Monday, July 30, 2018

လူမျိုးအတွက် စည်းလုံးကြစို့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်

Photo - Credit

ပအိုဝ်းလူမျိုးများသည် သထုံပြည်ပျက်စီးသော (၁၁)ရာစုမှ (၂၀)ရာစုအထိ နှစ်ပေါင်း တစ်ထောင်နီးပါး အတွင်း ပေါ်လိုက်ပျောက်လိုက်နှင့်ပင် မဟာလူမျိုးကြီးဝါဒ၏ရေယာဉ်ကြော၌ ပျောက်ကွယ်ပျက်စီးလုနီးပါး ဖြစ်ခဲ့ကြရသည်။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာခေတ်ကာလရောက်သောအခါ စွမ်းရည်ပြည့်ဝသော ပအိုဝ်းအာဇာနည်မျိုးချစ်ပုဂ္ဂိုလ်များ၏ အမျိုးသားရေးအမြင်၊ နိုင်ငံရေးအမြင် တစ်ဖြည်းဖြည်းကျယ်ပြန့်လာသည်နှင့်အမျှ ပအိုဝ်းလူမျိုးများကို စည်းရုံးဖွဲ့စည်းပြီး လူမျိုးအတွက် ရုန်းကန်လှုပ်ရှားလာသည့်အမျှ ပအိုဝ်းလူမျိုးများ၏ ကံကြမ္မာသည် တစ်ဖြည်းဖြည်းနှင့် အညွှန့်တလူလူတိုးတက်လာသည်ကို တွေ့ရှိကြမည်ဖြစ်သည်။

ဂျူးလူမျိုးများသည် နှစ်ပေါင်းနှစ်ထောင်ကျော် လူမျိုးပျောက်၊ ဘာသာပျောက်၊ နိုင်ငံပါပျောက်ကွယ်ကာ အခြားလူမျိုးများကို ကပ်ခိုနေထိုင်ရသည့်အလျှောက် အမြဲလိုလိုပင် အခြားလူမျိုးဘာသားခြားများ၏ ဖိနှိပ်မှုကို ခံနေရသော လူမျိုးတစ်မျိုးဖြစ်ခဲ့ဖူးပါသည်။

ဂျူးလူမျိုးတွေ၏ ဦးနှောက်ကောင်းမှု၊ အသိဉာဏ်ကြီးမားမှုကြောင့် ပထမကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြသောဂျူးလူမျိုးများ၏ ဉာဏ်ပညာထက်မြက်မှုကို အမေရိကန်လူမျိုးများက သိရှိကြသောအခါ ဂျူးလူမျိုးများကို အခွင့်အရေးပေး၍ ဉာဏ်ပညာထက်မြက်မှုကို  အသုံးချကာ လက်နက်ပစ္စည်းအမျိုးမျိုးကို တီထွင်ခဲ့ကြပြီးနောက်၊ ဒုတိယကမ္ဘာစစ်မတိုင်မီကာလ၊ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တို့ တဟုန်ထိုးတိုးတက်ပြောင်းလဲလာခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမေရိကန်အနေဖြင့် ဂျူးလူမျိုးများအတွက် အရင်းအနှီးများထုတ်ပေးကာ တိုင်းပြည်တစ်ခုကို ဂျူးလူမျိုးများ တည်ထောင်နိုင်ခဲ့သည်။ အတုယူသင့်သော သင်ခန်းစာဖြစ်ကြောင်း မိမိအနေဖြင့် နားလည်မိပါသည်။

