Friday, June 29, 2018

ပအိုဝ်းတိုင်းရင်းသား၏ အမျိုးသားဒီမိုကရေစီစနစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၉)ရက်



ပအိုဝ်းတိုင်းရင်းသားသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ အစောဆုံးရောက်ရှိသော တိုင်းရင်းသားများတွင် တစ်မျိုးအပါအ၀င်ဖြစ်ပြီး ကိုယ်ပိုင်ထီးနန်းများနှင့်တင့်တယ်ထည်ဝါစွာ နေထိုင်နိုင်ခဲ့သော လူမျိုးတစ်မျိုးလည်းဖြစ်သည်။ ထိုသို့တိုင်းပြည်နိုင်ငံများကို တည်ထောင်ရာတွင်လည်းအခြားသော လူမျိုးကိုလည်းကောင်း၊ အခြားတိုင်းပြည်နှင့် နယ်မြေများကိုသော်လည်းကောင်း လုယူချဲ့ယူခြင်း၊ သိမ်းပိုက်ခြင်းများကိုမပြုဘဲ မိမိလူမျိုးများ၏ကောင်းရာကောင်းကျိုးအတွက် တိုင်းပြည်နိုင်ငံများကို တည်ထောင်အုပ်စိုးခြင်းသာဖြစ်သည်။ ပအိုဝ်းဘုရင်မနုဟာမင်းလက်ထက်တွင် အနော်ရထာမင်း၏ တိုက်ခိုက်မှုကြောင့် သုဝဏ္ဍဘူမိမြို့တော်အပါအ၀င် ပိဋကတ်သုံးဘုံ၊ ဘုရင်မင်းမြတ်၊ မှူးမတ်များ၊ ပညာရှင်များ၊ ရိုးရာယဉ်ကျေးမှုများ စသည်တို့ကို ဆုံးရှုံးခဲ့ရသည်။ တစ်နည်းဆိုသော် ပအိုဝ်းတိုင်းရင်းသား၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အမျိုးသားရေး၏ အရေးအရာမှန်သမျှ ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ဘုရင်မင်းမြတ်အပါအ၀င် အုပ်ချုပ်ရေးစနစ်တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် ပအိုဝ်းတိုင်းရင်းသားသည် နှစ်ပေါင်း(၁၀၀၀)နီးပါး သူ့ကျွန်ဘ၀များဖြင့် နေထိုင်ခဲ့ရသည်။ အခြားသောတိုင်းရင်းသားများနှင့် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးတို့၏ နှိပ်စက်မှုဒဏ်ကြောင့် တောတောင်ဒေသများသို့ထွက်ပြေးခိုလှုံပြီး မျက်စိမှိတ် နားပိတ်ဘ၀ဖြင့် ဆင်းရဲပင်ပန်းမှုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့သို့ပအိုဝ်းတိုင်းရင်းသားသည် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးတို့၏ ဖိနိုပ်ချုပ်ချယ်မှုများကို ပြန်လည်ခုခံမှုမရှိဘဲ နှစ်ပေါင်း(၁၀၀၀)နီးပါး သည်းခံနေထိုင်ခဲ့ကြသည်။ ထိုသို့သည်းခံနေထိုင်ခဲ့သော်လည်း အုပ်ချုပ်သူများသည် ပအိုဝ်းလူမျိုးကို ဆက်လက်ဖိနိုပ် ချုပ်ချယ်ခဲ့သောကြောင့် ခါးသီးသော အုပ်ချုပ်မှုစနစ်များကို မခံနိုင်သဖြင့် မြန်မာသက္ကရာဇ်(၁၃၂၃)ခုနှစ်တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ပထမတော်လှန်ရေးကို မလွဲရှောင်သာ ဆင်နွဲခဲ့ရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရယူရန် နယ်ချဲ့စနစ်နှင့် ဖက်စစ်ဂျပန်များ တိုက်ထုတ်ချိန်ကာလတွင် ပအိုဝ်းလူမျိုးသည် တိုင်းပြည်နိုင်ငံအတွက် တစ်ဖက်တစ်လှမ်းမှ ပါဝင်ဆောင်ရွက်ခဲ့သော်လည်း လွတ်လပ်ရေးရပြီး သောအခါတွင် ပအိုဝ်းလူမျိုးသည် မည်သည့်အခွင့်အရေးမှမရရှိခဲ့ပါ။ ထို့ကြောင့်လွတ်လပ်ရေးနှင့်အတူပအိုဝ်းလူမျိုးသည် လက်နက်ကိုင်တော်လှန်ရေးကို ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ ပအိုဝ်းလူမျိုးသည် လက်နက်ကိုင် အင်အားပိုမိုတောင့်တင်းခဲ့သော်လည်း တိုင်းပြည်ကိုပုန်ကန်မှုမပြုဘဲ ပဒေသရာဇ်စနစ်ဖျက်သိမ်းပေးရန်နှင့် တိုင်းရင်းသားလူမျိုးများတန်းတူရည်တူရှိသော ဒီမိုကရေစီစနစ်ကို ကျင်းသုံးပေးရန်နှင့် ပအိုဝ်းဒေသပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ပေးရန် အစိုးရအားတောင်ကြီးမြို့တွင် လူအင်အားအများအပြားဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ပအိုဝ်းလူမျိုးသည် မိမိတို့၏လက်နက်များနှင့် ဒီမိုကရေစီကို လဲလှယ်ခဲ့ကြသည်။ ပအိုဝ်းလူမျိုး၏ ပထမတော်လှန်ရေးသည်လည်းပြီးဆုံးသွားခဲ့ပါသည်။

