်ငံတကာ NGOများထံမှ အကူအညီများဖြင့် ဘိန်းအစားထိုးသီးနှံများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် အသေးစား၊ လက်မှုလုပ်ငန်းသင်တန်းများကူညီပေးခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းပေးနိုင်ရန်လုံလောက်မှုမရှိသေးပါ။အကြောင်းအရင်းမှာ အစားထိုးသီးနှံများသည် အနာဂတ်ဈေးကွက်တွင် အာမခံချက်မပေးနိုင်ခြင်းဖြစ်သည်။ အသေးစားထုတ်ကုန်များသည်လည်း ဈေးကွက်ရှာဖွေရန်အခက်အခဲရှိခြင်းများဖြစ်သည်။ အကျိုးဆက်များအနေဖြင့် စီးပွားရေးအကျပ်အတည်းနှင့် ဆင်းရဲပင်ပန်းစွာနေထိုင်မှုအခြေအနေများကြောင့် ပအိုဝ်းတို့နေရပ်စွန့်ခွာကာ ပိုမိုကောင်းမွန်သည့်အလုပ်အကိုင်အခွင့်အလမ်းကောင်းများရှိရာ နိုင်ငံရပ်ခြားသို့ အခက်အခဲပေါင်းများစွာဖြင့် သွားရောက်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားတွင် မည်မျှပင်ခက်ခဲစေကာမူ မိသားစုစားဝတ်နေရေးအတွက်လည်း ရှိနေသေးသည်မဟုတ်ပါလော။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည်လည်း တိုင်းသူပြည်သားများအတွက် ရင်တမမနှင့် စောင့်ကြည့်နေရသည့်အနေအထားပင်ရှိနေသေးသည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။ ၂၀၁၀ ခုနှစ်နိုင်ငံရေးအကူးအပြောင်းကာလ ဦးသိန်းစိန်အစိုးရတက်လာသည်။ ၂၀၁၀ ခုနှစ်အလွန် ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLDအစိုးရတက်လာသည်။ ပအိုဝ်းလူထုအတွက်ဆိုပြီး ပအိုဝ်းလူမျိုးမဟုတ်သည့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်၊ မည်သည့်ဝန်ကြီးဌာနက အရေးတစ်ယူလုပ်ပေးတာများရှိခဲ့ဖူးပါသလား။ ကိုယ့်ရပိုင်ခွင့်အတွက် တစ်ပါးသူကိုအားကိုးနေ၍မရဆိုသည်ကို ပအိုဝ်းလူမျိုးအားလုံး အမြဲနှလုံးသွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။

မိမိတို့ရပိုင်ခွင့်အတွက် အလုပ်ကိုကြိုးစားလုပ်နေရမည်ဖြစ်သည်။ အလုပ်မလုပ်ဘဲ အချင်းချင်းဝေဖန်ပုပ်ခတ်နေမည်ဆိုပါက ကောင်းကျိုးထက် ဆိုးကျိုးများနှင့်သာကြုံတွေ့နေရမည်ဖြစ်သည်။ မည်သည့်ကိစ္စတွင်မဆို အလုပ်လုပ်သည့်အခါမှာ မိမိတို့၏မျက်လုံးများ၊ နားများကို အမြဲဖွင့်ထားရန်လိုပါသည်။ မိမိတို့၏မျက်စိ၊နားများကို တစ်ချိန်လုံးပိတ်ထားနေမည်ဆိုပါက မိမိတို့နှလုံးသားသည်လည်း ပိတ်နေမည်ဖြစ်ပြီး အချင်းချင်း တစ်ဦးနှင့်တစ်ဦးအပေါ်ယုံကြည်မှုများပျောက်ဆုံးနေမည်မှာအမှန်ပင်ဖြစ်သည်။ ယခုလက်ရှိမိမိတို့ဒေသမှာပင် အလုပ်များများလုပ်ရန်ထက် စကားများ၊ ရန်ဖြစ်၊ အချင်းချင်းအပုပ်ချကြရင်း အချိန်ကုန်နေကြခြင်းကပိုများနေသည်။ တစ်ခုခုဆိုအဖြေရှာပြီး အတူတူပူးပေါင်းဖြေရှင်းခြင်းထက် ဟိုအဖွဲ့ကဘာဖြစ်တယ်၊ ဒီလူကမကောင်းဘူးနဲ့အပြစ်ရှာချင်ကြသည့်လူတွေကပိုများနေသည်ကိုတွေ့ရသည်။“မမှားဖူးတဲ့ရှေ့နေ၊ မသေဖူးတဲ့ဆေးသမား” ဟူ၍ရှိပါသလား။ လူတိုင်းအမှားနဲ့မကင်းနိုင်ပါ။ တစ်ခါမှားဖူးတာနှင့် တစ်သက်လုံးမကောင်းဘူးလို့ ပြောနေရင်တရားပါသလား။ လူတစ်ဦးတစ်ယောက်နှင့်မတည့်/မကောင်းသည်နှင့် အဲဒီတစ်ဖွဲ့လုံးမှာရှိနေသည့်လူတွေအားလုံးမကောင်းဘူးလို့ တစ်ချိန်လုံးလိုက်အပြစ်တင်နေခြင်းသည် ငါးခုံးမတစ်ကောင်ကြောင့် လှေပေါ်မှာရှိသည့်ငါးအားလုံးသည် အပုပ်ပါလို့ငြင်းခုံနေတာနှင့်အတူတူပင်ဖြစ်ပြီး အဆုံးသတ်တွင် နှစ်ဦးနှစ်ဖက်အကျိုးမရှိသည့်အပြင် ဇာတ်သိမ်းကောင်းပင်ရရှိရန်မလွယ်ကူပါ။

