Monday, July 2, 2018

"စာဖတ်ကြစို့ မျိုးဆက်သစ်လူငယ်အပေါင်းတို့"

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂)ရက်


လူဆိုတာ အာဟာရပြည့်ဝဖို့ အစားအသောက်ကို နေ့စဉ်စားသုံးနေရသလို အသိပညာပြည့်စုံဖို့အတွက်ေ န့စဉ်စာဖတ်ရပြန်တယ်။ အသိပညာပြည့်စုံဖို့ရာ ဘယ်လိုတိုင်းတာကြမလဲ။ တစ်နေ့တာအတွက် မနက်ထက် ညမှာဗဟုသုတပိုတိုးလာရမယ်။ ဒီကနေ့ဟာ မနေ့ကထက် ပညာပိုရှိရမယ်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်။ တို့တစ်တွေရဲ့ အနာဂတ်ဟာ ငါတို့လူငယ်တွေလက်ထဲမှာ ပြုပြင်စရာတွေ များစွာရှိနေပါတယ်။ အနစ်သာရပြည့်ဝတဲ့ သမိုင်းကြောင်းဖြစ်ဖို့အတွက် တို့လူငယ်တွေအပေါ်မှာ မူတည် နေတယ်။ ဒီသမိုင်းကြောင်းတွေကို ခဲတံနဲ့အလွယ်တစ်ကူမရေးကြပဲ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ ရေးမှတ်ကြဖို့လိုပါတယ်။

