Thursday, June 28, 2018

လူငယ်များလိုက်နာရမည့် ကျင့်ဝတ်များ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်


လောကကြီးငြိမ်းချမ်းအောင်၊ နိုင်ငံကြီးသားပီသအောင်၊ အနာဂါတ်ခေါင်းဆောင်ကောင်းများဖြစ်အောင် အဓိကတရားခံများမှာ လူငယ်ပင်ဖြစ်သည်။ လူငယ်သည် လူကြီးတို့အတွက် နား၊ မျက်စိဖြစ်ရုံမက အားကိုးအားထားရမည့် လက်ရုံးရည် နှလုံးရည်ပြည့်ဝသောသူများလည်းဖြစ်ကြသည်။ အနာဂါတ်တိုင်းပြည် ခေါင်းဆောင်များ ဖြစ်ကြမည့် လူငယ်များသည် ကိုယ်အမူအရာ၊ နုတ်အမူအရာ၊ စိတ်နေစိတ်ထားများကို ပြင်ရမည်ဖြစ်သည်။ ဘွဲ့ရ၊ ပညာတတ်ရုံဖြင့် မပြီးဘဲ သဘာဝနည်း ဥပဒေသများကိုလည်း သိထားရမည်။ သိထားသည့်အတိုင်း လိုက်နာကျင့်သုံးရမည်။ ထိုသို့ကျင့်သုံးလိုက်နာမှသာလျှင် ကမ္ဘာလောကကြီးကို အလှဆင်ပေးသည့် လောကဥယျာဉ်မှူးကြီး ဖြစ်ပေသည်။

ရုပ်ပိုင်းဆိုင်ရာလူတိုင်း လိုက်နာကျင့်သုံးရမည့် သဘာဝနည်းဥပဒေသမှာ (၃)ပါးရှိသည်။ ၎င်း (၃)ပါးမှာ ၁။သူတစ်ပါးအသက်ကို မသတ်ရ/ မငြင်းဆဲရ။ ၂။ သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးယူရ/ မလိမ်ညာရ။ သူတစ်ပါးသားမယားကို မပြစ်မှားရ/မစော်ကားရ။ ဤဥပဒေသ(၃)ပါးကို လိုက်နာခြင်းဖြင့် မိမိဘဝအောင်မြင်တိုးတက်ရုံမက လောကကြီးကိုလည်း အလှဆင်ပေးပြီးသား ဖြစ်ပေလိမ့်မည်။

နုတ်ပိုင်းဆိုင်ရာ လိုက်နာရမည့် သဘာဝနည်းဥပဒေသများမှာ (၄)ပါးရှိသည်။ ၎င်း(၄)ပါးမှာ ၁။ မုသားစကား မပြောဆိုရ။ ၂။ အသင်းအဖွဲ့စည်းလုံးမှုပျက်ပြားအောင် ကုန်းမတိုက်ရ။ ၃။ ကြမ်းတမ်းသော စကားကို မပြောဆိုရ။ ၄။ ပိန်ဖျင့်သောစကားကို မပြောဆိုရ ဤဥပဒေသကို လိုက်နာကျင့်သုံးခြင်းဖြင့် စီးပွားရေး သမားများအတွက်သာမက လူနေမှုဘဝ ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးကြောင်း လူငယ်များ သိထားသင့်ပါသည်။

စိတ်ပိုင်းဆိုင်ရာ လိုက်နာရမည့် သဘာဝနည်းဥပဒေသများမှာ (၃)ပါးရှိပါသည်။ ၎င်း(၃)ပါးမှာ- ၁။ သူတစ်ပါးစည်းစိမ် ဥစ္စာရတနာများကို မတရားသဖြင့် ရယူလိုစိတ်မထားရ သူတစ်ပါးလို အောင်မြင်တိုးတက်လိုစိတ် ထားနိုင်အောင်ကျိုးစားရမည်ဖြစ်သည်။ ၂။ သူတစ်ပါးစည်းစိမ်ဥစ္စာ ရတနာများကို ဖျက်စီးလိုစိတ်မထားရ ၀မ်းမြောက်လိုစိတ်ထားရမည်။ ၃။ မှားသောအယူမထားရ အစွဲအလမ်းမကြီးရ မိမိကိုယ်တိုင် လက်ရှိတွေ့ကြုံ ခံစားနေရသည့် ဆင်းရဲချမ်းသာ အမှန်တရားကိုသာ အယူထားရမည်ဖြစ်သည်။

အထက်ပါ သဘာဝနည်းဥပဒေသများကို ကျင့်သုံးလိုက်နာသောသူများ၊ မိသားစုများနှင့် တိုင်းပြည်နိုင်ငံများသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာရုံမက လောကကြီးကိုလည်း အလှဆင်ပေးနိုင်သော လူစွမ်းကောင်းများ လူတော်များဖြစ်ပေမည်။

“သူတော်တော် မတော်တော်ကိုယ်ကကောင်း” ဒါမှသူတော်ကောင်းဆိုသည့်အတိုင်း သိဖို့တတ်ဖို့ အတွက် စာသင်ရသလို တော်ဖို့ထက်ဖို့အတွက် ဆရာကောင်းသမားကောင်းများကို ဆည်းပူးရမည် စာပေများကို ဖတ်ရမည် ဘာသာရေး တရားများကို လိုက်စားရမည်ဖြစ်ပါသည်။

လူငယ်များသည် စည်းလွတ်ဝါးလွတ် မနေထိုင်ကြဘဲ စည်းကမ်းရှိသောလူသည် ဥပဒေကို လိုက်နာစရာမလို စည်းကမ်းသည် ဥပဒေထက်တောင် သာလွန်နေပြီး စည်းကမ်းမရှိသောသူများအဖို့တော့ ဥပဒေသည် အလကားပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စည်းကမ်းမရှိသောသူသည် ဥပဒေကိုလည်းမလေးစားဥပဒေကို စော်ကားကျူးလွန်ခြင်းကြောင်း ဥပဒေကပေးသည့် ပြစ်ဒါဏ်ကို ခံယူနေရ၍ စည်းကမ်းမရှိသူအတွက် ဥပဒေဟာ အလကား ဖြစ်သွားရလေသည်။

လူငယ်များအတွက် အထက်ပါ သဘာဝတရားတော်များ (သို့မဟုတ်) သုစရိုက်တရား(၁၀)ပါးကို ကိုယ်၊ နုတ်၊ စိတ်ယဉ်ကျေးအောင် မိမိဘဝသစ်တစ်ဆင့် လှမ်းနိုင်အောင် ခေတ်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို လူငယ်စွမ်းအားဖြင့် တည်ဆောက်နိုင်အောင် လိုက်နာကျင့်သုံးကြပြီး အမျိုး၊ ဘာသာ၊ သာသနာကိုချစ်မြတ်နိုး တန်ဖိုးထားသော လူငယ်လူရွယ်များ ဖြစ်ကြပါကြောင်း ဆုတောင်းရင်း နိဂုံးချုပ်လိုက်ရပါသည်။

ကိုးကား-  သုစရိုက်တရား(၁၀)ပါး
ခွန်ပန်းစိန်   
Powered by Blogger.