Friday, July 20, 2018

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိဝန်ထမ်းများနှင့် မြို့နယ်အလိုက် တာဝန်ခံများ (၆)လပတ် မျက်နှာစုံညီ အစည်းအဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်




၂၀၁၈-ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံး(PNO)၊ ဗဟိုဌာနချုပ်ရုံးမှဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံများ(၆)လပတ် မျက်နှာစုံညီ အစည်းအဝေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားကို အမျိုးသားအလံတော်နှင့်သီချင်းအား သီဆိုအလေးပြုပြီးသည်နှင့် သဘာပတိကြီး ဖြားခွန်တင်ထွဋ်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ ယနေ့ (၆)လပတ်တစ်ခါ ဝန်ထမ်းစုံညီအစည်းအဝေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုလည်း ပြောကြားပေးခဲ့ပါသည်။ ထို့နောက် ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ သက်ဆိုင်ရာဌာနများဖြစ်ကြသော စီမံရေးရာဌာန၊ ဘဏ္ဍာရေးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ လေ့ကျင့်ပညာပေးရေးဌာန၊ လွှတ်တော်ရေးရာဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ပြန်ကြားရေးဌာန၊ စည်းရုံးရေးဌာန၊ ဥပဒေရေးရာဌာန၊ သုတေသနနှင့် နည်းဗျူဟာရေးဆွဲရေးဌာန၊ ဝက်ဆိုဒ်ဌာနရှိ ဌာနမှူးများနှင့်တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ နောင်တရားမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ ပင်လုံမြို့နယ်၊ လွိုင်လင်မြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းပန်မြို့နယ်၊ သထုံမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လွိုင်ကော်မြို့နယ်တို့မှ မြို့နယ်တာဝန်ခံများက (၆)လအတွင်း မိမိတို့အလုပ်လုပ်ကိုင် လှုပ်ရှားရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများကို တင်ပြကြပြီး အဆိုပါ တင်ပြချက်နှင့် ပတ်သက်၍ဆွေးနွေးတင်ပြပြီး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ အထွေထွေကဏ္ဍတွင် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစည်းအဝေးတွင် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တင်ပြလာသော မြို့နယ်ရုံးလိုအပ်ချက်များ၊ ဒေသအခြေအနေများ၊ လှုပ်ရှားမှုအခက်အခဲများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ဌာနမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံများ စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခမ်းဗွေ
Powered by Blogger.