Friday, June 8, 2018

ဖန်တီးနိုင်စွမ်း(Creativity)


တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၈)ရက်


လူတိုင်း၊ အဖွဲ့အစည်းတိုင်း ဖန်တီးနိုင်စွမ်း(Creativity)ရှိရန် လိုအပ်သည်။ ဖန်တီးနိုင်စွမ်းရှိသူ သို့မဟုတ် ဖန်တီးနိုင်စွမ်းရှိသည့်အဖွဲ့အစည်းသည် အမြဲတိုးတက်အောင်မြင်မည်၊ ရဲရင့်မည်၊ လွတ်လပ်မည်၊ ဦးဆောင်နိုင်မည်သာဖြစ်သည်။ ဖန်တီးနိုင်စွမ်းမရှိလျှင်ကား ဆန့်ကျင်ဘက်အားဖြင့် တိုးတက်အောင်မြင်မှုရရန်မလွယ်ကူပါ၊ အောင်မြင်မှု ရသော်ငြားလည်း ရေရှည်မတည်တံ့နိုင်ပါ၊ ကြောက်ရွံ့ရတတ်သည်၊ လွတ်လပ်မှုနည်းမည်၊ ဦးဆောင်နိုင်ရန် လွယ်ကူမည်မဟုတ်ပေ။

ဖန်တီးနိုင်စွမ်းသည် အဘယ်ကို ဆိုလိုအံ့နည်း။ ယင်းမူလမြစ်ဖျားခံသည်မှာ “ဖန်တီး(create)”ဆိုသည့် စကားဖြစ်သည်။ ပြန်ဆန်းစစ်ကြည့်ပါက “ဖန်တီး(create)”ဆိုသည်မှာ အသစ်ကို ဖြစ်ပွားစေခြင်းသာ ဖြစ်သည်။ အသစ်ကို ဖြစ်ပွားစေနိုင်သည့်သူသည် ဖန်တီးနိုင်စွမ်းရှိသူသာ  ဖြစ်တော့သည်။

လောက၏သဘောသည် အမြဲပြောင်းလဲကာ အသစ်အသစ်ဖြစ်နေသည်သာဖြစ်၏။လောကရာသီဥတု၏သဘောကို ဥပမာအနေဖြင့် ကြည့်လိုက်မည်ဆိုပါက ကျန်သော လောကသဘောကိုလည်း မြင်နိုင်မည်ဖြစ်သည်။ ရာသီဥတုသည် နွေ၊ မိုး၊ ဆောင်း အလီလီပြောင်းခြင်းဖြင့် အသစ်အသစ်ဖြစ်နေသည်။ နှစ်စဉ်နှစ်တိုင်းတွင်နွေ၊ မိုး၊ ဆောင်း အထပ်ထပ်လည်ပတ်သော်လည်း အရင်နှစ် မိုးနှင့် ယခုနှစ်မိုးရွာသည့်ပမာဏ၊ ရွာသည့်နေ့ရက် စသည်တို့ ထပ်တူမကျတော့ပါ။ ဒီနေ့ ရာသီဥတု သာယာသော်လည်း မနက်ဖြန် ရာသီဥတု သာယာလိမ့်မည်ဟု အမြဲပုံသေ မတွက်ချက်ကြပေ။

သို့ဖြစ်၍ လောကနှင့်လိုက်လျောညီထွေစွာ လူတို့သည်လည်း အသစ်အသစ်ကို ဖြစ်ပွားစေခြင်းတည်းဟူသော ဖန်တီးခြင်းတို့ဖြင့် လိုက်လံပြောင်းလဲကြရသည်။လူသားတို့၏ဖန်တီးနိုင်စွမ်းကြောင့် အိမ်မရှိ အဝတ်မပါ ကိုယ်ဗလာဖြင့် သွားလာကျက်စားခဲ့ကြသော ကမ္ဘာဦးလူသားတို့၏အခြေအနေမှ အဆောက်အဦး၊ အဝတ်တန်ဆာတို့ဖြင့် ပြည့်စုံလာသည့် လက်ရှိလူသားတို့၏ အခြေအနေသို့ ရောက်ရှိလာရသည်။ နောင်အနာဂတ်တွင်လည်း လိုအပ်ချက်အရ သို့မဟုတ် ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းအရ ဖန်တီးမှုတို့ကြောင့် လူသားတို့၏အခြေအနေ ပြောင်းလဲဦးမည်သာဖြစ်သည်။ ယခင်ရာစုနှစ်နှင့် လက်ရှိရာစုနှစ်တို့၏ အခြေအနေ ကွဲပြားသလို ယခင်ဆယ်စုနှစ်နှင့် လက်ရှိဆယ်စုနှစ်တို့၏ အခင်းအကျင်း မတူညီတော့ပါ။ အခြေအနေအခင်းအကျင်းတို့သည် အချိန်ကာလနှင့်နေရာအလျောက် ပြောင်းလဲသည့်အားလျော်စွာ လူတို့၏လိုအပ်ချက်သည်လည်း တသမတ်တည်း မရှိနိုင်ပါ။ ထိုလိုအပ်ချက်ကြောင့်ပင် လူတို့ အမြဲတမ်း ဖန်တီးရလေသည်။ လိုအပ်ချက်ကို ရယူရာ၌ပင်ဖန်တီးသော နည်းလမ်းတို့သည် အမျိုးမျိုး ပြောင်းလဲခဲ့ကြသည်။ ဥပမာအားဖြင့် ရှေးခေတ်လူတို့သည် ဆန်ရရှိရေးအတွက် ကိုယ်တိုင်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း သို့မဟုတ် ကုန်စည်တစ်မျိုးမျိုးနှင့် စပါးလဲလှယ်ခြင်းနည်းလမ်းတို့ဖြင့်သာ အသုံးပြုခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ငွေနှင့်ဝယ်ယူခြင်းနည်းလမ်းဖြင့် အလွယ်တကူ ရရှိလာကြသည်။

