Thursday, August 16, 2018

ကရင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်






ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားသဘာဝဘေး အန္တရာယ် ကူညီရေးအဖွဲ့မှ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် လှူဒါန်းပွဲပြုလုပ်ကြောင်းသိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ခံစားနေရသော ပြည်သူများ ကူညီဆောင်ရွက်ပေးဖို့၊ လူ့စွမ်းအား အရင်းအမြစ်ကို ကာကွယ်ပေးဖို့၊ သဘောဝဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ဖို့ ၊ အားလုံးအတွက် တော့ ကုသိုလ်ရဖို့ စသည့်ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်းဖြစ်သည်။

" ယခုလို ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် ပအိုဝ်းလူမျိုးများတွေ့ဆုံတဲ့အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်ပါကြောင်း၊ ဇူလိုင် (၂၁) ရက်နေ့တွင် သံလွင်မြစ်ရေ (၇၅၀cm) ထိတက်ရောက်ပြီး နှစ်ပေါင်း (၄၀)အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်း (၆) မြို့နယ်ရေကြီးပြီး သံတောင်ကြီးဒေသကုန်းပြင်ပင်လယ်ရေမျက်နှာပြင်မြင့်သောကြောင့် ရေနှစ်မြုပ်ခြင်းမရှိကြောင်း၊ ယခုလောလောဆယ် စာသင်ကျောင်း (၇၈)ကျောင်းပိတ်ထားရပြီ ဖြစ်ကြောင်း" ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့် ကပြောကြားခဲ့ပါသည်။

" ယခုလိုကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ခံစားနေရသော ပြည်သူများအတွက်အလွန်ပင်စိတ်မကောင်း ဖြစ်မိပါကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသားအဖွဲ့ပေါင်းစုံပူးပေါင်းပြီး လက်တွဲကူညီ ဆောင်ရွက်ရခြင်းကို အလွန်ပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  နောက်ပိုင်းတွင် ပအိုဝ်းအရေးမှန်သမျှအမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ စသည့်အရေးအရာများကို ပါတီမခွဲ၊ အဖွဲ့အစည်းမခွဲ၊ လူပုဂ္ဂိုလ်မခွဲခြားဘဲ အတူတကွပူးပေါင်းလက်တွဲသွားကြရန်လိုအပ်ကြောင်း" ပအိုဝ်းအမျိုးသားသဘာဝဘေးအန္တရာယ် ကူညီရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဖြားခွန်ကျော်ဇေယျက ပြောကြားခဲ့ပါသည်။

" ပအိုဝ်းအမျိုးသား သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်ကိစ္စရပ်များ ကူညီရေးအဖွဲ့ (သို့) ကော်မတီကို ကရင်ပြည်နယ်တွင် ပအိုဝ်းအမျိုးသားများအတွက် ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ယခုရှမ်းပြည်နယ်တောင်ပိုင်း အဖွဲ့ပေါင်းစုံမှ ဖွဲ့စည်းထားသော ပအိုဝ်းအမျိုးသားသဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့သည် ယာယီမဟုတ်ဘဲ အတည်ဖြစ်သွားရန်လိုအပ်ပြီး အကြံပြုသွားသည်ဖြစ်ကြောင်း " ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး ခွန်မင်းအောင်ကပြောကြားခဲ့ပါသည်။

