Wednesday, August 1, 2018

ဇွဲ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်


လောက၌အောင်မြင်မှုကိုလိုလျှင် ကြိုးပမ်းမူကိုအရင်းတည်ရမည်မှာ လောကနိယာမတစ်ခုပင်ဖြစ် သည်။  ထိုက်တန်သောရင်းနှီးမှုမရှိဘဲ မည်သည့်အရာမဆိုလွယ်ကူစွာဖြင့် ရမည်မဟုတ်။ နေရိပ်ကိုလိုချင်လျှင် နေပူကစောင့်ရမည်။ မကြိုးစားပါဘဲ အောင်မြင်မှုမရရှိနိုင်ပေ။ မသွားပါဘဲလျက် ခရီးမရောက်နိုင်ပေ။ ထို့အတူဇွဲမရှိပါက မည်သည့်အရာတစ်ခုကိုမှ ဖြစ်ထွန်းလာမည်မဟုတ်ပေ။

လူ့ဘ၀သည်ရေကန်အသင့်၊ ကြာအသင့် ခရီးမျိုးဖြစ်ခဲကြုံခဲလှသည်။ ဆူးခင်းသော ကန္တာရခရီး ကြမ်းတို့သာဖြစ်သည်။ ထို့ကြောင့် လွယ်ကူသောအရာထက် ခက်ခဲသောအရာတို့က များနေလေသည်။ သို့ သော် သည်းခံအားတင်း၍ ၀ီိရိယစိုက်ထုတ်ရန်သာလိုလေသည်။ “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော ဇွဲသတ္တိရှိရန်လိုလေသည်။ ရေကြောင်းစစ်သည်တို့၏ ကြုံးဝါးချက်များပင်ဖြစ်စေကာမူ လူသားအားလုံး လက်ကိုင်ထားရမည့် ဆောင်ပုဒ်ဖြစ်လေသည်။ ရေကြောင်းတိုက်ပွဲများတွင် ရန်သူတို့နှင့် ရင်ဆိုင်တွေ့၍ တိုက်ခိုက်ကြသည့်အခါ လှေပေါ်တွင်ပါလာသော စစ်သည်တို့တစ်ယောက်မကျန် သေသွားကြသော်လည်း လှေခွက်ချည်းဆက်လက်၍ ဆန်တက်စေမည်။ အလံကိုမလှဲတဲ ဇွဲနပဲရှိရှိဖြင့် ရှေ့သို့သာချီနေမည်ဟူသော ကြွေးကြော်သံသည် အားမာန်သတ္တိကို တဖွားဖွားနိုးကြွထွက်ပေါ်လာစေသော ခြင်္သေ့ဟောက်သံဖြစ်သည်။

လူပျော့စိတ်ပျော့နှင့် ကပျက်ကချော်လုပ်တတ်သော သူအချို့မှာ အခက်အခဲကိုတွေ့သည်နှင့် စိတ် ဓါတ်ကျ၏။ နောက်ကြောင်းပြန်ချင်၏။ ဘ၀ကို လွယ်လွယ်နှင့်အရှုံးပေးချင်၏။ ဇွဲမရှိသူကိုအရှုံးက အနိုင်ကို ယူလေသည်။ အခက်အခဲများသည် မြှော့သွေးစမ်းသကဲ့သို့ လူတစ်ဦး၏ ဇွဲကိုမှတ်ကျောက်တင်စစ်ဆေးခြင်း ပင်ဖြစ်လေသည်။ အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရတတ်သော လူ့လောကတွင် အခက်အခဲအနှောင့်အယှက်မှန်သမျှကို ဇွဲရှိရှိနှင့်ဖြတ်ကျော်ရန် အဓိကအရေးကြီးလေသည်။ စိတ်ဓါတ် ကြံ့ခိုင်မှုမရှိသော  ၀ိရိယမွေးမြူရန် အပျင်းကြီးနေသူတို့အား နပိုလီယံကမဖြစ်နိုင်ဟူသော စကားမှာ လူ့ငနွားများ၏ လက်သုံးစကားဖြစ်သည်ဟု အပြင်းအထန် ရှုတ်ချခဲ့လေပြီး။

ဇွဲကောင်းသူကို အောင်မြင်မှုကဆီးကြိုနေသည်။ “ပျားကောင်ရှိရာပန်းပွင့်ကလာရပါသည်” ဟူ သကဲ့သို့ ဇွဲရှိသူထံသို့ အောင်မြင်မှုအမျိုးမျိုးက ခ၀ပ်လာရမြဲပင်တည်း။ အခက်အခဲဟူသော တောင်ကြီးသည် မည်မျှပင်ကြီးသည်ဖြစ်စေ လုံ့လတံခွန်လွင့်ထူသူ၏ ဖ၀ါးအောက်သို့ ဆိုက်ရောက်ရသည် သာတည်း။ အန္တာရာယ်လှိုင်းတံပိုးတို့ တလိပ်လိပ်တက်လာသည်ဖြစ်စေ၊ မကြောက်မရွံ့ နောက်မတွန့်သော လှေငယ်အောက်သို့ ၀ပ်တွားဝင်ရမြဲဖြစ်သည်။ လှိုင်းကြီးလည်း လှေအောက်ရောက်ရမည်။ တောင်ကြီးလည်း ဖ၀ါးအောက်ရောက်ရမည်။ အောင်မြင်မှု ပန်းတိုင်ကိုလည်း ဇွဲရှိသူက ဆွတ်ခူးရမည်။

ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မြဲ ဖြစ်သကဲ့သို့ ယောကျာ်းတို့ လုံ့လသေခါမှ သာလျှော့ရမည်။ သေရင်မြေကြီး ရှင်လျှင်ရွှေထီးဟူသော စိတ်ဓါတ်မျိုးဖြင့်သာ အရာရာကို အစွမ်းရှိသရွေ့ ကြိုးပမ်းရပေလိမ့်မည်။ အလောင်းတော်မြတ်ဇနကမင်းသားသည် သင်္ဘောပျက်၍ သွေး ပွတ်ပွတ်ဆူသော မဟာသမုဒ္ဒရာကို ကြောက်စိတ်အလျဉ်းမရှိဘဲ မဟာဇွဲလုံ့လဖြင့် လှိုင်းတံပိုးများ အကြားတွင် တစ်ပြောင်းပြန်ပြန် ကူးခတ်အားထုတ်ခဲ့သည်မှာ ဧကန်ပင်ဖြစ်သည်။ မိမိစွမ်းမကားကို နောက်ဆုံးအချိန်အထိ အသုံးချလိုသည်။ အလဟသ အသေမခံလို ကမ်းမမြင် လမ်းမမြင်သော ပင်လယ်ကို လက်ပစ်ကူးခြင်းသည် ကမ်းသို့ရောက်ရန် ပဓာနမဟုတ်။ အားမာန်လုံ့လကိုအစွမ်းရှိနေသရွေ့ အသုံးချလိုသော ဆန္ဒသာဖြစ်သည်။ ထို့ကြောင့်လည်းအလောင်းတော်ဇနကအား မဏိမေခလာနတ်သမီး ကထောမနာပြု၍ ကယ်တင်ခဲ့ရလေသည်သာတည်း။

ဇနကထုံးကို နှလုံးမူ၍ ကြုံလာရသောအခက်အခဲကို ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ရင်ဆိုင်အံတုရန် သတ္တိကိုမွေးမြူကြရပါမည်။ ကြိုးစား၍ ရှုံးရသည်မှာ ရှက်စရာမဟုတ်၊ ရှုံးမည်ကိုကြောက်၍ မကြိုး စားခြင်းကသာ ရှက်စရာပင်ဖြစ်သည်။ အနိုင်နှင့်အရှုံးမှာ ဒွန်တွဲလျက်သာ ဖြစ်လေသည်။ ထို့ကြောင့် မိမိက သာဇွဲမလျှော့ရန် အဓိကဖြစ်လေသည်။

မဆာလောင်ပါဘဲ စားသောက်သူသည် အရသာမရှိသကဲ့သို့ ဆင်းရဲခြင်း၏ ဒဏ်ကိုမခံစားဖူးဘဲ ချမ်းသာမှုကိုခံစားနေရလျှင် အရသာအပြည့်အ၀သိမည်မဟုတ်။ ထို့အတူ အားထုတ်ကြိုးပမ်းလုံ့လပြုရခြင်း မရှိဘဲ လွယ်ကူပေါများစွာ နေရသောအောင်မြင်ခြင်းသည် အနှစ်သာရမဲ့လှချေသည်။ အောင်မြင်မှုရပြီးမှ မိမိကျော်ဖြတ်ခဲ့ရသောခရီးကို ပြန်ပြောင်းလှည့်ကြည့်ပြီး မိမိအသုံးချခဲ့ရသောဇွဲ၊ သတ္တိ၊ လုံ့လ၊ ၀ီိရိယများကို ဆင်ခြင်ကြည့်ရသောပီတိကား မည်မျှအဖိုးတန်ပါသနည်း။

မည်သည့်အခါတွင်မျှ ဒူးမထောက် လက်မမြောက်တတ်ကြသောသူများသည် ကျားကိုခလုတ်၊ သစ်ငုတ်ကိုသင်ဖြူး၊ ဆူးကိုမွေ့ရာသဘောထားကာ မိမိတို့ရည်မှန်းချက် ပန်းတိုင်သို့ မဆိုင်းမတွရောက် အောင် ထူးချွန်စွာ ကြိုးစားလေ့ရှိကြသည်။ စစ်မရောက်ခင် မြားကုန်တတ်ကြသူများကမူ ဇွဲကိုရင်းနှီး ရကောင်းမှန်း မသိဘဲအလျှော့ပေးလိုက်ကြတော့သည်။ ရှုံးလိမ့်မည်ဟုကြောက်ရွံ့ စိုးရိမ်နေသူများသည် မုချရှုံးမည့်သူများသာ ဖြစ်လေသည်။

