Thursday, June 21, 2018

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ အထူးသင်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂) ရက်





ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးရေးဒဲဉ်သီဗွေကွင်းရှိ လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာဒီပလိုမာ အထူးသင်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် ဇွန်လ ၂၁ရက် ကြာသပတေးနေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) အတွင်းရေးမှုး(၃) ဖြားခွန်တင်ထွဋ်က ပအိုဝ်းဒေသအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ ဦးဆောင်ပြီး ပညာရေးဝန်ကြီးဌာနသို့ သွားရောက်တင်ပြရာမှ အစပြု၍ ယခုလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်း ပေါ်ပေါက်လာရန် အခွင့်အလမ်းတစ်ခုပေါ်လာပြီး ပညာရေးဝန်ကြီးဌာနမှ ၁၉/၂၀၁၅ ခွင့်ပြုစာဖြင့် (၆.၁.၂၀၁၆)မှာ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဤသင်တန်းကျောင်းတွင် ပအိုဝ်းဒေသအတွင်းရှိ ဒေသခံဆရာ/ဆရာမများ ဘက်စုံအရည်အချင်း တတ်မြောက်လာစေရန် ရည်ရွယ်၍ အဓိကဘာသာရပ်(၁၈)ခုအပြင် လူကုန်ကူမှုတားဆီးရေး၊ မူးယစ်းဆေးဝါး တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာ့ရိုးရာအခြေခံသိုင်းပညာ၊ မီးသတ်၊ ကြက်ခြေနီစသည့် ပညာရပ်များကို သင်ကြားပေးပါကြောင်း စသည့် အဖွင့်အမှာစကားကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၁၈) ဒု-တပ်ဖွဲ့ခွဲ(ရှမ်း-တောင်)၊ ဒု-ရဲမှူးဦးအောင်နိုင်မိုးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်သော ရာဇာသတ်ကြီးဥပဒေ ပုဒ်မ-၂၇၉/ ၃၃၇/ ၃၃၈/  ၃၀၄-(က) အကြောင်း အရာများ၊ ဆိုင်ကယ်စီးနင်းသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်မတော်တဆ ဖြစ်ရခြင်း အဓိကအကြောင်းရင်းများ (၄)ချက်ဖြစ်သော လမ်း၊ ယာဉ်၊ ရာသီဥတု၊ လူ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမှတ်(၂) မူးယစ်တပ်ဖွဲ့ခွဲ ၊ တောင်ကြီး တပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီးဦးစောလေးဝါးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကာမှုများ၊ မူးယစ်ဆေးဝါး ပြဿနာသည် လူသားအားလုံး၏ပြဿနာဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် လူသားတိုင်းတွင်တာဝန်ရှိကြောင်း စသည့် မူးယစ်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲ အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမှတ်(၂) မူးယစ်တပ်ဖွဲ့ခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ  လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကောလိပ်ကျောင်းမှ သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ခွန်ဟော်ဇံ
Powered by Blogger.