ကရင်ပြည်နယ်အတွင်းရှိ ရေကြီးနှစ်မြုပ်သော ပအိုဝ်းတိုင်းရင်းသားကျေးရွာများသည် ဘားအံမြို့နယ်၊ ၀ဲကြီး အိမ်ခြေ (၉၀)၊ ရေကျော်ကြီး (၃၉၉)၊ မြိုင်ကလေးရွာကြီး (၁၈၀)၊ မြိုင်ကလေးရွာလေး (၁၁၀)၊ မြိုင်ကလေးကျောင်းထက် (၇၀)၊ မြိုင်ကလေးကျောင်းအောက် (၄၀)၊ မြိုင်ကလေးကျွန်းတောကုန်း (၅၀)၊ မြိုင်ကလေးရွာသစ်(၂၀)၊ သုံးအိမ်ကျွန်း (၅၀)၊ ထန်းတပင် (၅၀)၊ ၀ါးဆူး (၅၀)၊ ကော့ကျိုက်(၂၀၀)၊ ဖာလင်ကျောက်တန်း (၃၀)၊ တောင်သူကုန်း (၆၀)၊ နောင်ဘို (၆၀)၊ မင်းဇီ(၃၃၉)၊ ဆင်ကျုံး (၅၀)၊ ကတွန်းတာအရှေ့ (၄၀)၊ ကတွန်းတာအနောက် (၈၀)၊ ရွာပေါ် (၄၉)၊ ရွာသစ် (၂၁)၊ ကျွန်းကြီး (၄၅)၊ ကံခရဲ (၄၀၀)၊ ကျုံစောင့်ရွာကြီး (၆၉)၊ ကျုံစောင့်ကျောင်းရွာ (၃၀)၊ ပိန္နဲကုန်း (၄၀)၊ ကျုံကောက်(၅၀)၊ ခရဲရွာကြီး (၁၂၀)၊ မဲဘောင်(၁၂၀)၊ ကော့မူးသွေ (၃၀) ၊ လှိုင်းဘွဲ့မြို့နယ်တွင် ကျောက်တောင် (၂၅)၊ လ/ဘမြို့ပေါ် (၅၅)၊ ကော့နွဲကမ်းနား (၄၅)၊ ကော့နွဲရွာကြီး (၁၅၀)၊ လှကမန်း (၅၀)၊ ကော့ကရိတ်မြို့နယ်၊ ရေကျော်လေး (၁၅၀)၊ ထီဖိုးကလောင် (၃၀)၊ စုစုပေါင်း ဘားအံမြို့နယ်တွင် ရွာပေါင်း (၃၀)ရွာ၊ အိမ်ခြေ (၂၉၄၂) အိမ်၊ ဘုန်းကြီးကျောင်း (၁၂) ကျောင်း၊ စာသင်ကျောင်း (၂၁) ကျောင်း၊ လှိုင်းဘွဲ့မြို့နယ်တွင် ရွာ(၅)ရွာ၊ အိမ်ခြေပေါင်း (၃၂၅)၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ စာသင်ကျောင်း (၄) ကျောင်း၊ ကော့ကရိတ်မြို့နယ်တွင် ရွာ(၂)ရွာ၊ အိမ်ခြေ (၁၈၀)အိမ်၊ စာသင်ကျောင်း (၁) ကျောင်း၊ လယ်ဧက စုစုပေါင်း (၅၃၆၄၃)ရှိပြီး  (၄၂၄၈၀)ဧက ရေလွမ်းမိုး၍ (၇) ရက်အတွင်း (၄၉၀၈) နှစ်မြုပ် ၊ စုစုပေါင်း လယ်ဧက (၁၃၆၂၀) ပျက်စီးဆုံးရှုံး ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားသဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့မှ လှူဒါန်းသော အလှူငွေနှင့် ပစ္စည်းများသည် ငွေသား သိန်း (၂၅၀)၊ ဆန် (၁၈၈)အိတ်၊ ကြာဇံ (၁၀၂)အိတ်၊ အသားတု (၄)အိတ်၊ ဆပ်ပြာ (၁၅)အိတ်၊ ကြက်သွန်ဖြူ (၄၅)အိတ်၊ ငါးသေတ္တာ (၂)ဖာ၊ လက်ဘက်ခြောက် (၃)အိတ်၊ ဆား (၁၀)အိတ်၊ ကုလားပဲ (၁)အိတ်၊ ဆီပုံးကြီး (၄)ပုံး၊ ဆီပုံးငယ် (၁၀)ပုံး၊ ပဲစင်းငုံ (၁)အိတ်၊ ဖက်ဆေးလိပ် (၁) ဖာ၊ အင်္ကျီဖာသေး (၁၀)ဖာ၊ အင်္ကျီဖာကြီး (၁၄၀)အိတ်၊ မာမီးခေါက်ဆွဲ (၁၀)ဖာ၊ ဆီပုလင်းသေး (၂၈)ဖာ၊ ခဲတံ၊ ဘောပင်၊ သွားတိုက်တံ (၁)အိတ်၊ ဗလာစာအုပ် (၁)ဖာ၊ ဖိနပ် (၄)အိတ်၊ ငရုတ်သီး (၁)အိတ်၊ ထမင်းပန်ကန် (၁)အိတ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းကြောင်းသိရသည်။

လှူဒါန်းပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းအမျိုးသားသဘာဝဘေးအန္တရာယ် ကူညီရေးအဖွဲ့မှ သံဃာတော်များ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်အတွင်းရှိ အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ် အတွင်းရှိ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် (PNO) အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်းသိရသည်။


နန်းအိနြေ္ဒခမ်း၊ နန်းခမ်ဗွေ
Powered by Blogger.