Tuesday, July 17, 2018

ရှမ်းပြည်နယ်တောင်ပိုင်းကိုအလည်လာလိုသူများအတွက် သိထားသင့်သည့် အထင်ကရနေရာများ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်





ရှမ်းပြည်နယ်တောင်ပိုင်းကိုအလည်အပတ်ခရီးထွက်လိုသူများအနေဖြင့် သိထားသင့်သည့်ခရီးသွားဒေသအကြောင်းများကိုမိမိသိရှိသည့်၊ သွားရောက်လည်ပတ်ဖူးသည့်အတိုင်းများများမဟုတ်သော်လည်း ခရီးသွားကြိုက်နှစ်သက်သည့် မိတ်ဆွေအပေါင်းအသင်းများကို အနည်းအကျဉ်းတင်ပြလိုပါသည်။ ခရီးသွားခြင်းကိုလူတိုင်းနှစ်သက်ကြသည်မှာအမှန်ပင်ဖြစ်သည်။ မိသားစုဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေများနှင့် မိမိတစ်ဦးတည်းဖြစ်ဖြစ်သွားကြပါသည်။ ခရီးသွားခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိမိမြို့နှင့် အခြားမြို့များဖွံ့ဖြိုးတိုးတက်ပြောင်းလဲနေမှုအခြေအနေများကို သိရှိနိုင်မည်ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းမှာရှိသည့် ခရီးသွားစရာအထင်ကရနေရာများကိုလည်ပတ်ဖို့ဆိုလျှင် ကြိုတင်စီစဉ်နိုင်အောင်ဤဆောင်းပါးကိုတင်ပြရခြင်းဖြစ်ပါသည်။

ရှမ်းပြည်နယ်၏ မြို့တော်သည်တောင်ကြီးမြို့ ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပါသည်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများအနေဖြင့် ပထမဦးစွာတောင်ကြီးမြို့ကိုလည်ပတ်မည်ဆိုပါကပထမဦးစွာ စူဠာမုနိဆုတောင်းပြည့်ဘုရားကိုအရင်ဦးဆုံးဖူးမျှော်နိုင်ပြီးနောက် တောင်ထိပ်ပေါ်တွင် စိမ်းစိုသည့် တောတောင်များ၏အလှအပများ၊ လေကောင်းလေသန့်များကို ရှူရှိုက်ကြည့်ရှု့ရင်း မြစိမ်းတောင်ဘုရား၊ ရွှေဘုန်းပွင့်စေတီတော်ဘုရားကိုလည်းဖူးမြော်နိုင်ပါသည်။

ထို့နောက်တောင်ကြီးမြို့၏အလှကိုတောင်ချွန်းပေါ်တက်ပြီးကြည့်ရှုနိုင်မည်ဖြစ်သည်။ ဆက်လက်ပြီး တောင်ကြီးမြို့တောင်ဖက်(၃၃)မိုင်ဝန်းကျင်အကွာတွင် တည်ရှိသည့် သမိုင်းဝင်ရှေးဟောင်းမွေတော်က္ကူဘုရားနှင့်တောင်ကြီးမြို့မှ ဟိုပုံးမြို့အရှေ့ဘက် သဘာဝထမ်းစန်းဂူကိုလည်း အရောက်ဖူးမြော်ရန် အသိပေးညွှန်ကြားလိုပါသည်။ တစ်ဖန် တန်ဆောင်မုန်းလတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည့် ရိုးရာတန်ဆောင်တိုင်မီးပုံးပျံလွတ်ပွဲတော်ကိုလည်းအလည်လာနိုင်ပါသည်။ ဆောင်းရာသီဖြစ်သည့်အတွက် မိတ်ဆွေများအနေဖြင့် ရှမ်းပြည်နယ်တောင်ကြီးမြို့၏ မြူနှင်းဖွေးဖွေးများနှင့် ချမ်းအေးအေးအရသာကိုခံစားရင်းမီးပုံပျံပွဲကိုကြည့်ရှုရသည်မှာ အလွန်ပင်ပျော်ရွှင်မိစေမှာအမှန်ပင်ဖြစ်လိမ့်မည်။