သမိုင်းကြောင်းတွေကို ခဲတံနဲ့အလွယ်တစ်ကူမရေးပဲ ဗဟုသုတတွေနဲ့ရေးမှတ်နိုင်ဖို့အတွက် စာဖတ်ရပါတယ်။ စာဖတ်တယ်ဆိုတာ "မိမိကိုယ်ကို စဉ်းစားတတ်အောင်သင်ပေးပြီး အမှားအမှန်ကို ခွဲခြားတတ်စေပါတယ်" စာအုပ်ထဲကပါတဲ့စာတွေကို အလွတ်ကျက်တာမဟုတ်ပါဘူး။ စာအုပ်ထဲမှာပါတဲ့အရာတွေကို စဉ်းစားတွေးခေါ်တတ်ဖို့၊ စဉ်းစားတွေးခေါ်တတ်ပြီးရင် မိမိကိုယ်တိုင် ဆုံးဖြတ်တတ်စေဖို့၊ လူမျိုးအချင်းချင်း နားလည်မှု ပေးနိုင်ဖို့၊ ကိုယ်ချင်းစာတရား တိုးပွားလာစေဖို့၊ ပြဿနာမျိုးစုံကို နည်းလမ်းမှန်ကန်စွာဖြင့် ဖြေရှင်းနိုင်စေဖို့ အတွက် စာဖတ်ရပါတယ်။ ခုချက်ချင်း သင်တို့ရဲ့နှလုံးသားတွင်းမှာ စာများများရင်းနှီးမြှုပ်နှံထားပါ၊ စာများများ ဖတ်ဖို့ မိမိကိုယ်ကိုလှုံ့ဆော်ပေးပါ။ တို့လူငယ်တွေ အကြောင်းမဲ့အချိန်ဖြုန်းနေချိန်မှာ ကမ္ဘာပေါ်ကတခြား လူငယ်တွေ စာဖတ်နေကြပြီ။ ကြာလေ ကွာလေ၊ ကြာလေ ကျန်ခဲ့လေ၊ ကြာလေ ခံရလေပါပဲ။ ကမ္ဘာပတ်ချင်နေတဲ့ မိမိတို့ရဲ့လောဘကို စာဖတ်ခြင်းနဲ့ပဲစကြပါစို့။ တို့လူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်တာ လျော့ပြီး အလဟဿဖုန်းကြည့်နေမဲ့အစား တန်ဖိုးရှိတဲ့အချိန်တိုင်းမှာ သင်တို့ရဲ့ဖုန်းကိုတန်ဖိုးရှိအောင် လုပ်ဆောင်လိုက်စမ်းပါ။ တစ်နေ့တစ်ကြိမ် "သင့်စမတ်ဖုန်းကို အားသွင်းနေသကဲ့သို့ သင့်ဦးနှောက်ကိုလည်း ဖုန်းဖြင့်အားသွင်းတတ်အောင် ကြိုးစားပါ"။ မျိုးဆက်သစ်တွေကိုကယ်တင်ဖို့ ငါတို့တိုက်ပွဲဝင်ရမယ်။ စီးပွားရေးတိုက်ပွဲ၊ ပညာရေးတိုက်ပွဲ၊ ဘာသာရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ ဒီတိုက်ပွဲတွေက လက်နက်နဲ့ တိုက်ယူရမဲ့ခေတ် မဟုတ်တော့ပါဘူး။ ပညာဥာဏ်ဖြင့်ကစားပြီး ညီညွတ်မှုနဲ့ယှဉ်ပြိုင်ရမယ်။ တိုက်ပွဲအားလုံးကို အနိုင်ယူဖို့၊ ညီညွတ်မှုရှိဖို့၊ ကိုယ်ကျင့် တရားဖြူစင်ဖို့၊ အသိဉာဏ်ပြည့်စုံဖို့အတွက် စာဖတ်ဖို့လိုအပ်ပါတယ်။ စာဖတ်တာဟာ လူတစ်ယောက်ရဲ့အတွေးအခေါ်ကို မြှင့်မားစေပါတယ်။ ရှင်မဟာရဌသာရမထေရ်မြတ်က "မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာတည်း"ဟု ဆုံးမစကားထားတော်မူခဲ့တယ်။ စာဖတ်တယ်ဆိုတာ လူတွေရဲ့စိတ်ကို  သန့်ရှင်းကြည်လင်အောင် ဆေးကြောပေးတာနဲ့အတူတူပါပဲ။ အချိန်အားတာနဲ့ အဖိုးတန်တဲ့စာကောင်းပေကောင်းများကို ရွေးဖတ်ပါ။ "အသိတရားပြည့်စုံတဲ့ သူဆင်းရဲတစ်ယောက်ဟာ အသိတရားမဲ့ သူဌေးတစ်ယောက်ထက် ပို၍ချမ်းသာတယ်ဆိုတာ" မှတ်ထားပါ။ ကိုယ့်အလုပ်အတွက်၊ ကိုယ့်ဘဝအတွက် အသုံးဝင်မဲ့အကြောင်းအရာများကို ဦးစားပေးရွေးဖတ်ပါ။ ညအိပ်ယာဝင်ခါနီးတိုင်း ဒီနေ့ငါ့မှာ ဘာအသိပညာတွေတိုးလာလဲ ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။ ဖြစ်နိုင်ရင် အသိဥာဏ်ကြွယ်ဝတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာစကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ်ကျော်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ သမိုင်းတွေကိုရွေးဖတ်ပါ။ ပေါ့ပေါ့ပါးပါး စာပေများကိုလည်း မဖတ်ရဘူးမဟုတ်-ဖတ်ပါ။ ဘာစာကိုမှ မဖတ်ပဲနဲ့တော့မနေပါနဲ့။ ပေါ့ပေါ့ပါးပါးစာပေများ ဖတ်ခြင်းဟာ လုံးဝစာမဖတ်တာနဲ့စာလျှင် အများကြီးပိုသာတယ်ဆိုတာမှတ်ထားပါ။ အကြောင်းအရာတစ်ခု ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတရားတစ်ခုခုတော့ ရလိုက်မှာအမှန်ပါပဲ။ အဲဒီစိတ်က ကိုယ့်ကိုမသိမသာ ပြောင်းလဲစေပါတယ်။ "စာအုပ်ဟာလူတိုင်းမှာ သွားလေရာအမြဲကပ်နေတယ်ဆိုတာ" လူတိုင်းသတိမထားမိ ကြပါဘူး။ ခေတ်ကာလအရ "စမတ်ဖုန်းဟာ စာအုပ်နဲ့မခြားတော့ပါ"။ အကျိုးရှိတဲ့ဖတ်စရာ၊ မှတ်သားစရာ Page,Website များစွာနဲ့ စာအုပ်ပေါင်းစုံကို တစ်နေရာတည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ရှာဖွေဖို့ရန်အခက်အခဲ ရှိသူများအတွက်လည်း PDF ဖိုင်များကို ကွန်ပျူတာဆိုင်တွေမှာ ရှာဖွေဝယ်ယူဖတ်ရှုနိုင်ပါပြီ။ ဖတ်ပြီးသမျှစာတွေ အကုန်မေ့ကုန်တယ်လို့  ကျွန်တော်တို့ထင်တတ်ကြတယ်။ တကယ်တော့သူဟာ ကျွန်တ်ာတို့အသိဥာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကိုတဖြည်းဖြည်းပြုပြင်ပြောင်းလဲစေခဲ့ပါတယ်။