ထို့အတူ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနောက်ကျရခြင်းသည်လည်း အပြောဟုတ်ပြီးအလုပ်လွဲနေသူများနေခြင်း၊ အလုပ်နဲနဲလုပ်ပြပြီးဘေးထိုင်စကားများနေခြင်း၊ ကိုယ်ကိုတိုင်ကျဘာမှမလုပ်ချင် သူများလုပ်တော့လည်း အကောင်းမမြင်တတ်ခြင်း၊ မကောင်းမြင်စိတ်များနေခြင်းတို့ကြောင့်ဖြစ်သည်။ မိမိတို့သည် “အသံကြောင့်ဖားသေ”ဆိုသည့်အတိုင်းမဖြစ်ရစေရန် အပြောထက်အလုပ်ကိုကြိုးကြိုးစားစားလုပ်ရန်လိုပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များကို များများမွေးထုတ်ပေးရန်လိုအပ်ပါသည်။ ပအိုဝ်းလူငယ်များသည်လည်း အစိုးရ၏အဆင့်မြင့်ရာထူးနေရာဌာနများတွင် များများဝင်ရောက်အမှုထမ်းနိုင်ရန်လည်း အရေးကြီးလိုအပ်သည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ အလုပ်လုပ်သည့်နေရာတွင်လည်း အကောင်းမြင်စိတ်များထားရှိရန်လည်း အလွန်အရေးကြီးပြီး ပတ်ဝန်းကျင်နှင့်လည်း သဟာဇာတဖြစ်ရန်လိုသည်။ အမျိုးသားအကျိုးစီးပွားအတွက် မည်သူနှင့်မဆိုလူမျိုးပေါင်းစုံနှင့်လည်း လက်တွဲ၍အလုပ်လုပ်နိုင်စွမ်းရှိရမည်ဖြစ်သည်။ ပါတီနိုင်ငံရေးတစ်ခုတည်းနှင့်သွားလို့မရပါ။ အမျိုးသားရေးကိုအခြေခံသော အမျိုးသားနိုင်ငံရေးအသွင်ဖြင့်သွားရမည်ဖြစ်သည်။

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသည် မိမိနိုင်ငံအမျိုးသားအကျိုးစီးပွားအတွက် ရန်သူ၊ မိတ်ဆွေဟူ၍မရှိပါ။ အခြေအနေနှင့်အချိန်အခါအရ ရန်သူသည် မိတ်ဆွေဖြင့်နိုင်သလို၊ မိတ်ဆွေသည်လည်း ရန်သူဖြစ်သွားနိုင်သည်ကိုပအိုဝ်းတို့အနေဖြင့် ထိုအခြေအနေတစ်ရပ်ကို ကောင်းစွာသဘောပေါက်ထားရန်လိုပြီး တစ်ချိန်တုန်းကအဃာတတရားကို အမုန်းပွားပြီး ဟိုလူမျိုးကမကောင်းဘူး၊ ဒီလူမျိုးကမကောင်းဘူးစသဖြင့်အတိုက်အခံလုပ်နေမည်ဆိုပါက ဒေသတွင်းရှိပြည်သူများသာ ဒုက္ခခံစားနေရမည်ဖြစ်သည်။ လူတစ်ယောက်မကောင်းတာနှင့်ကျန်သည့်လူများအားလုံးမကောင်းတော့ဘူးဖြစ်ကုန်ပြီး၊ နေရာ/ဒေသတိုင်းတွင် မကောင်းသည့်လူမျိုးရှိသလို ကောင်းသည့်လူမျိုးလည်းအများကြီးရှိပါသည်။ ထိုသို့မ ကောင်းသည့်အတွေးအခ်ါများသည်လက်ရှိလူကြီးများသာမက မျိုးဆက်သစ်လူငယ်များအထိ ကူးစက်ပျံ့နှံ့သွားမည်ဆိုပါက မိမိတို့ပအိုဝ်းဒေသသည်လည်း ငြိမ်းချမ်းသာယာဝပြောပြီးဖွံ့ဖြိုးတက်သည့်ဒေသအဖြင့် မြင်တွေ့နိုင်ရန် အလှမ်းဝေးနေဦးမည်ဖြစ်ပါသည်။

ခြဲုင်းပေ;ခွန်
(စန္တာ;ခမ်း)
Powered by Blogger.