ထိုနောက်နှစ်စဉ်နှစ်တိုင်းရှမ်းပြည်တောင်ပိုင်းဒေသကို လေကြောင်းခရီးဖြင့်လည်ပတ်မည်ဆိုပါကမိတ်ဆွေတို့အနေဖြင့်ဟဲဟိုးမြို့ကိုအရင်ရောက်ရှိမည် ဖြစ်ပါသည်။ ဟဲဟိုးမြို့လေးမှသင်တည်းခိုမည့် မြို့ဆီကိုကားနှင့်ခရီးဆက်ရပါမည်။အကယ်၍ ရန်ကုန်သို့မဟုတ် မန္တလေးမှကားဖြင့်စတင်ထွက်ခွာမည်ဆိုလျှင် ထွက်ခွာချိန်အပေါ်မူတည်ပြီး ခရီးလမ်းတွင် ကြာချိန်ကွာခြားပါသည်။ ကားလမ်းခရီးဖြင့် ရှမ်းပြည်တောင်ပိုင်းကိုလာခဲ့ရန်ရန်ကုန် - တောင်ကြီး Express များ၏ ခရီးကြာချိန်သည်(၁၁)နာရီကျော်ကြာမည်ဖြစ်ပြီး မန္တလေးမှတောင်ကြီးအနေဖြင့်(၇)နာရ်ီကျော်နိုင်ပါသည်။ ကိုယ်ပိုင်ကားလေးဖြင့်လာမည်ဆိုပါက ရောက်ရာနေရာမှာသာယာလှပသည့်မြင်ကွင်းများ၊ စိမ်းစိုလှသည့် တောင်တန်းများကိုတဝကြီးကြည့်ရှုရပြီးပိုမိုအပန်းဖြေနိုင်ပါသည်။

ရန်ကုန်သို့မဟုတ် မန္တလေးမှ တောင်ကြီးကိုမနက်ပိုင်းထွက်သည့် ကားများဖြင့်ထွက်မည်ဆိုပါကမိတ်ဆွေတို့အချိန်ရခဲ့ရင် ရှမ်းပြည်တောင်ပိုင်း၏ လမ်းမကြီးတလျောက်မှ ညနေရှုခင်းများကိုမြင်ခွင့်ရပါမည်။ မိမိကိုယ်ပိုင်ကားဖြင့်လာကြမည့်မိတ်ဆွေများအတွက်မှာ တည်းခိုမည့်မြို့ပေါ်မူတည်ပြီးအိမ်မှစထွက်မည့်အချိန်ကိုဆုံးဖြတ်နိုင်ပါသည်။ ပထမဆုံးရောက်ရှိမည့် မြို့မှာကလောမြို့ဖြစ်ပါသည်။ ကလောမြို့ကနေတောင်ကြီးဒါမှမဟုတ် အင်းလေးကန် အစပ်ကညောင်ရွှေမြို့ဆီကိုသွားမည်ဆိုပါက ကားမောင်းချိန်မှာ တစ်နာရီခွဲကျော်ကြာပါသည်။

ညောင်ရွှေမြို့မရောက်ခင် ရွှေညောင်မြို့လေးကိုအရင်ရောက်ပါမည်။ ရွှေညောင်မြို့သည် ရှမ်းပြည်နယ် တောင်ပိုင်း၏ရထားလမ်းဆုံး မြို့လေးတစ်မြို့ဖြစ်ခဲ့ပြီး ကားနဲ့ခရီးသွားကြသောသူများအတွက်တော့ အဝေးပြေးလမ်းနံဘေးကသာမန်မြို့လေးတစ်မြို့ ဖြစ်သည်။ ရွှေညောင်မြို့လေးသည်ဟဲဟိုးနှင့်(၁၀)မိုင်ခန့် ဝေးပါသည်။ ရွှေညောင်မှတောင်ဖက်ကိုခွဲထွက်သွားသည့်လမ်းကလေးအတိုင်း(၇)မိုင်ခန့်ကားမောင်းလိုက်ရင်ဖြင့် ကမ္ဘာ့သမိုင်းဝင် အင်းလေးကန်တည်ရှိသည့်ညောင်ရွှေမြို့လေးဆီရောက်ပါမည်။