ထိုသို့ပအိုဝ်းလူမျိုး၏ ကြိုးစားအားထုတ်မှုကြောင့်နိုင်ငံတော်အစိုးရမှ လက်ခံသဖြင့် မြန်မာနိုင်ငံ၏ ပဒေသရာဇ်စနစ်လည်း ချုပ်ငြိမ်းခဲ့သည့်အပြင် ပအိုဝ်းဒေသပြန်လည်ထူရေးလုပ်ငန်းများကို အတော်အတင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။ ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်သဖြင့် မနာလိုသူများ၏ သွေးထိုးခဲ့မှုကြောင့် ပအိုဝ်းလူမျိုးများ၏ ခေါင်းဆောင်များအားလုံးနီးပါးကို နိုင်ငံတော်အစိုးရမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း ပျက်စီးသွားခဲ့ရသည်။ ဖမ်းဆီး သွားသော ပအိုဝ်းခေါင်းဆောင်များကို ပြန်လည်လွတ်ပေးရန် ကျန်ရှိနေသောပအိုဝ်းခေါင်းဆောင်အချို့က တောင်းဆိုခဲ့သော်လည်း နိုင်ငံတော်အစိုးရ လက်မခံခဲ့သဖြင့် ပအိုဝ်းလူမျိုး၏ ဒုတိယအကြိမ်တော်လှန်ရေးသည်လည်း မလွဲမရှောင်သာ ပြန်လည်ဆင်နွဲခဲ့ရသည်။

ပအိုဝ်းလူမျိုး၏ ဒုတိယအကြိမ်လှန်တော်ရေးသည်လည်း အခြားသောလူမျိုးများကိုလည်းကောင်း နိုင်ငံတော်အစိုးရ၏လုပ်ငန်းဆောင်တာများကိုလည်းကောင်း လိုက်လံနှောင့်ယှက်ဖျက်စီးခြင်းမျိုးကို ပြုလုပ်ခြင်းမရှိဘဲ မိမိအမျိုးသား၏အမျိုးသားအခွင့်အရးအတွက် လက်နက်စွဲကိုင်ခြင်းမျိုးသာဖြစ်သည်။ ပအိုဝ်းလူမျိုး၏ ဒုတိယအကြိမ်တော်လှန်ရေးသည် အကြောင်းအမျိုးမျိုးကြောင့် အတန်းစားနိုင်ငံရေးစနစ်ကို အခြေခံသော တော်လှန်ရေး(ရရလဖ) လက်ခံကျင့်သုံးခဲ့သော်လည်း အချိန်တိုအတွင်းမှာပင် အမြော်အမြင်ကြီးမားသော ပအိုဝ်းခေါင်းတို့သည် အမျိုးသားဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန် ပအိုဝ်းအမျိုးသားအရေးကို အခြေခံသော အင်အားစုတစ်ခုအဖြစ်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီကို(အမျိုးသားရေး)အခြေခံသော ပအိုဝ်းအင်အားစု(PNO)သည် ၁၉၉၁-ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့် ပအိုဝ်းဒေသကိုကာကွယ်နိုင်ရန် လက်နက်ကိုင်ဆောင်ခွင့်ရှိသော ငြိမ်းချမ်းရေးကို ရယူနိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရနှင့်လက်တွဲကာ အထူးဒေသ(၆)ကိုပအိုဝ်းဒေသအဖြစ်နိုင်ငံတော်မှ သတ်မှတ်ပေးခဲ့ပြီး ပအိုဝ်းဒေသဖွံ့ဖြိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ကျင်းပသော မြန်မာနိုင်ငံ၏၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲသည့်ညီလာခံကိုလည်း တက်ရောက်နိုင်ခဲ့ပြီး ထို၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံးအခြေခံဥပဒေမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုလည်း အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