စာဖတ်စကလေးတစ်ယောက်၊ လူကြီး၊ လူငယ် ဘယ်သူပဲဖြစ်နေပါစေ ဘာစာဖတ်သင့်ကြောင်း ပြောဆိုဖို့မလို "အစပိုင်းတော့ စာအုပ်တွေက လူကိုရွေးမယ်၊ နောက်ပိုင်းတော့ လူကစာအုပ်တွေကို ရွေးလာမယ်၊ စိုးရိမ်စရာမရှိပါ" ဘာစာမှမဖတ်ရင် ဘယ်လိုစာမှလည်း ဆက်ဖတ်ဖြစ်လာစရာအကြောင်း မရှိပါဘူး။ စာဖတ်တဲ့ နေရာမှာ စာအုပ်မရှိ၊ ဖုန်းမရှိပေမဲ့ လမ်းဘေးဝဲယာသော်လည်းကောင်း၊ မိမိအိမ်ပတ်ဝန်းကျင် သော်လည်းကောင်း ကပ်ထားတဲ့၊ ကြော်ငြာထားတဲ့ပိုစတာတွေကိုဖတ်ပြီး သင့်ရဲ့ဦးနှောက်ထဲမှာ တွေးစရာ တစ်ခုခု ဝင်လာမှာအမှန်ပါပဲ။ ဝင်လာတဲ့အတွေးကိုမရပ်ပါနဲ့ မိမိအတွက်အကျိုးရှိအောင် ဆက်လက်ပြီး သုံးသပ်ဆင်ခြင်ပါ။ ငြိမ်သက်နေတဲ့သင့်ဦးနှောက်ကို လှုပ်ရှားပေးလိုက်ပါ။ လူငယ်တွေဟာ စာတတ်ကြပေမယ့် စာမဖတ်ကြပါဘူး။ "စာတတ်ပါလျက်နဲ့ စာမဖတ်ရင် သင်ဟာ ပညာမဲ့သူနဲ့မခြားတော့ပါ"။ စာတတ်တယ် သင်တယ်ဆိုတာဟာ စာဖတ်ဖို့၊ ကိုယ့်ဘဝကိုတိုးတက်အောင် ဖန်တီးပေးနေသလို "စာဖတ်ခြင်းဟာ ကမ္ဘာကြီးကို ဆက်သွယ်နိုင်တဲ့ အလွယ်ကူဆုံးမျက်လုံးတစ်စုံ"ပါပဲ။ အမေရိကန်ဂျာနယ်လစ် မာဂရက်ဖူလာ၏ စကားဟု လူသိများတဲ့အဆိုအမိန့်ကတော့‘‘Today a reader, tomorrow a leader’’ ဆိုပါတယ်။ ထိုသို့ဆိုလျှင် မနက်ဖြန်ခေါင်းဆောင်လုပ်မဲ့လူများဟာ ယနေ့စာဖတ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဟာ ပြီးပြည့်စုံတဲအရာတစ်ခု မဟုတ်ရင်တောင်မှ အောင်မြင်ကြီးပွားလိုတဲ့သူအတွက်ကတော့ အထောက်အကူပြုမှာမလွဲပါဘူး။

ဒါ့ကြောင့် စာဖတ်တဲ့အခါမှာ‘‘ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်းမပြုပါလေနှင့်။ ယုံကြည်ရန်နှင့် သူများပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်းမပြုပါလေနှင့်။ စကားကြီး စကားကျယ်ပြောရန်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်းမပြုပါလေနှင့်။ နှိုင်းချိန်ရန်နှင့် တွေးတောရန်အတွက်သာ စာဖတ်ခြင်းပြုပါလေ’’ ဒီနည်းလမ်းအတိုင်း "စာဖတ်ကြစို့ မျိုးဆက်သစ်လူငယ်အပေါင်းတို့"အား တိုက်တွန်းရင်း..........အချိန်က တန်ဖိုးရှိလို့ စာဖတ်ခြင်းခြင့် လောကဓံကိုဖြတ်ကျော်နိုင်ကြပါစေ။

မျင်,မိုရ်;ခွန်
Powered by Blogger.