ညောင်ရွှေမြို့ကိုလာလည်မည်ဆိုရင်ဖြင့် သမိုင်းဝင်အင်းလေးကန်၊ ဖောင်တော်ဦးဘုရား၊ ရွှေအင်းတိမ်ဘုရား၊ ကြောင်ခုန်ကျောင်း၊ ယက်ကန်းယက်ရုံအပါအ၀င် အင်းလေးကန်အတွင်းရှိ အခြားလည်ပတ်စရာများလည်းရှိပါသည်။ အင်းလေးကန်တွင် စက်လှေစီးရင်း စင်ရော်ငှက်တို့ပျံသန်းနေသည်ကိုတွေ့မြင်ရသည်မှာလည်းစိတ်ကြည်နူးဖွယ်ကောင်းလှပါသည်။ အင်းလေးကန်တွင်သီတင်းကျွတ်လဆန်းပိုင်းနှစ်စဉ်နှစ်တိုင်းဘုရားပင့်ပူဇော်ပွဲကိုပြုလုပ်လျှက်ရှိပါသည်။

အခြားလည်ပတ်စရာနေရာများမှာ ရှမ်းပြည်နယ်ကလောမြို့ဖြစ်ပါသည်။ ကလောမြို့လေးကို(၁၉၁၄)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၄၃၀၀)ကျော်မြင့်သည့် တောင်ပေါ်မြို့လေးဖြစ်၍ ထင်ရှုးပင်များ၊ ၀က်သစ်ချပင်များ၊ ချယ်ရီပင်များရှိသည့်သဘာဝလှပတဲ့ရှု့ခင်းအလှလေးများကိုအေးစိမ့်စိမ့်နှင့် တဝကြီးခံစားနိုင်ပါသည်။

ကလောမြို့လေးတွင် လည်ပတ်စရာနေရာများမှာသိပ်များများမရှိလှပါ။ အင်းဝခေတ်ပညာရှင်များ တည်ထားသည်ဟု ကြားသိရသည့်ရှေးဟောင်းနှီးဘုရားနောက်ပြီး ရွှေဥမင် လှိုင်ဂူတော်၊ အကယ်၍တောတောင်အလှအပကို ကြည့်ရှုလိုပါက ကလောView Point ကိုသွားရောက်လည်ပတ်ကာ သွားရာလမ်းခုလတ်တွင် ကလောမြို့တစ်မြို့လုံးကို ဖြန့်ဝေအသုံးပြုလျှက်ရှိသော ရေအေးကန်နှင့် ထင်းရှူးတောများကိုလည်းမြင်တွေ့ရပါသည်။ ထို့နောက် သွားရာလမ်းတစ်လျှောက်တွင် ဒေသခံတောင်သူများမှ တောတောင်တခွင် စိုက်ပျိုးထားသောလိမ္မော်ခြံများ၊ လက်ဖက်ခြံခင်းများ၊ ဒေသထွက်သီးနှံများကို မြင်တွေ့ရသည်မှာ စိတ်ကြည်နူးဖွယ်ကောင်းလှပါသည်။ ကလောမြို့မဈေးနှင့် အခြားလည်ပတ်စရာနေရာများစွာကိုလည်းစုံစုံလင်လင်ရောက်ရှိမည် ဖြစ်ပါတယ်။