ရှေးမြန်မာတို့သည် ပုဂံသို့သွားရာတွင် ရှည်လားဝေလံ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောခရီးကို ခြေလျင်လျှောက်ခဲ့ကြသည်။ ဤခရီးကိုအားမလျှော့ဘဲ အရောက်သွားကြရာမှ “တစ်နေ့တစ်လံပုဂံ ဘယ်ရွေ့မလဲ˝ဟူသော ဆောင်ပုဒ်ထွက်ပေါ်လာသည်။ တစ်နေ့ အနည်းငယ်မျှပင် ကြိုးစားစေဦး တစ်ချိန်ချိန်တွင် ရည်မှန်းချက်အောင်မြင်မည်ဖြစ်သည်။

အမေရိကန်သမ္မတ အဗရာဟင်လင်ကွန်းသည် ဆင်းရဲသားကလေးငယ်ဘ၀တွင် မြေပေ၌် တုတ်ခြစ်၍ သချာင်္တွက်ရသည်။ ကျောက်ပြားပေါ်မီးသွေးနှင့် စာရေးသင်ရသည်။ ဤအခြေအနေမှ အမေရိကန်ပြည်၏ နိုင်ငံတော်သမ္မတကြီး ဖြစ်လာခဲ့လေသည်။ နေရိပ်အလာကို နေပူကစောင့်ရသည်။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဟူသောစိတ်ဓါတ်ဖြင့် ပင်ပန်းစွာကြိုးစားခဲ့ရသည်။ ၀ီိရိယရှိသူဖြစ်သောကြောင့် အောင်မြင်မှုက ကြိုဆိုခဲ့သည် မဟုတ်ပါသလော။ ၀ီိရိယအကျိုးသည် တိုးပွားမြဲဖြစ်သည်။

တစ်အိပ်တည်း အိပ်၍နေသော ကေသရာဇာခြင်္သေ့ခံတွင်းသို့ သားသမင်တို့သည် အလိုလိုဝင်မလာကြပေ။ ဇွဲ၊ လုံ့လ၊ ဥသာဟဖြင့် ကြိုးပမ်းမှုရှိမှသာ အရာရာပြည့်စုံပေလိမ့်မည်။ အားထုတ်မှုမပါဘဲ ပြီးမြောက်ခြင်း မရှိနိုင်သည်မှာ အထင်အရှားပင်ဖြစ်သည်။ ပညာရှာရာတွင်လည်းကောင်း၊ စီးပွားရှာရာတွင် လည်းကောင်း၊ ကုသိုလ်တရားရှာရာတွင်လည်းကောင်း၊ ဇွဲလုံ့လနှင့် ၀ီရိယယှဉ်ကာ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းသူတို့သာ မိမိတို့လိုလားရာ အကျိုးစီးပွားများကို ရရှိပေသည်။ တက်နိုင်လျှင် အဖျားသို့ ရောက်စေရာ၏။ မုန်တိုင်းထန်၍ လှိုင်းတို့ထန်နေပါစေ၊ လောကပင်လယ်ငယ်သို့ မိမိဘ၀လှေငယ်ကို ပဲ့မကိုင်ရွက်မလွင့်ဘဲ ရေစုန်မျှောပစ်ရန် မကြံသင့်ပေ။ မိမိသည်သာ မိမိဘ၀၏ အရှင်သခင်မာလိန်မှူး ဖြစ်စေရမည်။ မိမိဘဝတိုးတက်အောင်မြင်ရေးအတွက် ဇွဲရှိရှိ ပြုစုပျိုးထောင်ရခြင်းသည် မင်္ဂလာတရားပင်တည်း။

အမှန်အားဖြင့် မည်သည့်အရာကိုမဆို “နောက်မဆုတ်တမ်း၊ သည်ယနေ့တွင်ဖြင့် ဘီလူးတွေ့လက်ရသိမ်းလို့၊ အစိမ်းစိမ်းဖမ်းတော့မည်” ဆိုသကဲ့သို့ မဆုတ်မနစ်၊ အားသစ်ကြိုးကုတ်ဖို့လိုလေသည်။ “အကြိမ်တစ်ရာဆုံးရှုံးပြီးလျှင် တစ်ရာ့တစ်ကြိမ်မြောက် ကြိုးစားရန်အတွက် အသင့်ကြိုတင်ပြင်ဆင်ထားပါ” ဟူသောဆိုစကားရှိသည်။ တကယ်သာဇွဲရှိလျှင် အောင်မြင်ရပေမည်။ ဇွဲလောက်မည်သည့်အရာမျှ မစွမ်း၊ ဥာဏ်စွမ်းသည်လည်းဇွဲကိုမမှီ၊ ၀ီိရိယကြီးသော်လည်း ရေရှည်လုပ်နိုင်မှ အခက်အခဲကိုနိုင်၏။ ရေရှည်ဆိုသည်မှာ ဇွဲဖြစ်လေသည်။

ခွန်ကျော်ဦး
ကိုးကားချက်(ဦးစန်းငွေ(ခရေပင်စာအုပ်စာပေ))
Powered by Blogger.