Friday, June 29, 2018

နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ MSME များ၏ စတုတ္ထအကြိမ် ဒေသတွင်း (ရှမ်း+ကယား) ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၉) ရက်






၂၀၁၈၊ ဇွန်(၂၉)ရက်နေ့ တောင်ကြီးမြို့၊ မြို့တော်ခန်းမနှင့် ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် MSME များ၏ စတုတ္တအကြိမ် ဒေသတွင်း (ရှမ်း+ကယား)ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲအခမ်းအနားသို့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖေါင်းရှို၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ အဖွင့်အမှာစကား ပြောကြားရာတွင် ယခု MSME များ၏ စတုတ္တအကြိမ် ဒေသတွင်း ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပရာမှာ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့၊ လုပ်ငန်းရဲ့အရည်အသွေးများ တိုးတက်လာစေဖို့၊ ဈေးကွက်တိုးချဲ့ဖို့၊ ရေရှည်ယှဉ်ပြိုင်နိုင်မှုစွမ်းအားတွေ မြှင့်မားလာစေဖို့ ဤ(၄)ချက်ဖြင့် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပထမတကြိမ်ကို မန္တလေးတွင် ကျင်းပပြုလုပ်ပြီး မန္တလေးနှင့်ကချင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသခဲ့ကြောင်း၊ ဒုတိယအကြိမ်ကို မကွေးတိုင်းတွင် ဆောင်ရွက်ပြီး မကွေးနှင့်ရခိုင်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသကြောင်း၊ တတိယအကြိမ်မှာ ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ပြသကြကြောင်း၊ ယခု စတုတ္ထအကြိမ်မှာမူ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နောက်များလည်း တခြားတိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိုင်းပြည်လုံးအတွက် နေပြည်တော်တွင် ပြသနိုင်ဖို့ စီစဉ်နေပါကြောင်း၊ သို့ဖြစ်သည့်အတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိဒေသထွက် ထုတ်ကုန်များကို လာရောက်ယှဉ်ပြိုင် ပြသနိုင်အောင် စီစဉ်ထားဖို့လိုအပ်ပြီး ရရှိလာသည့် အခွင့်အလှမ်းကို အမိအရ ဆုပ်ကိုင်ထားဖို့ လိုအပ်ကြောင်း စသည့် အဖွင့်အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် မိမိတို့ကယားပြည်နယ်သည် ကုန်းတွင်းပိတ် ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် လွိုင်ကော်မြို့နဲ့ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် Sister City ညီအမမြို့အဖြစ် MOU လက်မှက်ရေးထိုးပြီး နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ခဲ့ကြောင်း၊ International Trade Centre ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  မိမိပြည်နယ်ထဲသို့ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံလိုသူများ အနေဖြင့် လာရောက်ရင်းနှီးမြုပ်နှံလိုပါက ကယားပြည်နယ်အစိုးရအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစဉ်းကမ်း မူဝါဒနှင့်အညီ တာဝန်ခံ တာဝန်ယူမှုအပြည့်ဖြင့် ၀မ်းပမ်းတသာ လက်ကမ်းကြိုဆို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြားရာတွင် ရှမ်းပြည်နယ်တွင် လက်ဖက်၊ ကော်ဖီ၊ ထောပတ်၊ သရက် ထုတ်ကုန်များ ပြည်ပသို့ ရောင်းချတင်ပို့ အောင်မြင်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ရေခံမြေခံကောင်း သည့်နေရာဖြစ်သည့်အလျောက် စိုက်ပျိုးရေးလုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ  အကောင်းဆုံး ဖြစ်ကြောင်း၊ ယခုပြပွဲ ပြုလုပ်ရခြင်းမှာ ရှမ်းပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ကယားပြည်နယ် စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

ထို့နောက် အလှူရှင်များမှ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူပြီး ဂုဏ်ပြုလက်မှတ်များကိုလည်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့်တာဝန်ရှိပုဂ္ဂိုလ်များက ကျောက်တိုင်ကွင်းရှိ ပြခန်းများသို့သွားရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းအသီးသီးကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များမှ ပြခန်း(၁၂၇)ခန်း ပြသထားကြောင်းသိရပြီး ပြပွဲကို ဇွန်(၂၉)မှ ဇူလှိုင်(၁)ရက်နေ့ထိ ပြသသွားမည်ဖြစ်ပြီး ပြပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲုင်းယံ


Powered by Blogger.