၂၀၁၀-ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလာသဖြင့် ပအိုဝ်းလူမျိုးခေါင်းဆောင်အချို့သည် ပအိုဝ်းဒေသလုံခြုံရေးလုပ်ငန်းကိုဆောင်ရွက်ပြီး အချို့မှာ နိုင်ငံရေးပါတီ တစ်ခုကိုတည်ထောင်နိုင်ခဲ့ပြီး ဒေသတွင်းပြည်သူလူထု၏အားပေးထောက်ခံမှုကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်သော ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်သုံးခုကို အစိုးရငယ်တစ်ခုအဖြစ် ရပ်တည်နေပြီး ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်များနှင့် ပူးပေါင်းကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အဓိကလုပ်ဆောင်လာနိုင်ခဲ့သည်။ ပအိုဝ်းဒေသဖြစ်သော အထူးဒေသ(၆)အတွင်းရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်လျှက်ရှိသော မြို့နယ်များကိုလည်း  ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းကာ ဒေသဖွံ့ရေးလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိပါသည်။ ထို့အပြင် ပအိုဝ်းအမျိုးသား၏ ရသင့်ရထိုက်သော အမျိုးသားအခွင့်အရေးများကိုလည်း ပိုမိုရရှိလာအောင် ဥပဒေဘောင်အတွင်း ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။

ယခုအချိန်အခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးစားလုပ်ကိုင်နေသော အချိန်ကာ လဖြစ်ပါသည်။ ထိုသို့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်သည်။ ထိုပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံကျင်းပနိုင်ရန် အဓိကအင်အားစုမှာ အစိုးရ(လွတ်တော်၊ အစိုးရ၊ တပ်မတော်)၊ တိုင်းရင်းသားလက်နက်ကိုင်၊ အနိုင်ရနိုင်ငံရေးပါတီ တို့ဖြစ်သည်။

လက်ရှိအချိန်အခါတွင် ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)အင်အားစုမှ ပြန်လည်ခွဲထွက်လာသောပအိုဝ်းခေါင်းဆောင်အချို့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဖွဲ့စည်းနိုင်ခဲ့ပြီး ပအိုဝ်းအမျိုးသားရေးလုပ်ငန်းများကို NCA အတိုင်းလုပ်ဆောင်လာနိုင်စေရန် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသောအဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။

ထို့ကြောင်း လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ကြိုး ပမ်းနေချိန်တွင်  အစိုးရ(လွတ်တော်၊ တပ်မတော်၊ အစိုးရ)၊ တိုင်းရင်းသားလက်နက်ကိုင်၊ အနိုင်ရနိုင်ငံရေး ပါတီတို့သည်အဓိကအင်အားစုများဖြစ်သည်။ အစိုးရဖက်တွင်သော်လည်းကောင်း (ရွေးကောက်ခံကိုယ်စား လှယ်များရှိ)၊ တိုင်းရင်းသားလက်နက်ကိုင်ပုံစံတွင်သော်လည်းကောင်း(PNLO)၊ အနိုင်ရနိုင်ငံရေးပါတီတွင် သော် လည်းကောင်း(PNO) နေရာအသီးသီးတို့တွင် ပအိုဝ်းလူမျိုးခေါင်းဆောင်များ နေရာရယူထားပြီလည်း ဖြစ်ပါသည်။ အနာဂတ်တွင် တည်ဆောက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင်လည်း ပအိုဝ်း အမျိုးသားအတွက် အခြေအနေကောင်းများရှိနေသည်ကိုလည်း ယုံကြည်ရပါသည်။

အထက်တွင်ရေးသားတင်ပြထားသော ပအိုဝ်းလူမျိုး၏အမျိုးသားရေး၊ နိုင်ငံရေးသမိုင်းကြောင်း တစ်ခုလုံးသည် အခြားသောလူမျိုးများ၊ နိုင်ငံဒေသများကို နယ်ချဲခြင်း၊ သိမ်းပိုက်ခြင်း၊ ဖိနိပ်ချုပ်ချယ်ခြင်းမျိုးမဟုတ်ဘဲ မိမိလူမျိုး၏ကောင်းရာကောင်းကြောင်းများအတွက် တိုင်းပြည်နိုင်ငံထူထောင်ခြင်းနှင့် ရသင့်ရထိုက်သောအမျိုးသားအခွင့်အရေးများကို ကာကွယ်ရယူဆောင်ရွက်ခြင်းမျိုးကို ဂုဏ်ယူစွာတွေ့မြင်နိုင်ပါသည်။ အနာဂတ်မျိုးဆက်သစ်လူငယ်များသည်လည်း မိမိအကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံအကျိုးကို ဆောင်ရွက်ရာတွင် မိမိလူမျိုးအချင်းချင်းသော်လည်းကောင်း၊ အခြားသောလူမျိုးများကိုသော်လည်း ဖိနှိပ်ချုပ်ချယ်ခြင်း၊ မတရားရယူခြင်းများ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိလူမျိုးနှင့်ဒေသကို ချစ်မြတ်နိုးလျှင် အခြားလူမျိုးများနှင့် ဒေသများကို တန်ဖိုးထားရမည်ဖြစ်သော ပအိုဝ်းအမျိုးသားခေါင်းဆောင်အဆက်ဆက်တို့၏ လမ်းစဉ်အချို့ကို ရေးသားဖော်ပြလိုက်ရပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.