Saturday, July 7, 2018

တက္ကသိုလ်အထူးပြုဘာသာရပ် (Major) မှန်ကန်စွာရွေးချယ်နိုင်စေရေး ဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၇) ရက်





၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ တက္ကသိုလ်အထူးပြုဘာသာရပ် (Major) မှန်ကန်စွာရွေးချယ်နိုင်စေရေးဟောပြောပွဲကို ဇူလိုင်လ (၇) ရက်၊ နံနက် (၁၀း၀၀) အချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကျင်းပရခြင်းသည် တက္ကသိုလ်ပညာရေးကို ပိုမိုအရေးထားလာနိုင်စေရန်၊ တက္ကသိုလ် ပညာရေးကို အခြေခံ၍ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်နိုင်စေရန်၊ တက္ကသိုလ်တက်ရန် အထူးပြုဘာသာရပ် (Major) ရွေးချယ်မှုနည်းလမ်းများကို ရှင်းရှင်းလင်းလင်းသိရှိလာနိုင်စေရန်နှင့် မှန်ကန်စွာ ရွေးချယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ် က အမှာစကားပြောကြားရာ " တက္ကသိုလ်ဝင်တန်းသည် ဘ၀တစ်ခုရဲ့အဆုံးအဖြတ်တစ်ခုမဟုတ်ပေမယ့် အခြေခံကျော်သွားရမည့် အဆင့်တစ်ခုဖြစ်သည်။ ယနေ့တိုးတက်နေတဲ့ခေတ်ကြီးထဲတွင် တက္ကသိုလ်ဝင်တန်းမအောင်မြင်ခဲ့ဘူးဆိုလျှင် ပတ်ဝန်းကျင်တွေနဲ့ထိတွေ့တဲ့အခါမှာ အားငယ်စိတ်တွေဖြစ်ပေါ်လာတတ်ပါသည်။ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှု၊ မိဘတွေရဲ့ထောက်ပံမှု၊ ပတ်ဝန်းကျင်တွေရဲ့လှုံ့ဆော်မှုတွေကြောင့် ယခုလိုအောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ပအိုဝ်းဒေသသည် အဘ ဦးအောင်ခမ်းထီ၏ ဦးဆောင်မှုကြောင်း ၁၉၉၁ မှာ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လှုမှုရေး စသည့်အရာများကို အဓိကထားပြီး ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများသည် ငြိမ်းချမ်းရေး၏အကျိုးကျေးဇူးကြောင့် တောင်ကြီးတက္ကသိုလ်တွင် ကျောင်းသူ/သား ဦးရေ တိုးမြင့်လာသည်ကို တွေ့မြင်နေရပါသည်။ လူငယ်များသည် တက်ကြွပြီး ခွန်အားရှိသလို ဆန်းသစ်တဲ့အရာကိုဖန်တီးနိုင်တာကြောင့် အနာဂါတ်ကိုဖန်တီးဖို့ လူတိုင်းမှာတာဝန်ရှိသည်။ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား/သူများအနေဖြင့် မည်သည့်အကြောင်းကိစ္စများဖြင့်ဖြစ်စေ၊ တက္ကသိုလ်ပညာရေးကို ဆုံးခန်းတိုင်အောင် တက်ရောက်သင့်သည်။ ကြိုးစားသင့်သည်။ လူငယ်များသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်နေသောကြောင့် မိမိ၏ ရည်မှန်းချက်/ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှသာလျှင် လှပသောဘ၀ကိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တောင်ကြီးတက္ကသိုလ် လက်ထောက်ကထိက (ပထ၀ီဝင်ဌာန) မှ ဒေါက်တာခွန်မောင်ချိုက တက္ကသိုလ်ပညာရေးအကြောင်းနှင့် ၀ိဇ္ဇာဘာသာရပ်များအကြောင်းကိုသော်လည်းကောင်း၊ ကထိက (ရူပဗေဒဌာန) ဒေါက်တာဦးအုန်းမောင် က သိပ္ပံဘာသာရပ်အကြောင်းအရာများကိုသော်လည်းကောင်း၊ တောင်ကြီးနည်းပညာတက္ကသိုလ် သရုပ်ပြ (Mech;) ဆရာဦးသုခစံ နှင့် ကထိက (Electronic and Communication) ဒေါ်သန်းသန်းဌေး တို့က နည်းပညာတက္ကသိုလ်အကြောင်းနှင့် ဘာသာရပ်များ အကြောင်းကိုသော်လည်းကောင်း၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ် ပါမောက္ခ၊ ဌာနမှူး ဒေါက်တာခင်နွယ်နီထွန်း နှင့် ပါမောက္ခ၊ ဌာနမှူး ဒေါက်တာနန်းကေသီလှိုင်း တို့က ကွန်ပျူတာတက္ကသိုလ်အကြောင်းနှင့် ဘာသာရပ်မျာအကြောင်းကိုသော်လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်မှ စစ်ဖက်ဆိုင်ရာတက္ကသိုလ်များနှင့် အခြားဝင်ခွင့်ခေါ်ယူမှုများ အကြောင်းအရာများကိုသော်လည်းကောင်း သက်ဆိုင်ရာအခန်းကဏ္ဍများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးခွန်းမေးမြန်းခြင်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားခြင်းများပြုလုပ်ခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်စောလွင်က ကျေးဇူးတင်စကားပြောကြားပြီး  ဦးဆောင်ဆွေးနွေးဟောပြောပေးသော တက္ကသိုလ်အသီးသီးရှိ ဆရာ/မ များနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ကြောင်းသိရှိရပါသည်။

ထိုဟောပြောပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြာခွန်တင်ထွဠ်၊ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးရှိ ဆရာ/မများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျောက်တလုံး၊ ရပ်စောက်၊ ညောင်ရွေ၊ ကလော ၊ လွိုင်လင်၊ ပင်လုံမြို့နယ်တို့မှ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ (၂၃၀) ခန့် တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.