ထို့နောက် အောင်ပန်းဒေသသည်ရှမ်းပြည်တောင်ပိုင်းရဲ့ကူးသန်းရောင်းဝယ်ရေးအလွန်ကောင်းမွန်သောအချက်အချာကျသောမြို့အဖြစ် ရပ်တည်တည်ရှိပါနေသည်ကိုလည်းသိရှိရပါသည်။ ရှမ်းပြည်အစားအစာများဖြစ်ကြသောပဲပုပ်၊ ကောက်ညင်း၊ လိမ္မော်သီး၊ အာလူး၊ လက်ဘက်ခြောက်၊ လက်ဖက်စိုဒေသထွက်များကိုဈေးနှုန်းချိုသာစွာဝယ်ယူနိုင်သည့်မြို့လည်း ဖြစ်ပါသည်။

မြင်းမထိဂူထုံးကျောက်လှိုင်ဂူမှာကလောမြို့အရှေ့တောင်ဖက်မှာတည်ရှိပြီး(၇)မိုင်အကွာမှာတည်ရှိပါသည်။ကလောမှအောင်ပန်းကို အသွားတိုးဂိတ်အကျော်ညာဖက်မှလွိုင်ကော်သွားသည့်လမ်းပေါ်တွင် တည်ရှိပါသည်တစ်ဖက်ပိတ်လှိုင်ဂူမဟုတ်ပဲအ၀င်ဝနဲ့အထွက်ပေါက်တစ်ဖက်ဆီဖြစ်ပြီးလှိုင်ဂူအတွင်းလမ်းလျှောက်ချိန်နာရီဝက်ကျော်ကြာပါသည်။

အောင်ပန်းကနေပင်းတယသို့အသွား(၁၁)မိုင်အကွာတွင် ရွာငံနဲ့ဟန်မြင့်မိုရ်ဖက်ကိုသွားသည့် လမ်းခွဲလေးရှိပါသည်။ ပင်းတယဖက်ကိုမသွားပဲ ရွာငံလမ်းဖက်ကိုသွားမယ်ဆိုရင်ဖြင့် မိန်းမရဲတောင်၊ တောကျယ်ရေတံခွန်နှင့်ရေပြာအိုင်၊ အလယ်ချောင်ရေတံခွန်အစရှိသည့် နေရာများဆီရောက်ပါလိမ့်မည်။ ကျုံး - ရွာငံလမ်းရဲ့နံဘေး၌တည်ရှိသည့် မိန်းမရဲတောင်သည်ရှုခင်းများကြောင့် တောကျယ်ရေတံခွန်နဲ့ရေပြာအိုင်မှာသဘာဝအလှနှင့်ခရီးသွားများအတွက် ထူးဆန်းလှတဲ့နေရာလေးတစ်ခုဖြစ်၍ အလယ်ချောင်းရေတံခွန်မှာတော့ပျော်ပွဲစားထွက်ရန် နေရာကောင်းလေးတစ်ခုလည်းဖြစ်ပါသည်။

ပင်းတယဆိုသည့်စကားမှာရှမ်းဘာသာစကားအရ လွင်ပြင်ရယ်လို့ လည်းခေါ်ဆိုနိုင်ပါသည်။ ရှမ်းတောင်တန်းတွေရဲ့ ကြားထဲမှာတည်ရှိနေသည့် လွင်ပြင်ထဲမှာတည်ထားသည့် မြို့လေးဖြစ်ခြင်းကြောင့် ပင်းတယမြို့ဟုတွင်ခဲ့ပါသည်။ ပင်းတယမြို့သည်အောင်ပန်းမြို့၏ မြောက်ဖက် (၂၄)မိုင်အကွာတွင်တည်ရှိပါသည်။ မြို့အ၀င်မှာတော့ ပုန်းတလုပ်ရေကန်ရှိပါသည်။

