Sunday, July 22, 2018

ဆောင်းပြောင်း- လုံးပျဉ် - ကောင်မဲသင်း ကတ္တရာလမ်း( ၃/၀)မိုင် ဖွင့်ပွဲအခမ်းအနားနှင့် ဆိုလာလျှပ်စစ်မီးပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်









ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းလောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့်​ ​ဒေသခံ ပြည်​သူလူထု ပူး​ပေါင်းပြီး ဆောင်ရွက်သည့် ဆောင်းပြောင်း- လုံးပျဉ် - ကောင်မဲသင်း ကတ္တရာလမ်း(၃/၀)မိုင် ဖွင့်ပွဲအခမ်းအနားနှင့် ဆိုလာလျှပ်စစ်မီးပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလှိုင်(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက တက်ရောက်ချီးမြှင့်အားပေးခဲ့ပြီး အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းတို့က လမ်းဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယခုအစိုးရလက်ထက် ၂၀၁၅-၁၆၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် ပအိုဝ်းဒေသဖွံ့ဖြိုးရေုးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ဆောင်ရွက်လျက်ရှိပြီး လာမည့်(၂၀၁၈-၁၉) ဘဏ္ဍာရေးနှစ်တွင်လည်း ယခင်ဆောင်ရွက်ခဲ့သည့် ရန်ပုံငွေထက် မနည်းတဲ့ ရန်ပုံငွေဖြင့် ပအိုဝ်းဒေသရှိ လူ့စွမ်းအားအရင်းအမြစ်ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသသည် ဖွံ့ဖြိုးမှုအခြေခံကောင်းပြီး ပအိုဝ်းဒေသ အုပ်ချုပ်ရေးအဖွဲ့ စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ ပအိုဝ်းဒေသခံပြည်သူများလည်း မခိုမကပ် စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်တတ်ခြင်းကြောင့် ပအိုဝ်းဒေသသည် ထင်တာထက် မျော်မှန်းတာထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်မှု အလျှင်အမြန်တွေ့ရှိရသည့်အတွက် များစွာအားရ ကျေနပ်မိပါကြောင်း စသည့်အဖွင့်အမှာစကားများကို ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် မြို့နေပြည်သူလူထု (၃၀)ရာခိုင်နုန်းရှိပြီး ကျေးလက်နေပြည်သူလူထု (၇၀)ရာခိုင်နုန်းရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် ကျေးလက်နေ ပြည်သူလူထု (၇၆)ရာခိုင်နုန်းရှိပြီး မြို့ပေါ်နေ ပြည်သူလူထု (၂၄)ရာခိုင်နုန်းရှိပါကြောင်း၊ သို့ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ ၂၀၁၇-၂၁၀၈ ဘဏ္ဍာရေးနှစ် ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ ( ၁၄၄၂.၉၉၈ )သန်းဖြင့် ပအိုဝ်းဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့ပြီး၂၀၁၈- ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကျပ်သန်းပေါင်း(၁၀၁.၂၅၁၂)ဖြင့် ရေရရှိရေးလုပ်ငန်းစသည်များကို ဆောင်လျက်ရှိကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ကျပ်သန်းပေါင်း (၁၇၈၇.၅၄)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ လျာထားပြီးဖြစ်ပါကြောင်း စသည့်အမှာစကားများကိုလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသအနေဖြင့် ကုန်ကြမ်းထွက်ကုန်ပစ္စည်းများ ပေါများနေပေမယ့် ကုန်ချောအဖြစ် မထုတ်နိုင်သောကြောင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပအိုဝ်းဒေသအတွင်းရှိ ဒေသထွက် ကုန်ကြမ်းများ ကုန်ချောထုတ်လုပ်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပြီး ရင်းနှီးမြုပ်နှံမှုများ၊ နည်းပညာများရရှိရေး ဆောင်ရွက်ပေးရန်​ ​မေတ္တာရပ်​ခံပါ​ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း နိုင်ငံတော်ကိုပဲ အားကိုးလို့မရ၊ အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်မှသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း စသည့်အမှာစကားများကိုလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှာစကားများကို တာဝန်ရှိပုဂ္ဂိုလ်များမှ အသီးသီးအမှာစကားပြောကြားပြီးနောက် နှစ်တန်ကူးကျေးရွာ၊ ငါးရံကုန်းကျေး၇ွာစသည့် ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများအား ဆိုလာမီး ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.