လောကနှင့်ဆန့်ကျင်ကာ အသစ်အသစ်ကို မဖန်တီးသောသူသည် လောက၏ချန်ရစ်ခြင်းကို ခံရမည်သာဖြစ်သည်။ လောက၏နိယာမ “ဖြစ်၊ တည်၊ ပျက်” သဘောအရ အသစ်အသစ်ကို မဖန်တီးသော သူ၊ အဖွဲ့အစည်းသည် အဘယ်မှာ အောင်မြင်မှုကို ရမည်နည်း။ အောင်မြင်မှုရရှိထားသော်ငြားလည်း ဆက်လက်၍ အသစ်အသစ်ကို မဖန်တီးသောသူ၊ အဖွဲ့အစည်းသည် အောင်မြင်မှုကို အဘယ်မျှ ထိန်းသိမ်းနိုင်အံ့နည်း။အောင်မြင်လိုသောသူသည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးသောအားဖြင့် အသစ်အသစ်ကို ဖန်တီးပေးကာ အောင်မြင်ကြရသည်။ အောင်မြင်မှုကို ထိန်းသိမ်းလိုသောသူသည်လည်း လိုအပ်ချက်အလျောက် အသစ်အသစ်ထပ်မံဖြည့်ဆည်းဖန်တီးပေးကာ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ကြလေသည်။

အသစ်အသစ်ကို မွေးဖွားပေးရဲသူ သို့မဟုတ် ဖန်တီးနိုင်စွမ်းရှိသူသည် ပြောင်းလဲလာမည့်အခင်းအကျင်းအတွက် ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်းဟူမူ သူသည် ပြောင်းလဲလာသည့်အခင်းအကျင်းနှင့် လိုက်လျောညီထွေစွာ အသစ်အသစ် ဖန်တီးခြင်းဖြင့် ပြောင်းလဲမှုနှင့်အတူ လိုက်ပါစီးမျောနေသည့်သူဖြစ်သောကြောင့် ဖြစ်သည်။ အပြောင်းအလဲ၏ခြိမ်းခြောက်မှုကင်းသောကြောင့် ထိုသူမှာ အမြဲ လွတ်လပ်နေမည်ဖြစ်သည်။ ဖောက်ထွက်စဉ်းစားဖန်တီးခြင်းမရှိဘဲ စဉ်းစားနေကျဘောင်အတွင်းသာ စဉ်းစားပြုလုပ်နေသူသည် အစဉ်ပြောင်းလဲနေသော လောက၌ ဦးဆောင်နိုင်သူ သို့မဟုတ် အစဉ်အမြဲ ဦးဆောင်နိုင်သူ မဖြစ်နိုင်ချေ။

ဤသို့ အောင်မြင်ရေးအတွက် အရေးကြီးနေသည့် ဖန်တီးနိုင်စွမ်းကို ဖွံ့ဖြိုးလာအောင် မည်သို့ပျိုးထောင်ရမည်မှာ အတွေးအခေါ်ကောင်းမွန်ရေးကို ပျိုးထောင်ရပေလိမ့်မည်။ အတွေးအခေါ်(input)ကောင်းလာသည်နှင့်အမျှ ဖန်တီးနိုင်စွမ်း(output)သည်လည်း ကောင်းလာမည်ဖြစ်သည်။ အတွေးအခေါ်ကောင်းမွန်လာရန်မှာအသိအမြင် ကြွယ်ဝလာရေးကို ပြုလုပ်ရမည်သာဖြစ်သည်။ အသိအမြင် ကြွယ်ဝလာစေရန် စူးစမ်းလေ့လာခြင်း၊ သင်ကြားခြင်း၊ စာအုပ်စာပေဖတှ်ုခြင်း၊ လက်တွေ့ပြုလုပ်ခြင်း၊ ဆွေးနွေးခြင်း၊ မေးမြန်းခြင်းတို့ကို ပြုလုပ်ရပေမည်။ အသိအမြင် ကြွယ်ဝသူနှင့် မကြွယ်ဝသူတို့၏ တွေးခေါ်မှုအရည်အသွေးတို့သည် ကွဲပြားခြားနားသွားမည်သာဖြစ်သည်။ နိုင်ငံရေးအသိအမြင် ကြွယ်ဝသော သူသည် နိုင်ငံရေးအတွေးအခေါ်အားကောင်းမည်သာဖြစ်ပြီး ထိုနိုင်ငံရေးနယ်ပယ်တွင်လည်း အောင်မြင်သော အသစ်ဖန်တီးခြင်းကို ပြုနိုင်လိမ့်မည်ဖြစ်သည်။ ထိုနည်းတူစွာ စီးပွားရေးနယ်ပယ်တစ်ရပ်ရပ်တွင် အသိအမြင်အားကောင်းသောသူသည်လည်း ထိုနယ်ပယ်အပေါ် သုံးသပ်တွေးခေါ်မှုအားကောင်းသဖြင့် အသစ်ဖန်တီးမှုအပိုင်းတွင်လည်း အားကောင်းလိမ့်မည်သာဖြစ်သည်။ အမှန်စင်စစ် တွေးခေါ်မှုအရည်အသွေး မြင့်လာလေလေ ဖန်တီးနိုင်စွမ်း တက်လာလေလေ ဖြစ်ပါသည်။

ခွန်လှစိုး
Powered by Blogger.