ရေကန်အတိုင်းတပတ်ပတ်သွားပါက ပင်းတယရွှေဥမင်လှိုင်ဂူတော်ဘုရားအတက်လမ်းကိုရောက်ပါမည်။  နိုင်ငံခြားသွားခရီးသည်များ စိတ်ဝင်တစားလေ့လာသော ရိုးရာစက္ကူ၊ ထီးလုပ်ငန်း၊ မီးပုံးလုပ်ငန်းတွေကို ငှက်ပျောတောရွာမှာတွေ့မြင်နိုင်ပါသည်။ ပြည်တွင်းခရီးသွားများအတွက် ပင်းတယမြို့ကနေ(၃)မိုင်ကျော်ဆက်သွားရသည့် ကုံလုံကျောင်းတိုက်ကိုသွားလေ့ရှိကြပါသည်။ ကုံလုံကျောင်းတိုက်မှာကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်နှင့်ဆရာတော်ဘုရားကြီးရဲ့ ဖယောင်းရုပ်တုကိုဖူးမျှော်လေ့လာနိုင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းဆီကိုအလည်လာကြသည့်ခရီးသွားများအများဆုံးအသုံးပြုသည့် လေယာဉ်ကွင်းမှာဟဲဟိုးလေယာဉ်ကွင်းဖြစ်ပါသည်။ ဟဲဟိုးမြို့လေးသည် အောင်ပန်မြို့နှင့် (၁၅)မိုင် ဝေးကွာပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၏ဒေသထုံးစံ(၅)ရက် တဈေးနေ့ကိုအကယ်၍ဟဲဟိုးတွင်ကျရောက်ခဲ့ရင်ဖြင့် ဒေသဈေးနေ့နှင့်လာရောက် ရောင်းဝယ်ဖောက်ကားသည့် ဒေသခံတိုင်းရင်းသားများ၏ဓလေ့ကိုသင်မြင်တွေ့ လေ့လာနိုင်မည်မှာသေချာပါသည်။ ထို့နောက် ဟဲဟိုးမြို့၏ အင်းခေါင်းဆည်တွင် ရောင်းကြသောခရုဟင်းချက်၊ ပုဇွန်ကြော်၊ ဂဏန်းကြော်များမှုာအလွန်ကိုအရသာရှိသောကြောင့် မိတ်ဆွေများအနေဖြင့် အရောက်သွားအားပေးဖို့ တိုက်တွန်းလိုပါသည်။ ရှမ်းပြည်တောင်ပိုင်း၏(၅)ရက် တစ်ဈေးထဲတွင်ဟဲဟိုးဈေးနေ့ကြုံခဲ့လျှင်လည်းဝင်လည်လို့ရပါသည်။

ထို့ကြောင့် ရှမ်းပြည်နယ်ကို ဘုရားဖူးခရီးထွက်သည်ဖြစ်စေ၊ ပျော်ပွဲစားထွက်သည်ဖြစ်စေ ရှမ်းပြည်တောင်ပိုင်းမှာရှိသည့် ခရီးသွားစရာအထင်ကရနေရာအချို့များကို ဦးစားပေးလည်ပတ်မည်ဆိုပါက ခရီးသွားရာတွင် ကြိုတင်ပြင်ဆင်သင့်သည်များ စီစဉ်နိုင်အောင်ဒီပိုစ့်လေးကိုတင်လိုက်ခြင်းဖြစ်ပါသည်။ မိတ်ဆွေတို့ အနေဖြင့် ရှမ်းပြည်ကိုအလည်ပတ်လာရင်းရှမ်းပြည်၏ ရိုးရာအစားအသောက်များကိုအရသာမြည်းသွားဖို့ မမေ့ပါနှင့်၊ တောင်ပေါ်ဒေသတိုင်းရင်းသားများ၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ တောင်ပေါ်ဒေသ၏ အကွေ့အကောက်များလွန်းသောတောင်တန်းများကို ဖြတ်ကျော်ရင်း တောတောင်သဘာဝအလှတရားများကိုလည်းလေ့လာကြည့်ရှုကာစိတ်ချမ်းမြေ့ရမည်မှာမလွဲမသွေခံစားသွားရမည် ဖြစ်ပါသည်။

နင်းခမ်းဗွေ (မျင်းမိုရ်ခမ်း)
Powered by Blogger.