တိုင်းပြည်တစ်ခု ထူထောင်ဖို့ရာတွင် လွယ်လွယ်ကူကူနှင့် မဖြစ်နိုင်သော်လည်း လူမျိုးစုတစ်စုတွင် ရှိသင့်သော မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်မှု၊ စည်းလုံးညီညွတ်မှု၊ အသိဉာဏ်ပညာများ တိုးတက်ထက်မြက် စေရန် ကြိုးစားအားထုတ်မှု၊ မိမိတို့ ရရှိပိုင်ဆိုင်ထားသော မြေနေရာဒေသများကို မရောင်းစားမိဖို့၊ စစ်ရေးအရည်အ သွေး၊ စစ်အင်အားတောင့်တင်းစေရေး၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ပြီး အလုပ်ကြိုးစားလိုစိတ်၊ တာဝန်ယူတာဝန်ခံမှုစသည့် အကြောင်းအရာများကို ကြိုတင်ပြင်ဆင်ထားနိုင်မှ တော်ကာကျမည်ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပအိုဝ်းလူမျိုးများ ငြိမ်းချမ်းရေးမယူခင်ကာလအထိ ဆယ်စုနှစ် လေးငါးခုအတွင်း ပအိုဝ်းနယ်မြေ၊ ပအိုဝ်းဒေသရပ်ရွာများတွင် ယမ်းငွေ့တစ်ဝေေ၀နှင့် တောင်ပေါ်ဒေသတွင် ပအိုဝ်းတို့၏ အိုးစည်ဗုံမောင်းသံပင် ပျောက်ကွယ်လုနီးပါးဖြင့် စစ်ဘေးစစ်ဒဏ်ကို ခံနေခဲ့ကြရသည်။ ယမ်းငွေ့တွေရဲ့ကြားမှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့ ပအိုဝ်းလူမျိုးများ၊ ပအိုဝ်းကျေးရွာများ မနည်းမနှောပင် ရှိခဲ့ပါသည်။

၁၉၉၁-ခုနှစ်၊ ဧပြီလတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်ဦးအောင်ခမ်းထီနှင့် အဖွဲ့များ ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် ပအိုဝ်းဒေသရပ်ရွာအတွင်း ယမ်းငွေ့တွေ တဖြည်းဖြည်းပြယ်ပျောက်လာကာ တစ်ဖြည်းဖြည်းနှင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်ကြောင့်ပင် ယနေ့အထိတိုင် တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်ပါသည်။

ခေါင်းဆောင်ကောင်းအဆက်ဆက်များ၏ ကျေးဇူးတရား၊ အမြော်အမြင်ကြီးမားမှုကြောင့် တိုးတက် ပြောင်းလဲလာသော ပအိုဝ်းဒေသသည် လိုအပ်ချက်များ ရှိနေသေးသော်လည်း မဝေးတော့သော အချိန်ကာ လအနာဂါတ်တွင် မိမိတို့မျှော်မှန်ထားသော ပန်းတိုင်ကို ရောက်ရှိမည်မှာမလွဲပါဟု စာရေးသူအနေဖြင့် ယုံကြည် မိပါသည်။

ခေါင်းဆောင်ကောင်းများ၏ မူဝါဒလမ်းစဉ်၊ မျိုးချစ်စိတ်ဓါတ်များကို တုနှိုင်းကာ ပအိုဝ်းအမျိုးသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံကောင်းများကို ပအိုဝ်းလူမျိုးတိုင်း နိုင်ရာအခန်းကဏ္ဍအနေဖြင့် လူမျိုးတစ်မျိုး၏ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူကာ ထိန်းသိမ်းစောင့်ရှောက်ကြပြီး၊ မျိုးချစ်စိတ်ဓါတ်ဖြင့် ပအိုဝ်းလူမျိုးများ၏ အကျိုးစီးပွား၊ ပအိုဝ်းလူမျိုးများ ရသင့်ရထိုက်သော အခွင့်အရေးများကို စည်းလုံးညီညွတ်စွာ ဖြင့် မိမိတို့လိုအပ်သောပန်းတိုင်ဆီသို့ အရောက်လှမ်းကြပါစို့ဟု ဆန္ဒပြုရင်း--

ခွန်ခမ်းထီ
Powered by Blogger.